Sunday, November 10, 2013

စကျင်တောင်ရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုး နေရာများတွင် ကျောက်ထုတ်လုပ်နေမှုအပေါ် သာသနာပိုင် ဆရာတော်များနှင့် ဒေသခံများ စိုးရိမ်နေ

Posted by drmyochit Sunday, November 10, 2013, under | No comments


မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်တောင်ရှိ ရှေးဟောင်းစေတီ ပုထိုးနေရာများတွင် ကျောက်ထုတ်လုပ်ရေး လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်နေမှုအပေါ် သာသနာပိုင် ဆရာတော်များနှင့် ဒေသခံများ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

မတ္တရာမြို့နယ် စကျင်ကျေးရွာ အုပ်စုတွင် စကျင်တောင် ကိုးလုံးရှိသည့်အနက် ရွှေဆံရှင်တောင်၊ ကျောင်းတောင်နှင့် ရေချမ်းတောင်တွင် သီရိဓမ္မာသောက မင်းကြီးနှင့် အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းစေတီပုထိုး နေရာများတွင် ကုမ္ပဏီများမှ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

"ရွှေဆံရှင် တောင်ပေါ်မှာရှိတဲ့ ရွှေဆံရှင်တော်ဘုရား မြေနေရာကို သာသနာပိုင်မြေ ဖြစ်ဖို့အတွက် လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က သက်ဆိုင်ရာကို တောင်းခံခဲ့ဖူးတယ်။ အခုချိန်ထိလည်း မကျသေးဘူ။ စကျင်တစ်ရွာလုံးနဲ့ သက်ဆိုင်တဲ့ ဘုရားလည်းဖြစ်တော့ ထိခိုက်မှု မရှိအောင်တော့ ကျောက်ထုတ်လုပ်ငန်းက တာဝန်ရှိသူတွေနဲ့ ပထမညှိနှိုင်း မေတ္တာရပ်ခံ သွားမယ်။ မရဘူးဆိုရင်တော့ သက်ဆိုင်ရာကို တရားဝင် တင်ပြတောင်းဆို သွားမှာပါ" ဟု စကျင်ကျေးရွာရှိ ဒက္ခိဏာရုံရွှေကျင် နိကာယကျောင်းတိုက်က ကျောင်းတိုင်ဆရာတော် ဦးသံဝရမှ မိန့်ကြားသည်။

"ဒေသခံ ရွာသားတွေ အနေနဲ့ စေတီပုထိုးရှိတဲ့ နေရာတွေကို သာသနာ့နယ်မြေ ဖြစ်နေလို့ ကျောက်ထုတ်လုပ်ငန်းတွေ မလုပ်ရဲကြဘူး။ ကုမ္ပဏီတွေ အနေနဲ့ ရှေးဟောင်းစေတီ ပုထိုးတွေကို တိုက်ရိုက်ထိခိုက် တူးဖော်မှု မလုပ်ပေမယ့် တောင်အခြေလောက်ကနေ ၀ိုက်ပြီး ကျောက်ထုတ်ယူနေတာကို တွေ့ရတယ်။ သာသနာ့မြေမှာ အဲလို ကျင်းချိုင့်ကြီးတွေနဲ့ဆိုတော့ ဘယ်လိုမှ အမြင်မသင့်တော်ပါဘူး" ဟု ရွှေကျောင်းတောင် ကျောက်ဆစ်လုပ်သားများ အဖွဲ့မှ အတွင်းရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။
ရွှေဆံရှင်တောင်တွင် သီရိဓမ္မာသောက မင်းကြီးလက်ထက် ရွှေဆံရှင်တော်ဘုရား တည်ရှိပြီး ကျောင်းတောင်တွင် သားမျှော်တောင် စေတီနှင့် အထက်စက်တော်ရာ၊ အောက်စက်တော်ရာ ခြေတော်ရာနှစ်ခုရှိကြောင်း၊ ရေချမ်းတောင်တွင် အလောင်းစည်သူ မင်းကြီးလက်ထက် တည်ထားကိုးကွယ်ခဲ့သော ပွင့်လှကြီး၊ ပွင့်လှလေးစေတီ နှစ်ဆူရှိကြောင်း သိရသည်။
Eleven Media

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်