Tuesday, October 29, 2013

အချစ်ရဲ့  အလှ အချစ်ရဲ့  အရသာ

Posted by drmyochit Tuesday, October 29, 2013, under | No comments


သူ အိပ်ပျော်သွားပြီ။သို့မဟုတ်လည်းသူ အိပ်ပျော်လုဆဲဆဲ ဖြစ်နေပြီ။

ကျွန်မ ပန်းချီဆွဲချင်သည်။ကျွန်မအတွက်ကိုယ်ဟန်ပြပေးဖို့ ဘယ်တုန်းကမှ သဘောမတူခဲ့သော

ယောက်င်္ကျားသည် ယခုအခါ ပန်းချီဆွဲခံရန်အကောင်းဆုံးကိုယ်ဟန်အနေအထားဖြင့် အဆင်သင့်ရှိနေပြီ။ အနီးမှာလည်း ထောင်စင်မှာ ချိတ်ထားသောအဖြူရောင်းကင်းဘတ်စ်က အဆင်သင့်ရှိနေသည်။ ကျွန်မ လိုအပ်သမျှမှာ အိပ်ရာပေါ်မှထထွက်လာပြီး ကင်းဘတ်စ်ရှေ့မှာ ထိုင်လိုက်ရုံပဲဖြစ်သည်။သို့သော် ကျွန်မသည်စိတ်ထဲကသာ ရွေ့လျားလျက် တကယ့်ကိုယ်ခန္ဓာက သည်အတိုင်း လဲလျောင်းနေမိသည်။

ပန်းချီစုတ်တံကို ကိုင်ရမည့်ကျွန်မ၏ညာလက်သည် သူ့ပခုံးစွန်းပေါ်မှာ ပက်လက်တင်လျက်ရှိသည်။ လက်ချောင်းကလေးတွေ၏ အပြင်ပိုင်းသည်သူ့ပခုံးစွန်းကို ထိကပ်လျက်ရှိသည်။ သူ့ပခုံးစွန်းသည် အံ့သြစရာကောင်းလောက်အောင် ချောမွေ့နေ၏။ နောက်ပြီး ချွေးစို့ပြီး အေးစက်စွာနူးညံ့နေသည်။ထိုနူးညံ့အေးစက်သည့် အတွေ့ကလေးထံမှ ကျွန်မ မခွာချင်ပါ။ အနည်းဆုံး ကျွန်မ၏ လှုပ်ရှားမှုကြောင့်တော့မခွာချင်။ ခဏကြာလျှင် သူ ဟိုဘက်သို့ စောင်းပစ်တော့မည်။

အဲ့သည်အခါကျမှပဲ ကျွန်မလက်နှင့်သူ့ပခုံးစွန်း ဝေးကွာချင် ဝေးကွာပါစေတော့။

သူ့ညာဘက်လက်က သူ့ရင်ဘတ်ပေါ်မှာတင်နေသည်။ ခေါင်းက ခေါင်းအုံးပေါ်မှာ မရှိဘဲ မွေ့ရာနှင့် ခေါင်းအုံး၏ အစပ်မှာ ရှိသည်။ထို့ကြောင့်ခေါင်းငဲ့စောင်းလျက်ရှိသည်။ ထိုအခါ ကိုယ်ခန္ဓာသည် ပန်းပုရုပ် တစ်ခုလိုပင် ပြေပြစ်စွာလိမ်နွဲ့လျက်ရှိသည်။ အဲ့သည့် ကိုယ်ခန္ဓာသည် ပန်းချီဆရာတစ်ယောက်၏ ကင်းဘတ်စ်ရှေ့တွင်ငြိမ်သက်စွာတည်ရှိနေသည်ဆိုတော့ပန်းချီဆွဲရန်ဘယ်လောက်အဆင်ပြေလိုက်ပါသလဲ။ထိုအတွေးမျိုး ကျွန်မတွေးမိသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ ဒါကြောင့်လည်း အိပ်ရာမ၀င်မီကင်းဘတ်စ်ကို အဆင်သင့်ရွှေ့ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုထိအကောင်အထည်မဖော်နိုင်ခဲ့ပါ။

သည်နေ့ညလည်း အကောင်အထည်ဖော်နိုင်မည်မထင်ပါ။

လူတစ်ယောက် အိပ်ပျော်နေစဉ်သူ့ခွင့်ပြုချက်မရဘဲ ပန်းချီဆွဲခြင်းသည် ထိုသူ၏ အခွင့်အရေးကို ချိုးဖျက်ခြင်းပင်ဖြစ်သည်။သည်လိုပဲ ကျွန်မခံစားရသည်။ ထိုသူက ပန်းချီဆရာ၏ ခင်ပွန်းသည်ဖြစ်နေစေဦး

တော့၊ ဤအချက်နှင့် အကျုံးဝင်သည်ဟုကျွန်မထင်သည်။ ဘောင်ကြပ်ထားသော ကင်းဘတ်စ်အလွတ်ကို

အိပ်ရာဘေးမှာထားသည့် ပထမဆုံးညတုန်းကသူ ကျွန်မကို မယုံသင်္ကာဖြင့် မေး၏။

̒ အဲဒါကြီးက ဘာလုပ်ဖို့လဲ̓

ကျွန်မ မလိမ်မညာဘဲ အမှန်အတိုင်းဖြေခဲ့သည်။

̒ ရှင်အိပ်ပျော်သွားရင် ရှင့်ကိုပန်းချီဆွဲမလို့ ̓

̒ ဟာ . . . . ဒီမိန်းမ ̓

သူ တော်တော်ရှက်သွားခဲ့ပါသည်။

̒ ကျွန်မ ရှင့်ကို ပန်းချီဆွဲချင်နေတာကြာလှပြီ ̓

̒ မဆွဲရပါဘူး ̓

̒ ဆွဲမှာပဲ၊ ရှင့်ကို ကျွန်မပိုင်တယ်̓

̒ မင်း ငါ့ကို အဲ့ဒီနည်းမျိုးနဲ့မပိုင်ပါဘူး ̓

̒ ပိုင်တယ် လင်မယားဆိုတာတစ်ယောက်ကို တစ်ယောက် ဘာမဆိုပိုင်တယ် ̓

̒ မင်း ငါ့ကိုတခြားကိစ္စသာပိုင်ချင်ပိုင်မယ်၊ ပန်းချီဆွဲခွင့်တော့ မပိုင်ဘူး ̓

̒ အေးလေ . . . ပိုင် မပိုင်ကြည့်သေးတာပေါ့ ̓

အဲ့သည်နေ့က သူ့ခမျာ ချက်ချင်းအိပ်ပျော်တတ်သူဖြစ်ပါလျက်အိပ်မပျော်အောင် ဇွတ်အတင်း ထိန်းချုပ်ထား

ရသည်။ မှေးခနဲ အိပ်ပျော်သွားပြီးဘယ်လောက်မှမကြာမီ လန့်နိုးလာခဲ့၏။ သူ့ဘေးမှာ လဲလျောင်းနေဆဲဖြစ်သော ကျွန်မအား အိပ်ချင်မူးတူးမြင်သွားသောအခါစိတ်ကျေနပ်စွာ တစ်ချက်ပြုံးလိုက်ပြီး သူ့ခေါင်းကိုပြန်ပစ်ချကာ အိပ်ပျော်သွားသည်။သူသည်ပန်းချီဆွဲခံရန် တော်တော်မနှစ်မြို့သူပါကလားဟု အဲသည့်ညကမှကျွန်မ သိသွားခဲ့ရပါသည်။ကျွန်မယောင်္ကျားသည်ရုပ်ရည်ချောမောသူ မဟုတ်ပါ။ သူ့ရုပ်ရည်က အနည်းငယ်ကြမ်းတမ်းသည်ဟုပင်ပြောနိုင်ပါသည်။ မျက်လုံးကကျွန်မငယ်စဉ်က စိတ်ကူးယဉ်ခဲ့သည့် ချစ်သူတစ်ယောက်၏ မျက်လုံးတွေလိုမည်းနက်စူးရှခြင်းမရှိ။ညိုသည်ဆိုရုံလေး ညိုသည့် ကြည်လဲ့လဲ့မျက်လုံးများ ဖြစ်သည်။ မျက်တောင်ကလည်းခပ်ပါးပါး၊နှာခေါင်းက နှာတံမြင့်ပြီး နှာအိုးကြီးသည်။ ပါးစပ်က ကျယ်ကျယ်၊ ပန်းနုရောင်နှုတ်ခမ်းတွေဘာတွေစိတ်ကူးယဉ်ခဲ့ဖူးသော ကျွန်မသည် ဘာဖြစ်လို့ နှုတ်ခမ်းအရောင်နှင့် အသားအရောင် တစ်ညီတည်းဖြစ်နေသောသူ့ကို ချစ်မိခဲ့ပါလိမ့်။

သူကတော့ ကျွန်မကို မယုံသင်္ကာဖြင့် မေးတတ်သည်။

̒မင်းဟာ ငါ့ကို ချစ်လို့ယူခဲ့တာမှဟုတ်ရဲ့လား၊ ပန်းချီဆွဲခံမယ့် မော်ဒယ်လ်အဖြစ် အပိုင်ဝယ်လိုက်တာများလား ̓

နေရာတကာ သူ့အားပန်းချီဆွဲချင်နေသောကျွန်မကို သူ မယုံသင်္ကာဖြစ်မည်ဆိုလည်း ဖြစ်စရာပါပဲ။

ကျွန်မသည် သူ မီးဖိုမှာ ချက်ပြုတ်လုပ်ကိုင်နေသည်ကိုလည်းပန်းချီဆွဲဖို့ ကြိုးစားဖူး၏။ ဘယ်သူမှ မသိသောလျှို့ဝှက်ချက်တစ်ခုမှာ သူ ဟင်းချက်အလွန်ကောင်းသည်။သူမီးဖိုချောင် ၀င်နေသည့်အခါ ကျွန်မ ခပ်လှမ်းလှမ်းမှ မကြာခဏ စောင့်ကြည့်ဖူးသည်။ အဲ့ဒါတကယ့် ပန်းချီးကားတစ်ချပ်ပဲ ဖြစ်၏။ ကျွန်မအရပ်နှင့်

တိုင်းပြီး ချုပ်ထားသော ခါးစည်းအ၀တ်သည်သူနှင့် တော်တော်ကြီးကို တိုနေ၏။ ထိုခါးစည်းကို သူစည်းသည့်အခါ အနီကွက်အဆင်အသွေးသည်ထွားကျိုင်းသော ယောင်္ကျားကြီးနှင့် ကိုးရို့ကားယားကြီး ဖြစ်နေတော့သည်။ ပထမဆုံးအကြိမ်မြင့်ဖူးသည့်အခါ ခွက်ထိုးခွက်လန် ရယ်မိပါသည်။

သို့သော်ခဏအကြာတွင်သူမီးဖိုထဲမှာလှုပ်ရှားဆောင်ရွက်နေသည့်မြင်ကွင်းကို ကျွန်မငေးမောကြည့်နေ

မိတော့သည်။ကျွန်မ မီးဖိုချောင်ကနံရံကပ် ဗီရိုအမြင့်များသည် ကျွန်မအတွက် ခုံနှင့်တက်၍ ဖွင့်ကိုင်ရ ပစ္စည်းယူရပေမယ့်သူ့အတွက်တော့သူ့အရပ်နှင့် တိုင်းထားသလိုပဲ ကွက်တိဖြစ်နေသည်။ ဗီရိုတွေ ဖွင့်လိုက် ပိတ်လိုက်၊ လက်ဆေးကန်ဆီသွားလိုက်၊မီးဖိုဆီသွားလိုက်၊ အသီးအရွက်တွေကို လှီးချွတ်လိုက် ရေဆေးလိုက်နှင့်သူအလုပ်ရှုပ်နေပုံမှာတော်တော်ခမ်းနား၏။ သူချက်ပေးသော ပထမဆုံးဟင်းကို စားပြီးသည့်အခါ သူမီးဖိုချောင်ဝင်လျှင်ကျွန်မတို့နှစ်ယောက်အတွက် ပိုအဆင်ပြေမည်ဟု ကျွန်မတို့ ဆုံးဖြတ်လိုက်ကြတော့သည်။

ယခုလိုအချိန်မျိုးမှာ ကျွန်မအိပ်မပျော်တတ်သည်မှာကျွန်မ၏ အားနည်းချက်ပဲဖြစ်သည်။

ယခင်ကတော့ ညအိပ်မပျော်လျှင် ကျွန်မ ပန်းချီကားတွေဆွဲလို့ပြီးစီးတတ်သည်။ အိပ်မပျော်ခြင်းအတွက် ကျွန်မဘယ်တုန်းကမှ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။အခုတော့အနေအထားတွေအားလုံး လွဲကုန်ပြီ။ သူ့အား ပန်းချီဆွဲဖို့စိတ်ကူးသည့် အချိန်မှစပြီး ညတွေညတွေမှာ ပန်းချီမဆွဲနိုင်တော့တာပဲ ဖြစ်သည်။သူ့ကို ပန်းချီမဆွဲရမချင်းလည်း ကျွန်မနေလို့ထိုင်လို့ဖြောင့်မှာ မဟုတ်ဘူး ထင်သည်။ ကျွန်မသည် ငယ်စဉ်ကတည်းက လုပ်ချင်သည့်အလုပ်တစ်ခုခုကို မလုပ်ရလျှင်စိတ်သည် လွတ်လပ်မှုမရှိဘဲ တစ်ခုခုနှင့်ငြိနေသလို ခံစားရသည်။ ယခုလည်း ကျွန်မသည် သူ့ခန္ဓာကိုယ်နှင့်ငြိနေသည်ဟု ဆိုရပါမည်။

ကျွန်မသူ့ကိုလက်ထပ်ခဲ့သည်မှာအချစ်အတွက်လား၊ဘ၀အတွက်လား၊သူပြောသလိုပန်းချီဆွဲခံမည့်

ကိုယ်ဟန်ပြမော်ဒယ်တစ်ယောက်ကိုပိုင်ဆိုင်ချင်စိတ်အတွက်လား . . . ..ကျွန်မ မသိပါ။ကျွန်မ သူ့ကို ချစ်သည်။ သူသည် တရားသူကြီးတစ်ယောက်ဖြစ်သောကြောင့်ကျွန်မဘ၀အတွက် ငွေကြေးကအစ လုံခြုံမှု ရှိကောင်းရှိနိုင်တာလည်း မှန်သည်။ သူ၏ ကြမ်းတမ်းသောရုပ်ရည်နှင့်နူးညံ့သော မျက်လုံး၊ နူးညံ့သော အပြုံးတို့၏ တွဲဖက်မှုကို ကျွန်မ တအံ့တသြစိတ်ဝင်စားမိတာလည်းမှန်သည်။

ကြည့်စမ်းပါ။

စားပွဲတင်မီးအုပ်ဆောင်းမှ ဖြူပြာပြာမီးရောင်သည် သူ့ကိုယ်ခန္ဓာကိုယ်အပေါ်ပိုင်းကိုဖြာကျလျက်ရှိသည်။ပျော့အိသော ခေါင်းအုံးနှင့် စောင်းငဲ့နေသော သူ့မျက်နှာ၊ အချစ်ဖြင့်စိုလက်သော သူ့လည်တိုင်၊ သူ့ပခုံးစွန်း၊ညာဘက်လက် တင်ထားသော သူ့ရင်ညွှန့်ပိုင်း၊ သူ့ခါးဆီတွင်တစ်ပိုင်းတစ်စ ပြေလျော့စွာတင်နေသောဖြူဖွေးသည့်ချည်စောင်ပါးပါး၊ဤအရာအားလုံးသည် ပန်းချီဆရာတစ်ယောက်

ရှေ့တွင် ပြည့်စုံသောအနုပညာဖြစ်သည်။ထိုအနုပညာကို မြင်ရသည့်အချိန်တိုင်းမှာ ပန်းချီအဖြစ် ကင်းဘတ်စ်အပေါ် တင်ချင်စိတ်ဖြင့်စေ့စေ့စပ်စပ် ကြည့်မိသည်။ သူ တစ်ချိန်ချိန်မှာတော့ ပန်းချီဆွဲခံဖို့ ခွင့်ပြုလာပါလိမ့်မည်။အိမ်ရှေ့လမ်းမှာဆိုင်ကယ်တစ်စီး မောင်းသွားသံကြားရသည်။ထို့နောက် ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားပြန်၏။ကျွန်မသည် ဖွင့်ထားသော မျက်စိကို အသာမှိတ်လိုက်သည်။ ကျွန်မ အိပ်ပျော်ဖို့ ကြိုးစားတော့မည်။

ထိုအချိန်မှာအရောင်များကို စတင်မြင်လာခြင်းဖြစ်သည်။ အနီရောင်ရင့်ရင့်စိုစို၊ ထိုအရောင်ကို ပထမတော့သွေးဟု ထင်လိုက်သေး၏။ သို့သော် သွေးမဟုတ်ပါ။စိုစွတ်သည် မှန်၏။ စေးပျစ်သည် မှန်၏။ သို့သော်သွေးမဟုတ်ပါ။ သူ့လက်ထဲမှာ ရဲနေအောင်စွန်းထင်းနေသောအရာသည် သွေးမဟုတ်လျှင် ဘာပါလိမ့်။သူပြုံးနေသည်။ ရဲရဲနီစွာ စေးပျစ်သောအရာဖြင့် စွန်းထင်းနေသော လက်ညှိုးကို ကျွန်မဆီသို့ညွှန်လိုက်၏။ ထိုအရောင်သည် မွှေးပျံ့သော ရနံ့ရှိသည်။ ထိုလက်ညှိုးသည် ကျွန်မနှုတ်ခမ်းနှင့်လာထိ၏။ ကျွန်မပြုံးမိသည်။အဲ့ဒါ ခရမ်းချဉ်သီးဆော့စ်လည်း ပါသည်။

̒အစ်ဇာဘယ်လ်အာလန်ဒေးကပြောတယ် မိန်းမရဲ့၊ တကယ်ကောင်းတဲ့ ဆော့စ်ဟာ အမြင်

အားဖြင့်ဆွဲဆောင်မှုရှိရမယ်တဲ့၊ ကိုယ်ချစ်တဲ့ချစ်သူတစ်ယောက်ရဲ့ မျက်နှာလို ကိုယ့်မျက်လုံးတွေကို ညှို့ငင်နိုင်ရမယ်ပေါ့ကွာ၊ နောက်ပြီးအရသာကလဲ အနမ်းတစ်ခုလိုပဲ ချိုမြိန်ရမယ်တဲ့၊ နောက်ပြီး ဆော့စ်ရဲ့ စေးပျစ်တဲ့အရည်ဟာ နူးညံ့ချောမွေ့ရမယ်၊သူ့ရဲ့ အနံ့ကလဲ ပျံလွင့်ကူးစက်မသွားနိုင်အောင် ထူးခြားတဲ့ သီးသန့်အနံ့ရှိရမယ်တဲ့၊ ကိုယ့်ချစ်သူရဲ့အသားအရေပေါ်က အနံ့မျိုးပေါ့ ̓

သူ စိတ်လိုလက်ရ ပြောနေသည်။

̒ မီးဖိုထဲမှာ ချက်ပြုတ်လုပ်ကိုင်ဖို့ဝါသနာပါတဲ့ ယောင်္ကျားတစ်ယောက်ကို ယူရလိမ့်မယ်လို့ ကျွန်မဖြင့်

ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး̓

ကျွန်မ တအံ့တသြ ပြောမိသည်။

̒ အာရှတိုက်သားတွေကလွဲရင်ယောင်္ကျားတွေ တော်တော်များများ မီးဖိုချောင်နဲ့ ရင်းနှီးပါတယ်ကွ ̓

ဟုတ်တယ်၊ မီးဖိုချောင်နဲ့ကရင်းနှီးတဲ့ ယောက်င်္ကျားတွေဟာ ချစ်စရာလည်း သိပ်ကောင်းပါတယ်။ ထိုစကားကို

ကျွန်မစိတ်ထဲကသာ ပြောမိခြင်းဖြစ်ပါသည်။ဘာကြောင့်လဲဆိုတော့ ကျွန်မ အိပ်ပျော်သွားလို့ပဲ ဖြစ်သည်။

ထို့နောက် ကျွန်မသည် အစိမ်းရောင်များဆီသို့လွင့်မျောပါသွားသည်။ ကျယ်ပြန့်သော မြင်ခင်းပြင်ကြီးများ

ဖုံးလွှမ်းနေသည့် တောင်ကုန်းမြင့်များဖြစ်သည်။ထို့နောက် တောအုပ်စိမ်းစိမ်းများ၊ ထို့နောက် စိုက်ခင်း စိမ်းစိမ်းများ၊ ထိုမှတဆင့်ကျွန်မသည် လွင့်မျောသွားကာ တစ်နေရာတွင် အဆုံးသတ်သွား၏။ ထိုနေရာသည်

သူ့ရင်ခွင်ဖြစ်သည်။ သူ့ရင်ခွင်သည်ဘာဖြစ်လို့ အစိမ်းရောင်တွေ ဖြစ်နေရတာလဲ။ လတ်ဆတ်သော၊ စိုစွတ်

သော၊ နူးညံ့သော အစိမ်းရောင်။

̒ ရှင်က ဘာဖြစ်လို့ အစိမ်းရောင်ကြီးဖြစ်နေရတာလဲ ̓

ကျွန်မ မေးမိသည်။

̒ မင်းအတွက် အမြဲတမ်း အာဟာရဖြစ်စေဖို့ကိုယ့်ရင်ခွင်က အစိမ်းရောင်စိုက်ခင်း ဖြစ်နေရမှာ မဟုတ်လား ̓

̒ စိုက်ခင်းလား၊ ဒါဆို ကျွန်မခူးလို့ရတာပေါ့နော် ̓

ကျွန်မ မုန်ညင်းရွက်ကို ကြိုက်သည်။ကိုက်လန်ကို ကြိုက်သည်။ ပဲရွက်ကို ကြိုက်သည်။

နံနံပင်ကို ကြိုက်သည်။ အားလုံးအစိမ်းရောင်။ သို့သော် ကျွန်မ စတော်ဘယ်ရီသီးကိုလည်း

အလွန်ကြိုက်ပါသည်။

̒ ဒီလိုပဲ တစ်သက်လုံး စိမ်းနေမှာလားဟင်̓

ကျွန်မ မေးမိသည်။ သူကပြုံးသည်။

̒ စိမ်းလည်း စိမ်းတယ်၊ ၀ါလည်းဝါတယ်၊ နီလည်း နီတယ်၊ ဒါက မင်းကို ထားတဲ့အချစ်ကသာ

ပြုပြင်ပေးနိုင်တယ် ̓

ဟုတ်ပါရဲ့။ အရောင်ဆိုတာ တစ်ရောင်ကနေတစ်ရောင်သို့ ပြောင်းရတာ မလွယ်ကူပါ။ သူ့ရင်ခွင်ကတော့

ကျွန်မအတွက်ဆို စိမ်းရာမှဝါ၊ ၀ါရာမှ နီ၊ နီရာမှလည်း ဖြူနိုင်ပါသတဲ့။

̒ စမ်းကြည့်မယ် ̓

̒ စမ်းကြည့်ပေါ့ ̓

ကျွန်မ သူ့အား အသံမထွက်ဘဲစိတ်ထဲကသာ ပြောလိုက်၏။

̒ စတော်ဘယ်ရီတွေ ဖြစ်ပေးနိုင်မလား. . . . ကဲ ̓

ကျွန်မလက်နှင့် ထိမိသော သူ့ရင်ညွှန့်သည်နွေးထွေးကာ နူးညံ့သည့် စတော်ဘယ်ရီသီးလေးများ

ဖြစ်သွားသည်။ ကျွန်မသည် ကလေးတစ်ယောက်လိုပင်တအံ့တသြ ရယ်မောပျော်ရွှင်မိသည်။

̒ ကြည့်စမ်း . . . . သိပ်လှတာပဲ၊စားလို့ သိပ်ကောင်းမှာပဲနော် ̓

သူကပါ ရယ်မောသည်။

̒ အဲ့ဒါ အချစ်ပဲ ̓ တဲ့ .. .

̒ အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူကိုတစ်ခုခု စိတ်အရသာ ကိုယ်အရသာ၊ စိတ်ပြည့်စုံမှု ကိုယ်ပြည့်စုံမှု ပေးနိုင်မှ

အချစ်ဖြစ်တယ် ̓ ကျွန်မ၏ ပါးစပ်ထဲသို့သူက စတော်ဘယ်ရီတစ်လုံး ခွံ့ကျွေးသည်။ ဘုရားရေ . . . .။

ကျွန်မစားဖူးသမျှ စတော်ဘယ်ရီသီးများအနက်သူ့ရင်ခွင်မှ ထွက်သောအသီးက စားလို့အရသာ

အရှိဆုံးဖြစ်သည်။ ရနံ့ကလည်းထူးခြားစွာ မွှေးပျံ့နေသည်။ အရသာကလည်း အချဉ်နှင့် အချိုကို မျှတစွာ

ရောစပ်ထားသည့် အရသာ။ နူးညံ့လိုက်သည်ကလည်းကျွန်မ၏ နှုတ်ခမ်းဖျား လျှာဖျားမှာ ဘယ်တုန်းကမှ

မရရှိခဲ့ဖူးသော နူးညံ့စိုစွတ်မှုဖြစ်သည်။

̒ မင်း ကျေနပ်ရဲ့လား ̓

ကျွန်မ ခေါင်းညိတ်ပြလိုက်သည်။

̒ အဲ့ဒါကို မင်းက ပန်းချီဆွဲချင်စိတ်ပေါ်သလား ̓

ကျွန်မ စိတ်ရှုပ်ထွေးသွားသည်။

̒ ဘာကိုလဲ ̓

̒ စတော်ဘယ်ရီသီးကို မင်းစားလို့အရသာကို သိပ်ကျေနပ်နေတဲ့အချိန်မှာ မင်း စတော်ဘယ်ရီသီးကို

ပန်းချီဆွဲချင်စိတ် ပေါ်သလားလို့မေးတာ̓

̒ ဟင့်အင်း . . . . စားချင်နေတာပဲ̓

̒ အဲ့လိုပဲ ဖြစ်ရမှာပေါ့̓

သူ့အမူအရာကို ကြည့်ရသည်မှာပြဿနာ၏ အဖြေတစ်ခုခုကို ရသွားသလိုပဲ။ ဘာလဲတော့ ကျွန်မမသိပါ။

̒ ဒါပေမယ့် ပန်းချီဆရာတစ်ယောက်ကသူ့မျက်လုံးကို ဆွဲဆောင်သမျှ အရာအားလုံးကို ပန်းချီရေးချင်တာပဲ ̓

̒ အဲ့ဒါ ဘာကြောင့်လဲ ̓

̒ ဘာကြောင့်လဲဆိုတော့ သူ့စိတ်ထဲမှာသိမ်းဆည်းသားသလို ပန်းချီကားအဖြစ် လွှဲပြောင်းသိမ်းဆည်းထားချင်

လို့များလား၊ ဒါ . . . .တစ်နည်းအားဖြင့် ကိုးကွယ်မှုတစ်ခုလဲ ဖြစ်လိမ့်မယ်၊ အလှကို ကိုးးကွယ်တဲ့ သဘော၊

စိတ်အာရုံနဲ့ ကိုးကွယ်သလိုကိုယ့်ရဲ့ အနုပညာနဲ့လဲ ကိုးကွယ်တဲ့ သဘောထင်တယ် ̓

̒ ကိုယ်မင်းကို မေးမယ်၊ အဲ့ဒီလိုပန်းချီအဖြစ် ပြောင်းလဲခံစားလိုက်ပြီးရင် မင်းရင်ထဲမှာ ပေါ့သွားမှာပေါ့ ̓

̒ ပေါ့သွားတာပေါ့၊ ကိုယ်လုပ်ချင်ရာလုပ်လိုက်ပြီးပြီပဲ ̓

̒ ဒါဖြင့် မင်းရဲ့စိတ်အာရုံကဒီမူရင်းအရာပေါ်မှာ သိပ်တွယ်မငြိတော့ဘူးပေါ့ ̓

သူ ဘာပြောချင်ပါလိမ့်။ သူပြောချင်တာကိုကျွန်မသိနေသလိုပဲ။

̒ ရှင် ဘာကို ပြောချင်တာလဲ̓

̒ ကိုယ်က မင်းကိုယ့်ကို နည်းနည်းမှမလျှော့ဘဲ ချစ်နေစေချင်တာ ̓

̒ ကျွန်မ ရှင့်ကို တစ်သက်လုံးချစ်နေမှာပဲ ̓

̒ ဒါပေမယ့် . . . . ̓

သူ တစ်ခုခုကို စိတ်ပူပင်လျက်ရှိသည်။

̒ ဒါပေမယ့် ဘာဖြစ်လဲ ̓

̒ဒါပေမယ့် အချစ်ဆိုတာ သီးသန့်ထူးခြားမှုတစ်ခုပဲ၊သီးသန့်အရသာတစ်ခုပဲ၊ အဲ့ဒါကို တခြား ဘယ်အရာအဖြစ်မှ ပုံစံပြောင်းလို့မရဘူး ̓

̒ ဘယ်သူက ပုံစံပြောင်းဖို့ပြောနေလို့လဲ ̓

̒ မင်းပြောနေတယ်လေ၊ မင်းကိုယ့်ကို ပန်းချီဆွဲချင်တယ် ပန်းချီဆွဲချင်တယ်နဲ့ ခဏခဏပူဆာနေတယ်လေ၊ အဲ့ဒါမင်းက ကိုယ့်အချစ်ကိုပန်းချီကားအဖြစ်ပုံစံပြောင်းပစ်ချင်နေတာ မဟုတ်ဘူးလား ̓

̒ ဟောတော် . . . . . ဘယ်လိုအမြင်မျိုးပါလိမ့်̓

ကျွန်မစိတ်ပျက်လက်ပျက် ဖြစ်သွားသည်။သူက စိတ်ရှည်စွာ ပြုံးနေဆဲ။

̒ မင်းကိုယ့်ရဲ့ ကိုယ်ခန္ဓာကိုပန်းချီဆွဲချင်တာလား၊ ကိုယ့်ရဲ့ အချစ်ကို ပန်းချီဆွဲချင်တာလား̓

ကျွန်မ ဘယ်လိုဖြေရင် သူ့ဆီကဘာအမြင်တွေ ထွက်လာဦးမှာလဲ။

̒ ကျွန်မ မသိဘူး ̓

̒ အချစ်ကို ဆွဲချင်တာ ဖြစ်မှာပါ̓

̒ ရှင်က ဘယ်လိုလုပ်ပြီး အတိအကျပြောနိုင်တာလဲ̓

̒ ဟ . . . . ကိုယ်ခန္ဓာကိုယ်ပဲပန်းချီဆွဲချင်မှတော့ မင်းကိုယ့်ကို လက်ထပ်စရာတောင် အကြောင်းမရှိဘူးလေ

ဟုတ်များ ဟုတ်လေမလား မသိပါ။

̒ ဒီမယ် မိန်းမ. . .မြဲမြဲမှတ်ထား၊အချစ်ရဲ့ အရသာကို မင်းဘယ်တော့မှ ပန်းချီနဲ့ သရုပ်မဖော်နိုင်ဘူး ̓

ကြည့်စမ်း၊ ဒါ ကျွန်မ၏ အနုပညာကိုသူစော်ကားလိုက်တာပဲ။

ကျွန်မ မျက်လုံးအစုံကို ဗြုန်းခနဲဖွင့်ကြည့်လိုက်သည်။ ကျွန်မ၏ ဘေးတွင် သူအိပ်မောကျနေဆဲဖြစ်၏။ သူ့ဦးခေါင်းသည် ခေါင်းအုံးပေါ်ပြန်ရောက်နေပြီ။ သူ့ညာဘက်လက်က သူ့ရင်ဘတ်ပေါ်မှာ ရှိဆဲ။ သူ့ဘယ်ဘက်လက်က ကျွန်မ၏ ဦးခေါင်းနောက်ဘက်မှာ။ ကျွန်မ သူ့လက်ပေါ်မှာ ခေါင်းအုံးပြီး အိပ်ပျော်သွားမိပုံရသည်။ သူ့လက်တွေ ကျင်နေရောပေါ့။ ကျွန်မ အသာလေး ခေါင်းထောင်ထလိုက်သည်။ ကျွန်မ ခေါင်းအောက်မှာရှိနေသောသူ့ဘယ်လက်ကို နေသားတကျ ပြန်ထားပေးလိုက်သည်။ ခုတင်ပေါ်မှာ ကျွန်မဆင်းလိုက်သည့်အချိန်တွင် တိုင်ကပ်နာရီမှ နာရီထိုးသံ သုံးချက်ကြားလိုက်ရ၏။ အခုလိုအချိန်မျိုးမှာ လိမ္မော်ရည်တစ်ခွက်လောက် သောက်ရလျှင်ကောင်းမည်။ ကျွန်မ ခြေလှမ်းလှမ်းလိုက်သည့်အခါ ထောက်တိုင်၏ ခြေထောက်နှင့်ခလုတ်တိုက်မိ၏။ ထောက်တိုင်လည်း မလဲကျပါ။ ကျွန်မလည်းလဲကျမသွားပါ။ သို့သော် ကြမ်းပြင်ပေါ်မှာ ထောင်တိုင်ရွေ့လျားသွားသံကနည်းနည်းကျယ်လောင်သွား၏။

̒ မင်း ဘာလုပ်နေတာလဲ ̓

ကျွန်မ လှည့်ကြည့်လိုက်သောအခါသူသည် ခေါင်းအုံးပေါ်တွင် မေးတင်လျက် ၀မ်းလျားမှောက်ရင်း ကျွန်မကို ကြည့်နေသည်။ သူ့မျက်လုံးတွေက မယုံသင်္ကလာမျက်လုံးတွေ။ အိပ်ချင်မူးတူးဖြစ်နေသောမျက်လုံးတွေ။ အားစိုက်၍ ဖွင့်ကြည့်နေရသော မျက်လုံးတွေ. . . . ။ ကျွန်မ သူ့ကိုပြုံးပြလိုက်သည်။

̒ ဘာမှမလုပ်ဘူး။ ဒီထောက်တိုင်ကြီးကို ဒီနားမှာ ကိုးလို့ကန့်လန့်ဖြစ်နေတာမကြည့်ချင်လို့ နေရာရွှေ့မလို့ ̓

ပြောပြောဆိုဆို ကျွန်မကင်းဘက်စ်အလွတ်ကိုချိတ်ထားသော ထောက်တိုင်ကို မ၍ နေရာရွှေ့လိုက်သည်။ အခန်း၏ တစ်ဖက်နံရံနှင့် ကပ်နိုင်သမျှ ကပ်ထားလိုက်ခြင်းဖြစ်သည်။

̒ ကျေနပ်ပြီလား ̓

ကျွန်မမေးတော့ သူပြုံးသည်။

̒ ကောင်းတယ် ̓

̒ ကျွန်မ လိမ္မော်ရည်သွားယူမလို့၊ရှင်သောက်ဦးမလား ̓

̒ ကောင်းသားပဲ ̓

သို့သော် သူ့မျက်နှာကို ခေါင်းအုံးနှင့်ပြန်အပ်လိုက်ပြန်သည်။ ကျွန်မသိပါသည်။ ကျွန်မပြန်ဝင်လာသည့်အခါ သူအိပ်ပျော်နေပြီဖြစ်လိမ့်မည်။


Typing Credit & Special Thanks go to Aye Myint Mo

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်