ကျွန်တော်က ဆေးကျောင်းသားဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ လူသေအလောင်းတွေ၊ ရေခဲတိုက်တွေ၊ နောက်ပြီး အခြောက် အလှန့် မကင်းတဲ့ ဆေးရုံတွေနဲ့ နေ့တိုင်းလိုလို ထိတွေ့ ဆက်ဆံနေ ရတာ...။ အဲဒီတော့ကာ ကလေးသရဲ၊ လူကြီး သရဲ၊ ပေါက်စနသရဲ၊ ဟိုသရဲ၊ ဒီသရဲ စသဖြင့် သရဲ ဗြုတ်စဗျင်းတောင်းတွေနဲ့ မလွဲမသွေ ကြုံတွေ့နေရတာပေါ့..။ အခုပြောမှာကတော့ ဖိုင်နယ်လ် ပတ်ဝမ်းတုန်းက ကွင်းဆင်းတဲ့အချိန် ကြုံခဲ့ရတာလေးပါ..။ အဲဒီတုန်းက အဲဒီ ကွင်းဆင်းလေ့လာရေးကို ကျောင်းကစီစဉ်ပေးတာလေ..။ ကျွန်တော်တို့ကို ပုသိမ်ကို ပို့စ်တင် ပေးတယ်..။ အဲဒီတော့ ကျွန်တော်တို့လဲ ခရီးစဉ်ဆွဲရတာပေါ့..။ အပျော်ခရီးလို့တော့ မထင်နဲ့..။ ဆေးရုံတွေကို သွားရတာဗျ..။ အဲဒီတော့ ထိပ်ဆုံး ပုသိမ်ဆေးရုံကြီးမှာ တစ်ပတ်၊ ချောင်းသာမြို့နယ် ဆေးရုံမှာ တစ်ပတ်၊ နောက်ဆုံး ငွေဆောင်ကျေးလက်ဆေးပေးခန်းမှာ တစ်ပတ် အချိန်ကုန်ဆုံးဖို့ စီစဉ်လိုက်ကြတယ်..။ ၂၀၀၄-၀၅ ခုနစ်ဝန်းကျင်တုန်းက ငွေဆောင်ဆိုတာ အခုလို ပေါ်ပြူလာ မဖြစ်သေးဘူးဗျ။ ဘန်ဂလိုတွေ ဟော်တယ်တွေဆိုတာ ဆောက်လို့ကောင်းတုန်း..။ ဧည့်သည်ဆိုတာလဲ ရှာမှရှားပဲ.. အဲဒီကြားထဲမှာ သူငယ်ချင်းတစ်ယောက်ရဲ့ ကျေးဇူးနဲ့ ကျွန်တော်တို့ ဆောက်လက်စ ဟိုတယ်တစ်ခုမှာ စတည်းချခွင့်ရလိုက်တယ်..။ ဆောက်လက်စတွေဆိုတော့ သိတဲ့အတိုင်းဗျာ.. လမ်းတွေက ပိန္နဲသီး အခွံခွာ ချခင်းထားသလိုပဲ...။ ရေကလဲ ကောင်းကောင်းမရသေးဘူးဗျ..။
ကျွန်တော်တို့ တည်းတဲ့ဟော်တယ်က ဆောက်လက်စဆိုပေမယ့် ကံကောင်းတော့ နှစ်ခန်းတွဲ ဘန်ဂလို နှစ်လုံး ပြီးနေပြီ..။ ဟန်ကျတာပေါ့..။ ကွင်းဆင်းတယ်ဆိုကတည်းက ယောကျာ်းလေးတွေချည်းမဟုတ်ဘူးလေ...။ အဲဒီတော့ နှစ်ခန်းတွဲတစ်လုံးကို မိန်းကလေးအတွက်..။ နောက်ထပ် နှစ်ခန်းတွဲတစ်လုံးကို ယောက်ျားလေးတွေအတွက် ဝေစုခွဲလိုက်တယ်..။ တူတူတွဲနေလို့မှမဖြစ်တာကိုး..။ နေ့ခင်းဘက်တွေမှာတော့ ဆောက်လုပ်ရေးလုပ်သားတွေက ကျန်တဲ့ အဆောက်အဦးတွေအတွက် သူ့ဟာနဲ့သူ ရှုပ်နေကြတာပဲ..။ ကျွန်တော် ရလိုက်တဲ့ အခန်းကတော့ လမ်းဘေးနဲ့ ကပ်တယ်..။ လမ်းဆိုလို့ ပေတစ်ရာ လမ်းမကြီးမထင်နဲ့...။ ကမ်းခြေဘက်ကို ဆင်းသွားတဲ့ လမ်းသေးသေးလေး...။ အဲဒီကောင်က ထမင်းစားဆောင်နဲ့ ကပ်နေတယ်..။ လမ်းလေးရဲ့အဆုံး ကမ်းခြေဘက်ကို မ၀င်ခင်မှာ ဇရပ်လေးတစ်ခုရှိတယ်..။ ၀ိုင်းဝိုင်းလေး...။ အဲဒီကောင်ကို ကျော်သွားရင် ကမ်းခြေဆင်းတဲ့ လှေကားထစ်တွေကိုရောက်တယ်ဗျ...။ အဆောက်အဦးတွေ လမ်းတွေအကြောင်းပဲ ပြောနေလို့ တစ်မျိုးမထင်နဲ့..။ ပြောစရာ လူစိမ်းအကြောင်းကိုမရှိတာ..။ ပါလာတဲ့ ဆေးကျောင်းသား၊ ဆေးကျောင်းသူတွေဆိုတာလဲ အီစိမ့်နေအောင် ကြည့်ထားရတဲ့ မျက်နှာတွေ..။ အထွေအထူးပြောစရာမရှိဘူး..။ စဉ်းစားကြည့်ဗျာ.. ကမ်းခြေမှာ အခုထက်ထိ လူနဲ့တူတာဆိုလို့.. ကျွန်တော်တို့ ဆေးကျောင်း အဖွဲ့ရယ်..။ ဟိုတယ်မန်နေဂျာကြီးရယ်.. နောက်ပြီး အလုပ်သမားတွေရယ်..။ နောက် အစောင့်ရယ်.. ဒါပဲရှိတယ်..။ ဆေးကျောင်းသူကလွဲရင် ကျန်သာတွေက ယောက်ျားသားတွေချည်း..။ ဘာဧည့်သည်ကိုမှ မရှိတာ..။
နေစ နှစ်ညကတော့ အဆင်ပြေပြေပဲ ပြီးသွားတယ်..။ လူတွေ သိပ်နှုံးနေကြလို့လားတော့မသိဘူး..။ ရှေ့နှစ်ပတ်က ဆေးရုံကြီးတွေမှာ လည်ထွက်နေအောင် ဆင်းထားရတာကိုး..။ ဒေါင်းနေကြတာနဲ့ သိပ်ပြီးကို ပြင်ပလောကကို အာရုံမ၀င်စားနေနိုင်ဘူး..။ အဲ.. တတိယညမှာတော့ အားပြန်ပြည့်လာပြီး ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းချင်လာတယ်..။ အဲဒီမှာ တွေ့တာပဲ..။
အဲဒီညက ညစာစားပြီးကျတော့ ဘော်ဒါတွေ ကမ်းခြေဆင်းပြီး ဂစ်တာတီးကြတယ်..။ ကျွန်တော်ကတော့ နေ့စဉ်မှတ်တမ်းရေးနေလို့ လိုက်မသွားဖြစ်ဘူး..။ တစ်ယောက်ထဲ ပြတင်းပေါက်လေးနားထိုင်ပြီး ရေးကောင်းကောင်းနဲ့ ရေးနေမိတယ်..။ ကျွန်တော်ထိုင်နေတဲ့နေရာကနေ လှမ်းကြည့်လိုက်ရင် ကမ်းခြေသွားတဲ့လမ်းနဲ့ အပန်းဖြေစရာ နေရာလေးတွေကို လှမ်းမြင်နေရတယ်..။ ရေးနေတာကလဲ မှတ်တမ်းဆိုတော့ သိတဲ့အတိုင်း တောက်တောက် တောက်တောက် ရေးလို့ ရနေတာမဟုတ်ဘူး..။ စဉ်းစားလိုက် ရေးလိုက်ပေါ့..။ စဉ်းစားနေတုန်း ဦးနှောက်ဆေးတဲ့အနေနဲ့ အပြင်ဘက်ကို လှမ်းချောင်းလိုက်တယ်..။ အဲဒီမှာ ဖြူစွတ်နေတဲ့ ၀တ်စုံ ၀တ်ထားတဲ့ ကောင်မလေးတစ်ယောက်ကို နောက်ကျောပေးရက်အနေအထားနဲ့ မြင်လိုက်ရတယ်..။ သူ့ပုခုံးပေါ်မှာ လွှားထားတဲ့ အဖြူရောင်ပုဝါပါးဟာလဲ လေထဲမှာ တစ်လူလူ လွှင့်နေတာ..။ တစ်ကယ် ညချမ်းနဲ့ ကဗျာဆန်နေလိုက်တာ..။ စိတ်ထဲမှာတော့ ဒီအချိန်ကြီး ဒီကောင်မလေးတစ်ယောက်ထဲ ကမ်းခြေထွက်လာတယ်ပေါ့..။ ဒီလောက်ပါပဲ..။ အဲဒါနဲ့ စိတ်ထဲ ထွေထွေထူးထူး ထည့်မနေနိုင်အားဘူး..။ စာကို ပြန်ငုံ့ရေးလိုက်တယ်..။ ဒါပေမယ့် ခေါင်းထဲမှာ စာနဲ့ပတ်သက်တာက ခမ်းထွက်နေတာမို့ ကြာကြာမရေးလိုက်နိုင်ဘူး..။ နှစ်စက္ကန့်လောက်ပဲ ကြာမယ်ထင်တယ်..။ စိတ်ကလဲ ကောင်မလေးဆီရောက်သွားသလား မပြောတတ်ပါဘူး..။ ဒုတိယအကြိမ် ပြန်ကြည့်မိတယ်..။ ရှင်းလင်းနေတဲ့ ကမ်းခြေကြီးက ကျွန်တော့ကို လှောင်ပြုံးပြုံးပြလာတယ်..။ ခုနက ကောင်မလေး ပျောက်ခြင်းမလှ ပျောက်ထွက်သွားတယ်..။ ကမ်းခြေကြီးမှာဗျာ.. တစ်ခုခုအောက်ကို အတင်းဝင်ပုန်းနေမှပဲ ကျွန်တော် မမြင်နိုင်ဖို့ရှိမှာ..။ မဟုတ်လို့ကတော့ လယ်ပြင်မှာ ဆင်သွားသလို ရှင်းနေတာကြီး..။ အဲဒီအခါမှ ခုနက မထတဲ့ ကြက်သီးတွေ ထလာရော..။ အင်း.. မြင်တာတော့ မြင်လိုက်တာပဲ..။ ဒါပေမယ့် လူမဖြစ်နိုင်တော့မှန်းသိနေတယ်လေ..။
ဆယ်မိနစ်လောက်နေတော့ အခန်းဖော်တစ်ယောက်ပြန်လာတယ်..။ အဲဒါနဲ့ သူ့ကိုမေးကြည့်တယ်..။ ခုနက ကောင်မလေး တစ်ယောက်တွေ့မိလားပေါ့..။ အဲဒီမှာ အဲဒီကောင်မှတ်ချက်ပေးတော့တာပဲ..။ ရူးနေလားတဲ့..။ ဒီပတ်ဝန်းကျင်မှာ ဒီဟော်တယ်က တစ်ခုတည်းသော ဟိုတယ်တဲ့..။ တစ်ခြား ဧည့်သည်လဲ မရှိဘူးတဲ့..။ ရွာနဲ့လဲ နီးတာမဟုတ်ဘူးတဲ့..။ ရွာသူကို မြင်ရဖို့လဲ လမ်းမမြင်ဘူးတဲ့..။ အဲဒီအခါမှပဲ ပိုသေချာသွားတော့တယ်..။ ခပ်ထူးထူးလေး ဖြစ်သွားခဲ့ပြီဆိုတာကိုပေါ့..။ အဲလိုနဲ့ ကျန်တဲ့ညကို မတင်မကျစိတ်တွေနဲ့ ဖြတ်သန်းလိုက်ရတယ်..။ အဲဒီမှာ အလုပ်ပြီးတော့ ပုသိမ်ကို ပြန်ကြတယ်လေ.. ။အပြန်လှမ်းမှာ ကျွန်တော် မနေနိုင်တော့ဘူး.. ကောင်မလေးတစ်ယောက် တွေ့ရတဲ့အကြောင်း စကားစတာပေါ့..။ အဲဒီမှာ ဆေးကျောင်းသူအုပ်စုထဲကလဲ ပြောတယ်..။ သူတို့ထဲက တစ်ယောက် ညအိပ်နေတုန်း ခြေထောက်ကို လာဆွဲတယ်တဲ့..။ အဲဒါနဲ့ ကြောက်လို့ သူတို့ မိန်းကလေးတွေ တစ်ခန်းထဲ အတင်း စုအိပ်ရတယ်တဲ့..။ ကျွန်တော်တို့ ပြောနေတာတွေကို ကားစပယ်ယာက ကြားတော့ ပြောပြတယ်..။ အဲဒီ ကျွန်တော်တို့ သွားတည်းခဲ့တဲ့နေရာက အရင်က သချိုင်းမြေတဲ့..။ အခု ဟော်တယ် ပရောဂျက်တွေကျမှ သချိုင်းမြေကို ဖျက်ပစ်ပြီး တည်းခိုခန်းတွေဆောက်နေတာတဲ့ဗျ..။
အဲဒီတုန်းကတော့ သိပ်ပြီး ကြောက်လှတယ်မရှိပါဘူး..။ တစ်ကယ်ဆိုရင် ဘယ်မိန်းကလေးကလဲ အဲလို အဖြူဝမ်းဆက်နဲ့ ညကြီး လမ်းသလားပါ့မလဲနော့..။ သိပ်ကို မတွေးမိဖြစ်ခဲ့ပါဘူး..။ အဲ... မမေးခင်ပြောရဦးမယ်..။ အဲဒီကောင်မလေး မျက်နှာကို မမြင်ဖူးလိုက်ဘူး..။ နောက်ကျောပေးထားတာလေ..သူက..။ အဲဒါမို့ တစ်ခြားသူတွေ ကြုံဖူးတယ်လို့ပြောတဲ့အတိုင်း မျက်နှာပြောင်ကြီး ဟုတ်မဟုတ်တော့မသိဘူးဗျ... ။ ဟော်တယ်နာမည်ကိုတော့ မမေးနဲ့ဗျာ..။ ငွေဆောင်ကမ်းခြေတစ်နေရာလို့ သိထားရင် လုံလောက်ပါပြီ..။ အဲဒါ ငွေဆောင်ရောက်ခိုက် ကြုံလိုက်ရတာလေးပါ...။
ယခုလို ကိုယ်တွေ့ဖြစ်ရပ်ကို မျှဝေပေးပါတဲ့.. ဒေါက်တာ Kyaw Ko Thet အား Admin များမှ ကျေးဇူးတင် ပါတယ်...။
Credit - ခစ်ခစ်
ADMIN - Htut Htet
သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း
0 comments:
Post a Comment