Sunday, March 09, 2014

ကြိုးတုပ်ပြီး အနုကြမ်းစီး လုယက်ခံရသည်ဟု ဟန်ဆောင် တိုင်တန်း

Posted by drmyochit Sunday, March 09, 2014, under | No comments



ကျောက်တန်းမြို့တွင် နေအိမ်အတွင်း၌ ခြေလက်များကို ကြိုးတုပ်ပြီး အနုကြမ်းစီး လုယက်ခံရ သည်ဟု တိုင်တန်းခဲ့သည့် အမှုမှာကျူးလွန် ခံရသူက မိမိကိုယ်ကို ပြုလုပ်ပြီး ဟန်ဆောင်ကာ လုပ်ကြံလီဆယ် တိုင်တန်းခဲ့ခြင်းသာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်

ရန်ကုန်၊ မတ် ၉

အမှုမှာ ၄.၃.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန် ကျောက်တန်းမြို့၊ အလယ်ပိုင်းရပ်ကွက်နေ ဦးတင်ထွန်းသည် နေအိမ်မှအပြင်သို့ သွားနေခဲ့ပြီး ၀၈၀၀ အချိန်ခန့် ပြန်လာရောက်ရှိစဉ် နေအိမ် ဧည့်ခန်းရှိ ဘီဒိုတံခါးပွင့်နေကာ ဇနီးဖြစ်သူဒေါ်စန်းဝင်းအား မတွေ့သဖြင့်ရှာဖွေရာ မီးဖိုချောင် အပေါက်တွင် ခြေလက်များ ကြိုးတုပ်ခံထားရပြီး လဲကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ဖြစ်စဉ်အား မေးမြန်းရာ ၀၇၃၀ အချိန်ခန့်က ကလေးကစားသည့် အရုပ်မျက်နှာဖုံးစွပ်ထားသော လူတစ်ဦးမှ ဇနီးဖြစ်သူအား ကြိုးတုပ်ထားခဲ့ခြင်း ဖြစ်ကြောင်းကို သိရှိခဲ့ရကြောင်းနှင့် ဘီဒိုအတွင်းမှ ငွေကျပ်သိန်း (၈၀)မှာပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် စုံစမ်းအရေးယူ ပေးပါရန် ဦးတင်ထွန်းမှ တိုင်တန်းခဲ့၍ ကျောက်တန်းမြို့မရဲစခန်း(ပ)၃၇/၂၀၁၄၊ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ တောင်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များဖြင့် အထူးအမှုစစ်အဖွဲ့ကိုဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားလို နှင့်ကျူးလွန်ခံရသူတို့၏ထွက်ဆိုချက်များမှာအခင်းဖြစ်ရပ် စစ်ဆေးတွေ့ရှိချက်များ၊ စုံစမ်းရရှိသည့်သတင်းအချက်အလက်များနှင့် လွဲချော်မှုများရှိနေကြောင်း သုံးသပ်တွေ့ရှိရသဖြင့်ပြစ်မှုကျူးလွန်ခံရသူ၏ နောက်ကြောင်းများကို စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ယင်းကဲ့သို့စုံစမ်းဆောင်ရွက်နေစဉ် ၆.၃.၂၀၁၄ရက်နေ့တွင် နေအိမ်ရှေ့ရှိ ကားအမိုးပေါ်မှ “ ကြီးကြီးကို သနားလို့ဖော်ထုတ် ပေးလိုက်တယ် ကြည်လဲ့နဲ့ယောက်ျားတစ်ယောက် နေအိမ်မှ ကြွပ်ကြွပ်အိတ်တစ်ထုပ် ပါသွားတာတွေ့တယ် ”ဟုပါရှိသည့် လက်ရေးဖြင့်ရေးသားထားသည့် စာတစ်စောင်အား ကျူးလွန်ခံရသူ ဒေါ်စန်းဝင်းမှတွေ့ရှိသည်ဟုဆိုကာ ခင်ပွန်းဖြစ်သူမှ ရဲစခန်းသို့ အပ်ပေးခဲ့ပါသည်။ အထူးအမှုစစ်အဖွဲ့သည် အဆိုပါ စာရရှိခြင်းအပေါ်တွင် မသင်္ကာဖွယ်ရာများသုံးသပ်တွေ့ရှိခဲ့သဖြင့် ယင်းကဲ့သို့ စာများထပ်မံပေးပို့လာခြင်းများရှိပါကသိရှိနိုင်ရေးအတွက် အစီအမံများကို အသေးစိတ် ဆောင်ရွက်ထားရှိကာ ထောက်လှမ်း ဆောင်ရွက်ခဲ့ကြပါသည်။

ထိုသို့ ဆောင်ရွက်ထားရှိစဉ် ၇.၃.၂၀၁၄ ရက်နေ့ ၀၇၄၂ အချိန် ပြစ်မှုကျူးလွန်ခံရသူ ဒေါ်စန်းဝင်း သည် နေအိမ်ရှေ့တွင်တံမြက်စည်း လှဲနေသကဲ့သို့ဟန်ဆောင်ကာ “ကျောက်တန်းမှာ အခြေအနေ ဘယ်လိုရှိလဲ ရွှေတွေကိုရွေးပြီးပြီလား”ဟုပါရှိသည့် လက်ရေးဖြင့် ရေးသားထားသော စာတစ်စောင်အား ၎င်းကိုယ်တိုင်ချ ထားခဲ့သည်ကို ထောက်လှမ်းတွေ့ရှိခဲ့ရပါသည်။

ယင်းကဲ့သို့ ထောက်လှမ်းတွေ့ရှိချက်များ၊ ပြစ်မှုကျူးလွန်ခံရသူ၏ နောက်ကြောင်းကို စုံစမ်းသိရှိချက်များ၊ အခင်းဖြစ်ရပ်စစ်ဆေးတွေ့ရှိ ချက်များအပေါ်သုံးသပ်ရရှိချက်အရ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြစ်မှုကျူးလွန်ခံရသူ ဒေါ်စန်းဝင်းကို အသေးစိတ်စစ်ဆေးဆောင်ရွက် သွားရန်ညွှန်ကြားခဲ့ပါသည်။

အထူးအမှုစစ်အဖွဲ့သည် ၇. ၃.၂၀၁၄ရက်နေ့တွင် ပြစ်မှုကျူးလွန်ခံရသူ ဒေါ်စန်းဝင်းအား အသေးစိတ် ထပ်မံစစ်ဆေးခဲ့ ရာမှ ၎င်းသည် ကျောက်တန်းမြို့နယ်နေ မကြည်လဲ့နှင့် ခင်မင်ရင်းနှီးခဲ့ကြောင်း၊ မကြည်လဲ့မှ ဆုမဲများဝယ်လိုက ၀ယ်လို့ရကြောင်း၊ ၆ ကျပ်နှုန်း အတိုးရရှိမည်ဖြစ်ကြောင်းပြောသဖြင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလများအတွင်းက မကြည်လဲ့ထံသို့ဆုမဲများဝယ်ယူပေးရန် ဆုမဲ(၆)မဲအတွက် ငွေကျပ်(၃၉)သိန်း(၃)သောင်းကိုလည်းကောင်း၊ မကြည်လဲ့မှ စက်တပ်သမ္ဗာန် အသင်းသို့ငွေပေးသွင်းရန်လိုနေ၍ ခေတ္တစိုက်ထုတ်ပေးရန်ပြောသဖြင့် ငွေကျပ်သိန်း(၇၀)ကို လည်းကောင်းပေးအပ်ထားခဲ့ကြောင်း၊ မကြည်လဲ့မှအဆိုပါငွေများကို ပြန်လည်လာရောက်ပေးသွင်းခြင်းမရှိသဖြင့် ၃.၃.၂၀၁၄ရက်နေ့ညတွင် မကြည်လဲ့ဈေးရောင်းရာ ရေလယ်ဘုရားသို့ သွားရောက်ရှာဖွေခဲ့ သော်လည်းမတွေ့ရှိရဘဲ ထွက်ပြေးသွားသည်ကိုသိရှိခဲ့ရကြောင်း၊ ထိုသို့ ငွေများကိုလိမ်လည်ယူဆောင်ထွက်ပြေးသွားသူ မကြည်လဲ့အား ရဲများမှရှာဖွေဖမ်းဆီးစေရန်ရည်ရွယ်၍ အခင်းဖြစ်သည့် ၄.၃.၂၀၁၄ရက်နေ့ ၀၇၂၀အချိန်ခန့်တွင် ခင်ပွန်းဖြစ်သူအပြင်သွား နေခိုက် မိမိကိုယ်ကိုကြိုးဖြင့်တုပ်နှောင်ကာ ဟန်ဆောင်နေခဲ့ပြီး ခင်ပွန်းသည် ပြန်လာ ရောက်ရှိသည့်အခါ လိမ်လည်ပြောပြ၍ တိုင်ကြားစေခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်ကြားချက်ပါဖြစ်စဉ်အားလုံးမှာ မမှန်ကြောင်း၊ နေအိမ်ရှေ့တွင်ချထားသည်လက်ရေးစာ(၂)စောင် မှာလည်း မကြည်လဲ့မှ ၎င်းအားလုပ်ကြံခဲ့သည့် ပုံစံဖန်တီးခြင်းဖြင့် မကြည်လဲ့ကို ရဲများမှမသင်္ကာဖြစ်ကာ အမြန်ဆုံးဖမ်းဆီးစေရန် အတွက်ရည်ရွယ်ပြီး ၎င်းကိုယ်တိုင်ရေးသား၍လုပ်ဆောင်ခဲ့ခြင်းဖြစ်
ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါအမှုမှတိုင်ကြားချက်ပါဖြစ်စဉ်အားလုံးမှာ မှန်ကန်မှု မရှိကြောင်းနှင့် ကျူးလွန်ခံရသူဒေါ်စန်းဝင်းသည် ၎င်းထံမှ ငွေများလိမ်လည်ရယူကာထွက်ပြေးသွားသူ မကြည်လဲ့ကို ရဲတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်းဆီးစေလိုသည့်ရည်ရွယ်ချက်ဖြင့် အမှုတိုင်ကြားချက်ပါအတိုင်းလုယက်ခံရသကဲ့သို့ မိမိကိုယ်ကို ပြုလုပ်ကာ လီဆယ်တိုင်ကြားခဲ့ခြင်းဖြစ်သောကြောင့်ဒေါ်စန်းဝင်း (ဘ)ဦးတင်ကြိုင်အား ဥပဒေအရဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်