Monday, September 09, 2013

အဓိကရုဏ်း ဖြစ်စဉ်များသည် နောက်ကွယ်မှ မမြင်ရသော လက်များကြောင့် ဖြစ်ပွားနေရကြောင်း NLD က ယုံကြည်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦဥာဏ်ဝင်း ပြောကြား

Posted by drmyochit Monday, September 09, 2013, under | No comments

ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရှိ မီးလောင်နေသော အဆောက်အအုံ တစ်ခုအား သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ်
လက်ရှိအစိုးရ သက်တမ်းကာလ အတွင်း ဖြစ်ပွားနေသော အဓိကရုဏ်း ဖြစ်စဉ်များသည် နောက်ကွယ်မှ မမြင်ရသော လက်များကြောင့် ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း NLD က ယုံကြည်သည်ဟု NLD ပြောရေး ဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ စက်တင်ဘာ ၆ ရက်က ပြုလုပ်သော အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး လက်ရှိ ပြည်တွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များနှင့် ပတ်သက်၍ NLD ဗဟိုအလုပ် အမှုဆောင်များအကြား ဆွေးနွေးမှုများ ရှိသလားဟူသော မီဒီယာများ၏ မေးမြန်းသည့်အပေါ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယင်းကဲ့သို့ ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ထည့်ပြီး ဆွေးနွေးတယ် ဆိုတာထက် အမြင် ပြောတာရှိတယ်။ ကျွန်တော်တို့ အမြင်ကတော့ အဲဒီ Communal Crisis တွေဟာ သဘာဝအတိုင်း ဖြစ်တာမဟုတ်ဘူး။ သဘာဝမကျသော တိုက်တွန်းမှု၊ မမြင်ရသော လက်တွေကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဘယ်သူလဲလို့တော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး။ သိရင်တော့ ပြောမှာပေါ့။ ဒီကိစ္စတွေက ဒီလိုပါဆိုတာ ဆွေးနွေးတယ်။ အားလုံးက သဘောတူတယ်။ ဒါသူ့သဘာဝအတိုင်း အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတာ မဟုတ်ဘူး။ ဖြစ်အောင် ဖန်တီးနေတာ ရှိတယ်။ အဲဒါကို ကျွန်တော်တို့ သဘောတူကြတယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

ကျွန်တော်တို့ အမြင်ကတော့ အဲဒီ Communal Crisis တွေဟာ သဘာဝအတိုင်း ဖြစ်တာမဟုတ်ဘူး။ သဘာဝမကျသော တိုက်တွန်းမှု၊ မမြင်ရသော လက်တွေကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဘယ်သူလဲလို့တော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး။ သိရင်တော့ ပြောမှာပေါ့။ ဒီကိစ္စတွေက ဒီလိုပါဆိုတာ ဆွေးနွေးတယ်။ အားလုံးက သဘောတူတယ်...



၂၀၁၂ ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသမီး ငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှ အစပြုကာ ၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းပိုင်းနှင့် အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များအတွင်း ၂၁၁ ဦး သေဆုံးကာ ၂၇၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထို့နောက် ၂၀၁၃ ခုနှစ် မတ် ၂၀ ရက်က မိတ္ထီလာမြို့တွင် သာမန်ဈေး အရောင်းအ၀ယ် ပြုလုပ်ရာမှ စကားများ ရန်ဖြစ်မှုအပေါ် လူစုလူဝေးနှင့် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်မှ စကာ နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်း၊ လယ်ဝေး၊ ပုဗ္ဗသီရိ စသည့် မြို့နယ်များ၊ မန္တလေးတိုင်း ဒေသကြီးနယ်မြေ ၀မ်းတွင်း၊ သာစည်၊ ရမည်းသင်း စသည့်မြို့နယ်များနှင့် ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်းရှိ မြို့နယ်အချို့သို့ ကူးစက်ပြန့်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များ ကြောင့်လည်း သံဃာတစ်ပါး အပါအ၀င် ၄၃ ဦး သေဆုံးခဲ့ကာ ၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး ယင်းဖြစ်စဉ်များ အားလုံး ဒေသခံ ပြည်သူများအပြင် အခြားဒေသခံများ မဟုတ်သည့်သူများ ပါဝင်ပတ်သက်မှုများ ရှိခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်ကွယ်မှ လှုံ့ဆော်မှုများ ရှိသည်ဟု ဒေသခံများ၊ နိုင်ငံရေး အသိုင်းအ၀ိုင်းအချို့မှ သုံးသပ်မှုများလည်း ရှိခဲ့သည်။

မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်ကြောင့် အိမ်ရာများ စွန့်ခွာထွက်ပြေး လာကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
ထို့ပြင် ၂၀၁၃ ခုနှစ် ဧပြီ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဆွမ်းခံကြွ ကိုရင်တစ်ပါးအား စက်ဘီးဖြင့် ၀င်တိုက်မိရာမှ အစပြုပြီး ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့သော ဖြစ်စဉ်၊ ၂၀၁၃ ခုနှစ် မေ ၂၈ ရက်က ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် တိုင်းရင်းသူတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှုကြောင့် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ ရှိခဲ့သော ပဋိပက္ခဖြစ်စဉ် များတွင်လည်း နောက်ကွယ်မှ မျက်နှာစိမ်းများ ပါဝင်ပတ်သက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို့ပြင် ယခုနောက်ဆုံးအကြိမ် ဖြစ်ပွားထားသော ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာ၌ အမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားရာမှ အစပြု ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်တွင်လည်း လှုံ့ဆော်ဖန်တီးသူများ ရှိသည်ဟု ဒေသခံများက သုံးသပ်ခဲ့ပြီး ယင်းကဲ့သို့ လှုံ့ဆော်မှု ရှိ၊ မရှိ ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

ပဋိပက္ခများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းထားပြီး ဗဟိုကော်မတီ လုပ်ငန်းတာဝန်များတွင် နောက်ကွယ်မှ ကြိုးကိုင်သူများရှိပါက ဖော်ထုတ်ရန် ပါဝင်ကြောင်းနှင့် လက်ရှိတွင် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဇွန် ၂၉ ရက်က ပြောကြားထားသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်