Monday, December 09, 2013

ကွတ်ခိုင်၌ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့်

Posted by drmyochit Monday, December 09, 2013, under | No comments

ကွတ်ခိုင်၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် ရဲအဝတ် အစားများ ဝတ်ဆင်ထားသည့် အမျိုး သားနှစ် ဦးက အသက် ၃၅ နှစ်အရွယ် ကချင် တိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေ မည် ဟုဆိုကာ အဓမ္မပြုကျင့် ခဲ့ကြောင်း ကွတ် ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံက ပြောကြား သည်။

ကွတ်ခိုင်မြို့နယ်နှင့် သုံးမိုင်ခန့်အကွာ ကျေးရွာတစ်ရွာတွင် နေထိုင်သည့် ကလေး လေးဦးမိခင် အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီးကို ဒီဇင်ဘာလ ၂ ရက်နေ့က ရဲအဝတ်အစားများ ဝတ်ဆင်ပြီး လက်ထိတ်များ ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ ၎င်းနေအိမ်သို့ ရောက်ရှိလာကြောင်း၊ မူးယစ်ဆေးဝါးရှိ မရှိ နေအိမ်နှင့် အဆိုပါ အမျိုးသမီး ကိုယ်ပေါ်တွင် လိုက်လံ ရှာဖွေခဲ့ပြီး ခန္ဓာကိုယ်ကို ကြိုးဖြင့်တုပ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးက ဆိုသည်။

ယင်းဖြစ်ရပ်ကို အခင်းဖြစ်ပွားသည့် ညတွင် ကွတ်ခိုင်မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ထံသို့လည်း ဆက်သွယ် အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

အဆိုပါ အမျိုးသမီးကို အဓမ္မပြုကျင့်မှုတွင် အမှန်တကယ် ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ပါက ယင်းတပ်ဖွဲ့ဝင်များကို အရေးယူသွားမည် ဖြစ်ပြီး အမူမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းထောက်လှမ်းရေး အဖွဲ့သုံးဖွဲ့ ဖွဲ့၍ ဆောင်ရွက်နေကြောင်း ကွတ်ခိုင်မြို့မ ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး စိုင်းကိုကိုလတ်က ပြောကြားသည်။

“လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ မကောင်းလက်မ ပြတ်ပြတ်သားသား အရေးယူမယ်။ အဓမ္မပြုကျင့်တာ ရဲတပ်ဖွဲ့ဝင် ဖြစ်တယ်လို့ သံသယဝင်စရာ ဖြစ်နေရင်တော့ ရဲတပ်ဖွဲ့ရဲ့ သိက္ခာလည်း ကျဆင်းပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ကွတ်ခိုင်မြို့မရဲစခန်း ပြစ်မှုပုဒ်မ - ၃၇၆ အရ အမှုဖွင့် အရေးယူ ထားကြောင်း ကွတ်ခိုင် မြို့မရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

(နေမျိုးနွယ်)

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်