Monday, July 21, 2014

အစ္စလာမ် ဘာသာသို့ မပြောင်းပါက ဒဏ်ငွေ ပေးဆောင်ရမည်၊ မပေးပါက သေဒဏ် အပေးခံရမည်ဟု ISIS အဖွဲ့ ရာဇသံထုတ်

Posted by drmyochit Monday, July 21, 2014, under | No comments


ဘဂ္ဂဒက်၊ ဇူလိုင် ၂၀

အစွန်းရောက် အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့ ISIS က ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ မြို့တစ်မြို့ ဖြစ်သော မိုဆူးလ်မြို့တွင် နေထိုင်သော ခရစ်ယာန် ဘာသာဝင်များကို အစ္စလာမ် ဘာသာသို့ မပြောင်းပါက ဒဏ်ငွေ ပေးဆောင် ရမည် ဖြစ်ပြီး မပေးပါက သေဒဏ် ပေးခံရမည်ဟု ရာဇသံ ထုတ်ခဲ့ကြောင်း CNN သတင်းဌာ နတွင် ဖော်ပြထားသည်။

ISIS အဖွဲ့က ထိုကဲ့သို့ ရာဇသံ ထုတ်ခဲ့ပြီးနောက် မိုဆူးလ်မြို့မှ ခရစ်ယာန် ဘာသာဝင် မိသားစု အများ အပြားမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာကာ ထွက်ပြေးခဲ့ကြသည်။

စုစုပေါင်း ခရစ်ယာန် ဘာသာဝင် မိသားစု ၅၂ စုမှာ စနေနေ့ အစောပိုင်းက မိုဆူးလ်မြို့မှ ထွက်ပြေးခဲ့ကြပြီး ၎င်းတို့ထဲမှ အချို့မှာ လက်နက်ကိုင်များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် အဝတ်အစား အနည်းငယ်မှလွဲ၍ ၎င်းတို့ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို ထားရစ်ခဲ့ကြရသည်။

“ကျွန်တော်တို့ရဲ့ ရွှေတွေ၊ ငွေတွေနဲ့ ကျောက်မျက်ရတနာတွေ အားလုံး ထားရစ်ခဲ့ရပြီး အဝတ်အစားတွေပဲ ယူသွား ရမယ်လို့ သူတို့က ပြောတယ်” ဟု မိုဆူးလ်မြို့မှ ထွက်ပြေးလာသော ခရစ်ယာန် ဘာသာဝင် တစ်ဦးက ပြောကြားသည်။

ထွက်ပြေးသွားသော ခရစ်ယာန် ဘာသာဝင်များ၏ အိမ်များတွင် ISIS အဖွဲ့က “ISIS အဖွဲ့ပိုင် အဆောက် အအုံ” ဟု အဓိပ္ပာယ်ရသော စာသားများကို အနက်ရောင် ဆေးများဖြင့် လိုက်လံ ရေးသားထားသည်ကို CNN သတင်းဌာန၌ ဖော်ပြထားသော ဓာတ်ပုံများတွင် တွေ့ရှိရသည်။

မိုဆူးလ်မြို့မှ ထွက်ပြေးသော မိသားစုများမှ အများစုမှာ မိုဆူးလ်မြို့ မြောက်ဘက်၊ ၈၇ မိုင်အကွာရှိ ဒိုဟက်ခ်ခရိုင်သို့ ထွက်ပြေးခဲ့ကြပြီး အချို့မှာမူ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိသော အာဘေလ်မြို့သို့ ပြောင်းရွှေ့သွားခဲ့ကြသည်။

ဆွန်နီသူပုန်အဖွဲ့ ISIS သည် အီရတ်နှင့် ဆီးရီးယား နယ်စပ်ဒေသ အများအပြားကို သိမ်းပိုက်ထားပြီး ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများကို စုပေါင်းကာ အစ္စလာမ္မစ် နိုင်ငံတော်အဖြစ် ကြေညာထားသည်။

မိုဆူးလ်မြို့တွင် လက်ရှိ နေထိုင်နေသူများ အားလုံး မိုဆူးလ်မြို့တွင် ဆက်လက် နေထိုင်လိုပါက အစ္စလာမ်ဘာသာသို့ ဝင်ရောက်ရမည် ဖြစ်ပြီး အကယ်၍ မဝင်ရောက်လိုပါက အီရတ်နိုင်ငံသုံး ငွေကြေး ၅၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၇၀ ခန့်) ပေးဆောင်ရမည်ဟု ISIS အဖွဲ့က မိုဆူးလ် မြို့တော်ဝန်အဖြစ် ခန့်အပ်ထားသော ဆယ်လ်မန်အယ်ဖာရီဆီက အမိန့်စာ ထုတ်ခဲ့သည်။

ထိုစာကို ပြီးခဲ့သော ရက်ပိုင်းအတွင်းက မိုဆူးလ်မြို့ရှိ ခရစ်ယာန် ဘာသာဝင်များ၏ အိမ်များကို ဖြန့်ဝေခဲ့ကြောင်းနှင့် အစ္စလာမ် ဘာသာသို့လည်း မဝင်ရောက်လို၊ ဒဏ်ငွေလည်း မပေးဆောင်လိုသူများကို မြို့မှ ထွက်ခွာခွင့် ပြုထားကြောင်း ISIS အဖွဲ့ ခေါင်းဆောင် အဘူဘက်ခ်အယ်လ်ဘတ်ဒါဒီက ပြောကြားသည်။

ရက်စက်ကြမ်းကြုတ်သော သူပုန်အဖွဲ့အဖြစ် နာမည်ဆိုးနှင့် ကျော်ကြားသော ISIS အဖွဲ့သည် ပြီးခဲ့သော ကြာသာပတေးနေ့က ဆီးရီးယားနိုင်ငံ အတွင်းရှိ ရေနံမြေ အများအပြားကို သိမ်းပိုက်ခဲ့ပြီး လူပေါင်း ၂၇၀ ဦးကို သတ်ဖြတ်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်