Thursday, June 19, 2014

ရှမ်းတောင်မှာ RCSS/SSA အဖွဲ့ လူသစ်စုပြန်

Posted by drmyochit Thursday, June 19, 2014, under | No comments


ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်းရှိ မြို့နယ်(၃)ခုတွင် ဇွန် ဒုတိယပတ်မှစ၍ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

RCSS/SSA ဥက္ကဋ္ဌ ရွက်ဆစ်နှင့် MPC အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းတို့ ချင်းမိုင်တွင် တွေ့ဆုံနေချိန်ဖြစ် သော်လည်း ငြိမ်းချမ်းရေးသဘောတူညီမှုများ နောက်ကွယ်တွင် ယခုကဲ့သို့ လူသစ်စုဆောင်းမှုများ ပြုလုပ်နေ ခြင်းက မေးခွန်းထုတ်စရာ ဖြစ်နေသည်။

“ လင်းခေးခရိုင်ထဲက လင်းခေးမြို့နယ်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့နယ်တွေမှာ လူသစ်တောင်းနေတာပါ၊ ဆန္ဒ မရှိဘဲ အတင်းအကြပ် လိုက်ခိုင်းတာလည်း မလုင်ချင်ဘူး၊ သူတို့အဖွဲ့က အတင်းလာခေါ်ရင်တော့ ဘာမှ မတတ်နိုင်ဘူးပေါ့၊ ရွာတွေမှာ လိုက်ချင်တဲ့သူ မရှိဘူး ” ဟု မိုးနဲမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ နမ့်စန်၊ ခိုလမ်၊ လင်းခေး၊ မိုးနဲ၊ ကျိုင်းတောင်း၊ မိုးမောက်၊ မိုင်းပန် စသည့်မြို့နယ်များတွင် လူသစ်စုဆောင်းမှုများကို ဆက်တိုက်ပြုလုပ်လာမှု ကြောင့် ဒေသခံများလည်း အချို့ မြို့/ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသလို ပြောင်းရွှေ့သွားမှုများလည်း ရှိနေကြောင်း သိရသည်။

“ အခုတလော ဟိုက်ကွေ့ကျေးရွာအုပ်စုထဲက လွယ်ဆပ်တောင်မှာ ရှမ်းစစ်သားတွေ ခြေရှုပ်နေကြတယ်၊ စခန်းလား၊ ဘာလားတော့ သိဘူး၊ တဲတွေ ဆောက်နေတာ မြင်တယ်၊ ပြောနေကြတာတော့ လူသစ်တွေ ရရင် အဲဒီတောင်မှာ သင်တန်းပို့ချမယ်လို့ သိရတယ် ” ဟု လင်းခေးမြို့ခံ ကိုစိုင်းလင်းဦး က ဆိုသည်။

အဆိုပါ မြို့ခံများ၏ ပြောပြချက်အရ RCSS/SSA အဖွဲ့သည် စုဆောင်းထားရှိသော လူသစ်များအား လွယ်ဆပ် တောင်နှင့် လွယ်တိုင်းလျှံဌာနချုပ်များသို့ ပို့ဆောင်ကာ သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

စိုင်းလေး (တောင်ကြီး )
Shan News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်