Friday, October 25, 2013

ငါးမန်းကို လက်သီးဖြင့်ထိုးပြီး လွတ်လမ်းရှာခဲ့သည့် လက်ဝှေ့သမားဟောင်း

Posted by drmyochit Friday, October 25, 2013, under | No comments

ငါးမန်း၏ ကိုယ်ထည်ကို လက်တစ်ဖက်ဖြင့် အပေါ်စီးမှ သိုင်းဖက်ရင်း ငါးမန်း၏ မျက်နှာကို လက်သီးဖြင့် ဆင့်၍ ဆင့်၍ ထိုးခဲ့ကြောင်း သိရ



လက်ဝှေ့သမားဟောင်း တစ်ဦးအနေဖြင့် ဂျက်ဖ်ဟော်တန်သည် ပြိုင်ဘက် အတော်များများ၏ မျက်နှာကို လက်သီးဖြင့် ထိုးခဲ့ဖူးသည်။ သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ၎င်းထိုးခဲ့သည်မှာ ပြိုင်ဘက် လက်ဝှေ့သမား တစ်ဦး မဟုတ်သလို ကြိုးဝိုင်းထဲတွင်လည်း မဟုတ်ချေ။ ဂျက်ဖ်သည် အသက်လုပွဲအတွက် ငါးမန်းတစ်ကောင်ကို လက်သီးဖြင့် ထိုးခဲ့ရခြင်း ဖြစ်သည်။

အသက်(၂၅)နှစ်ရှိ ဂျက်ဖ်သည် ဟာဝိုင်ယီရှိ ကီလော်အီရာတွင် လှိုင်းစီးနေစဉ် ၎င်းထံ ချဉ်းကပ်လာသည့် ဆူးတောင်ကြီးကို စတင်တွေ့မြင်ခဲ့ခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့ နံနက်ပိုင်းက ဂျက်ဖ်နှင့်အတူ အခြားသော ရေလှိုင်းစီးသူ (၁၀)ယောက်မျှ ရှိနေပြီး ၎င်းတို့ကို လူတစ်ဦးက မိမိသည် ငါးမန်းတစ်ကောင်၏ အရိပ် အယောင်ကို တွေ့မြင်မိကြောင်း သတိပေးသွားခဲ့သည်။ သို့သော်လည်း ဂျက်ဖ်တို့အားလုံးက ရေထဲမှ ပြန်မတက် ဘဲ ဆက်လက်၍ လှိုင်းစီးနေခဲ့ပြီး မိနစ်(၂၀)မျှ အကြာတွင် ဂျက်ဖ်အနေဖြင့် သားစား သတ္တဝါကြီး ၏ ဆူးတောင်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။

ဘယ်ဘက်မှ မည်းမည်းအရိပ်ကြီး ချဉ်းကပ်လာသည်ကို ဂျက်ဖ်က သတိပြုလိုက်မိချိန်တွင် ၎င်းသည် လှိုင်းစီးဘုတ်ပေါ်တွင် ခြေထောက် တွဲလောင်းချ၍ ထိုင်လျှက်ရှိသည်။ "အပေါ်ပိုင်းက မည်းမည်းကြီးနဲ့ အောက်ပိုင်းက ဖြူနေတယ်။ ပထမတော့ ကျွန်တော်က ငါးလိပ်စွန် တစ်ကောင်လို့ ထင်မိခဲ့တာပါ"ဟု ဂျက်ဖ်က ဆိုသည်။ ၎င်းက "နောက်တော့ ဆူးတောင်ကြီး ပေါ်လာပြီး ကျွန်တော့်ဆီ တည့်တည့် ပြေးလာတာပါပဲ"ဟုလည်း ရှင်းပြခဲ့သည်။ ဂျက်ဖ်သည် သတိမလွတ်ဘဲ ခြေထောက်ကို ရုတ်လိုက်ချိန်မှာပင် ငါးမန်းက ၎င်း၏ ဘုတ်ပြားကို ဝင်ကိုက်တော့သည်။

ဂျက်ဖ်သည် ရုတ်ရုတ်သည်းသည်း အခြေအနေတွင် တုန်လှုပ်မသွားဘဲ ငါးမန်း၏ ကိုယ်လုံးပေါ် လှိမ့်ဆင်းကာ ဆူးတောင်ကို လက်ဖြင့် လှမ်းဆွဲထားလိုက်သည်။ ထို့နောက် ငါးမန်း၏ ကိုယ်ထည်ကို လက်တစ်ဖက်ဖြင့် အပေါ်စီးမှ သိုင်းဖက်ရင်း ငါးမန်း၏ မျက်နှာကို လက်သီးဖြင့် ဆင့်၍ ဆင့်၍ ထိုးခဲ့ကြောင်း သိရသည်။ "အနည်းဆုံး (၈)ချက်လောက်တော့ ထိုးခဲ့တယ် ထင်တယ်။ တစ်ချက်က မျက်လုံးကို ချက်ကောင်းထိသွားတယ်။ သေချာပါတယ်။ ဒီကောင် တော်တော် အထိနာသွားပုံရတယ်"ဟု ဂျက်ဖ်က ဆိုသည်။ ငါးမန်းသည် ကိုက်ထားသည့် ဘုတ်ပြားကို လွှတ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

ထို့နောက် ဂျက်ဖ်သည် အားယူကာ ဘုတ်ပြားပေါ်သို့ ပြန်တက်လာသည်။ ထို့နောက် အခြားသော လှိုင်းစီးသူ တစ်ဦးနှင့်အတူ ကမ်းခြေသို့ ပြန်လာနိုင်ခဲ့သည်။ ကျားငါးမန်းဟု ယူဆရသည့် ရေသတ္တဝါကြီးကို တာဝန်ရှိသူများက လိုက်လံ ရှာဖွေခဲ့သော်လည်း ၎င်းအနေဖြင့် ကမ်းခြေတွင် နောက်ထပ် တိုက်ခိုက်မှု မရှိတော့ဘဲ ရေနက်ပိုင်းသို့ ပြန်သွားပြီဟု ယူဆရသည်။ ဂျက်ဖ်အတွက် အမှတ်ရစရာအဖြစ် ငါးမန်းကိုက်ရာနှင့် လှိုင်းစီးဘုတ်ကိုမူ ပိုင်ဆိုင်ခွင့် ရခဲ့သည်။ ဂျက်ဖ်တွင် ငါးမန်း၏ ကြမ်းတမ်းသော ကိုယ်ထည်နှင့် ပွတ်တိုက်သဖြင့် အနည်းငယ်မျှ ပွန်းပဲ့ ဒဏ်ရာ ရခဲ့သည်။ ကမ်းခြေတွင် ဂျက်ဖ်ကို ကမ္ဘာလှည့် ခရီးသည် တစ်ဦးက တအံ့တဩဖြင့် ဒေါ်လာ(၅၀) ဆုချပြီး ဘီယာဝယ်သောက်ရန် တိုက်တွန်းခဲ့သည်။ ငါးမန်းကိုက်ရာနှင့် ဘုတ်ပြားကို ကိုင်ဆောင်ထားသည့် ဂျက်ဖ်က "ကျွန်တော်ကတော့ ဒါကို အိမ်က နံရံမှာ ချိတ်ထားမယ်"ဟု ဂုဏ်ယူစွာ ပြောကြားသွားသည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်