Sunday, June 15, 2014

နိုင်ငံရေးအကျဉ်းသား တစ်ဦးကို တစ်လလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် သုံးနှစ် ထောက်ပံ့မည်

Posted by drmyochit Sunday, June 15, 2014, under | No comments


ရန်ကုန်၊ ဇွန်၁၄

အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများနှင့် အချုပ်သားများကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အစည်းအရုံးက တစ်လလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ၃ နှစ် ထောက်ပံ့မည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က ပြောကြားသည်။

ဇွန်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့ငွေ ပေးအပ်ခြင်းဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့မည့် အစီစဉ်ကို ယခုလမှ စတင်မည်ဖြစ်ပြီး ထောက်ပံ့မည့် ငွေများကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံး ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၏ လုပ်ငန်းအမြတ်ငွေ ၂၀ ရာခိုင်နှုန်းအား သုံးစွဲမည် ဖြစ်ပြီး ၂၀၁၅ နှစ်ကုန်အထိ ပြည်တွင်းပြည်ပမှ အလှူငွေများ လက်ခံရယူမည် မဟုတ်ကြောင်း ၎င်းမှ ဆက်လက် ပြောကြားသည်။

အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသော သတင်းစာဆရာများကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသည့် သတင်းမီဒီယာသမား ၉ ယောက် ရှိနေပြီး ၎င်းတို့ကို လစဉ် ထောက်ပံ့နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ အကျဉ်းကျခံနေရသော သတင်းမီဒီယာသမား ၉ ဦး၏ ယခုလအတွက် ထောက်ပံ့ငွေများကို မြန်မာဂျာနယ်လစ်ကွန်ယက် MJN အတွင်းရေးမှူး ဦးသန်းဌေးထံ ပေးထားပြီး ဇွန်လ ၇ ရက်နေ့မှ ၁၄ ရက်အထိ ကွန်ယက် အဖွဲ့ဝင်များက အကျဉ်းသား မိသားစုများထံ လိုက်လံ ပေးပို့သွားမည် ဖြစ်ကြောင်း MJN ထံမှ သိရှိရသည်။

“ကျွန်တော်က အမှုနှစ်မှု ရင်ဆိုင်နေရတယ်။ တစ်မှုက ပုသိမ်တရားရုံးမှာ ပုဒ်မ ၅၀၀ နဲ့ နောက်တစ်မှုက လှိုင်သာယာ တရားရုံးမှာ ပုဒ်မ ၄၄၇ နဲ့။ ဟိုနေ့ကဆိုရင် ပုသိမ်မှာ ပိုက်ဆံမရှိလို့ ပိုက်ဆံလိုက်ချေးရတယ်။ အခုလို ထောက်ပံ့မယ် ဆိုတော့ ကျွန်တော့်အတွက် အဆင်ပြေမှာပါ” ဟု ဧရာဝတီသတင်းထောက် ဦးကျော်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံးသည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေသည် ဖြစ်ရာ ယင်းလုပ်ငန်းများမှ အမြတ်ငွေ ၂၀ ရာခိုင်နှုန်းကို ထောက်ပံ့ကြေး ငွေအဖြစ် အသုံးပြုမည် ဖြစ်ကြောင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဆက်ဆံရေး ရုံးခွဲများ ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းအစည်းအရုံးမှ သိရသည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စာရင်းများအရ ၂၀၁၃ ခုနှစ်က ကျန်ရှိသည့် နိုင်ငံရေးအကျဉ်းသား ၃၀ ဦးနှင့် ယခုနှစ်အတွင်း ထပ်မံစိစစ် တွေ့ရှိရသည့် အကျဉ်းသား ၃၀ ကို အစိုးရထံ တင်ပြထားပြီး ၄င်းတို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ် ပြုနိုင်ရေးအတွက် ထပ်မံဆွေးနွေးရဦးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

လက်ရှိ အကျဉ်းထောင်များအတွင် ပြစ်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၆၁ ဦးရှိပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် အများဆုံးဖြစ်ပြီး တရားရင်ဆိုင်နေရသော လူ့အခွင့်အရေး တက်ကြွလှုပ်ရားသူ ၈၀ ကျော်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ထံမှသိရသည်။

ထို့အပြင် မေလ ၂၉ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ထုတ်ပြန်ပေးရန် နိုင်ငံတော်သမ္မတသို့ တိုက်တွန်းသည့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အဆိုကို ပြည်သူ့လွှတ်တော်က ဆိုင်းငံ့လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်