Monday, July 21, 2014

စစ်တလင်းပေါ် ဖြတ်ကျော်သည့် အရပ်ဘက်လေယာဉ် ပစ်ချခံရမှု မည်သူ့လက်ချက်နည်း

Posted by drmyochit Monday, July 21, 2014, under | No comments


ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများထိန်းချုပ်ထားသော နယ်မြေအတွင်း၌မလေးရှား လေကြောင်းဌာနမှ ခရီးသည်တင်လေယာဉ်တစ်စင်းပစ်ချခံရမှုဖြစ်ရပ်နှင့်ပတ်သက်၍ မိမိတို့တွင်တာဝန်မရှိကြောင်း ရုရှားနှင့်ယူကရိန်းအစိုးရအဖွဲ့များက ငြင်းဆိုလိုက်ကြသည်။

ဇူလိုင် ၁၇ရက် မွန်းလွဲပိုင်းက မလေးရှားလေကြောင်းဌာနမှ ခရီးစဉ်အမှတ် အမ်အိပ်ခ်ျ-၁၇ ပျံသန်းလာသော ဘိုးအင်း ၇၇၇-၂ဝဝ အမျိုးအစား လေယာဉ်သည် လူဟန့်စ်ဒေသရှိ ကရာစသနီလုခ်ျမြို့နှင့်ဒွန်းနက်စ်ဒေသရှိ ရှခါတာ့ခ်မြို့အကြား ဝေဟင်အတွင်းပျက်ကျခဲ့သည်။

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ ပျံသန်းလာသော အရပ်ဘက်ဂျက်လေယာဉ်တစ်စင်းပစ်ချခံရမှုတွင် မိမိတို့ တာဝန်မရှိဟု ခွဲထွက်ရေးသမားများကလည်း ထုတ်ပြန် ကြေညာခဲ့သည်။

ယူကရိန်းပဋိပက္ခသည် ကမ္ဘာ့နိုင်ငံများငြိယှက် ပတ်သက်နေသော အရှုပ်အထွေးဖြစ်ပြီး လေယာဉ်ပေါ်၌ နိုင်ငံသားပေါင်းစုံ လိုက်ပါလာခဲ့ရာ ယင်းလေယာဉ်ပျက်ကျရမှုကို စုံစမ်းစစ်ဆေးရာတွင် နိုင်ငံများပူးပေါင်းပါဝင်သင့်သည်ဟု ယူကရိန်းအစိုးရက ပြောကြားလိုက်ကာ နယ်သာလန်၊ မလေးရှားနှင့် အမေရိကန်ပြည်ထောင်စု
တို့မှ မြို့ပြလေကြောင်း ကျွမ်းကျင်သူပညာရှင်များကို ဖိတ်ခေါ်ခဲ့သည်။

လေယာဉ်ပျက်ကျခဲ့သည့်ဒေသအတွင်း ဇူလိုင် ၁၇ ရက်က မိမိတို့၏ တပ်ဖွဲ့များမည်သည့် စစ်ဆင်ရေး လှုပ်ရှားမှုကိုမျှ လုပ်ကိုင်ခဲ့ခြင်းမရှိဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အလားတူပင် ယူကရိန်းအစိုးရအဖွဲ့က ဂျက်လေယာဉ်ပစ်ချခံရမှုတွင် ပါဝင်ပတ်သက်မှုမရှိဟု ဆိုသည်။ ယူကရိန်းဝေဟင်ပိုင်နက်အတွင်း မိမိတို့၏ ဂျက်တိုက်လေယာဉ်များ ပျံသန်းခဲ့ခြင်းမရှိကြောင်း၊ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ဖျက်ဆီးနိုင်သော ဇုန်နယ်မြေအပြင်ဘက်
တွင် ခရီးသည် လေယာဉ်ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ယူကရိန်းအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လေယာဉ်ပေါ်လိုက်ပါလာသူ ၂၉၈ ဦးသေဆုံးရသောဖြစ်စဉ်နှင့်ပတ်သက်၍ အကျယ်အကျယ်မငြိမ်းဖွယ် ပြောဆိုချက်များပေါ်ထွက်လာသည်။ ယင်းလေယာဉ်ပေါ်၌ ခရီးသည် ၂၈၃ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၅ ဦး လိုက်ပါလာခဲ့သည်။

မလေးရှားလေကြောင်းမှ ခရီးသည်တင်လေယာဉ်သည် ဂရာဘိုဗိုမြို့ဝေဟင်အတွင်း မြေပြင်မှဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရကြောင်း အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူများက ပြောကြားသည်။

ယူကရိန်းအစိုးရတပ်ဖွဲ့နှင့်ရုရှားလိုလားသော ခွဲထွက်ရေးသမားများအကြား တိုက်ခိုက်လျက်ရှိကြသည့် ရုရှားနယ်စပ်အနီး ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသတွင် ခရီးသည်တင်လေယာဉ်ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ လေယာဉ်သည် အမြင့်ပေ ၃၃ဝဝဝ မှ ပျံသန်းနေစဉ်အတွင်း ပစ်ချခံခဲ့ရသည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ယူကရိန်းကြည်းတပ်သည် BUK M1 အမျိုးအစား လေကြောင်းရန် ကာကွယ်ရေးဒုံးပစ်လောင်ချာများ ပိုင်ဆိုင်ခြင်းကြောင့် ခရီးသည်တင်လေယာဉ်ပစ်ချခံရမှုအတွက် တာဝန်ရှိမည်ဟု ယူဆရဖွယ်ဖြစ်ကြောင်း ရုရှားစစ်ဘက်က ထုတ်ပြန်ကြေညာခဲ့သည်။

မိမိတို့သည် ယူကရိန်းစစ်စခန်းတစ်ခုအားသိမ်းပိုက်ခဲ့ပြီးနောက် BUK ဒုံးပစ်လောင်ချာများကို ပိုင်ဆိုင်ထားပြီဟု ခွဲထွက်ရေးတပ်ဖွဲ့က ဇွန်လနှောင်းပိုင်းက ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြွားလုံးထုတ်ခဲ့ရာခရီးသည် တင်လေယာဉ်ပစ်ချရာတွင် ယင်းဒုံးပစ်လောင်ချာ အမျိုးအစားကို အသုံးပြုဖွယ်ရှိသည်ဟု ခန့်မှန်းပြောဆိုလျက်ရှိကြသည်။

ယူကရိန်းမြို့ငယ်လေးဖြစ်သော ဂရာဘိုဗိုမြို့ အထက်ဝေဟင်အတွင်း လေယာဉ်ပေါက်ကွဲပျက်စီးသွားခဲ့ရပြီး မိုင်အနည်းငယ်အတွင်း အပျက်အစီးအပိုင်းအစများ လွင့်စင်ကျရောက်ခဲ့သည်။
မလေးရှားလေကြောင်းလိုင်းမှ ဘိုးအင်းခရီးသည် တင်လေယာဉ်တစ်စင်းဒုတိယမြောက် ဆုံးရှုံးရမှုအတွက် မလေးရှားပြည်သူများယူကျုံးမရအပူလုံးကြွကြရပြန်သည်။

မလေးရှားလေကြောင်းဌာနပိုင် ခရီးသည်တင်လေယာဉ်တစ်စင်းသည် မြို့တော် ကွာလာလမ်ပူမှ မြို့တော်ပေကျင်းသို့ ပျံသန်းစဉ်လမ်းခုလတ်၌ ပျောက်ဆုံးသွားခဲ့သည့် ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီးနောက် လေးလမျှသာ ကြာမြင့်ချိန်တွင် ဒုတိယအကြိမ်ခရီးသည်တင်လေယာဉ်ဆုံးရှုံးရခြင်းဖြစ်သည်။
နိုင်ငံတကာမြို့ပြလေကြောင်းအဖွဲ့ချုပ်နှင့် နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်းတို့က ပျံသန်းမှုကို ပိတ်ပင်ထားခြင်းမရှိသည့်လမ်းကြောင်းတွင် ကြမ္မာငင်ခဲ့ရသော ခရီးသည်တင်လေယာဉ်နှင့် ပတ်သက်၍ အဖြစ်မှန်ကို အတိအကျသိရှိအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်က ထုတ်ပြန်ကြေညာခဲ့သည်။

မလေးရှားလေကြောင်းဌာနက နှစ်ပေါင်းများစွာကြာမျှ အသုံးပြုလာခဲ့သော လမ်းကြောင်းအတိုင်း လေယာဉ်ပျံသန်းခဲ့ကြောင်း၊ လုံခြုံစိတ်ချရသော ယင်းလမ်းကြောင်းကို အာရှနိုင်ငံများရှိ လေကြောင်းဌာန အများစုနှင့်ဥရောပလေကြောင်းဌာန အများအပြားကလည်း အသုံးပြုလျက်ရှိကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးလိုတွန်းလီက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့်တိုင်အောင် ရန်မီးပွားနေသောဒေသ၏ စစ်တလင်းတည်ရာ ဝေဟင်အတွင်းအရပ်ဘက်လေယာဉ်များ ဖြတ်ကျော်ပျံသန်းခြင်းကို ဥရောပနှင့်ယူကရိန်းလေကြောင်း ထိန်းသိမ်းရေးမှူးများက ခွင့်ပြုပေးထားချိန်တွင် ခရီးသည်တင်လေယာဉ်ပစ်ချခံခဲ့ရခြင်းဖြစ်သည်။

ခရီးသည်လေယာဉ် ပစ်ချခံရမှုအတွက် ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံကို အပြစ်ဆိုခဲ့အပြီးတစ်ရက်အကြာတွင် ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသ၌ အပစ်အခတ်ရပ်စဲရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန်တိုက်တွန်းခဲ့သည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ဇူလိုင် ၁၆ရက်က ယူကရိန်းစစ်ဘက်မှ ဂျက်လေယာဉ်နှစ်စင်းကို မိမိတို့ပစ်ချခဲ့သည်ဟု ခွဲထွက်ရေးတပ်ဖွဲ့များက ဝင့်ဝင့်ကြွားကြွားပြောဆိုခဲ့ကြသော်လည်း ခရီးသည်တင် လေယာဉ်ပစ်ချခံရမှုတွင် တာဝန်ယူရန် လက်ရှောင်နေကြသည်လောဟု သံသယပွားလျက်ရှိကြသည်။
ခရီးသည်တင်လေယာဉ်အားပစ်ချသူများကို နိုင်ငံတကာခုံရုံးတွင် ရုံးတင်စစ်ဆေးသင့်ပြီး ပြစ်ဒဏ်ပေးသင့်သည်ဟု ယူကရိန်းဝန်ကြီးချုပ် အာဆင်နီယက်ဆင်ယွတ်က ပြောကြားခဲ့သည်။

ဇူလိုင် ၁၈ ရက် မွန်းတည့်ချိန်အထိ ရုပ်အလောင်းပေါင်း ၁၈၁ ခုကို ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေတွေ့ရှိခဲ့သည်။ခရီးသည်များတွင် ဒတ်ခ်ျ၊ မလေး၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဗြိတိသျှ၊ ဂျာမန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ ကနေဒါနှင့် နယူးဇီလန်နိုင်ငံသားများပါဝင်သည်ဟု မလေးရှားလေကြောင်းဌာနက ပြောကြားသည်။
ခရီးသည်များအနက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ သုတေသီပညာရှင်များပါဝင်ပြီး သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ကျင်းပမည့် နိုင်ငံတကာအေ့ဒ်စ်ရောဂါဆိုင်ရာ ညီလာခံသို့ သွားရောက်မည့်သူများဖြစ်ကြသည်ဟု သိရသည်။

ယူကရိန်းအရေးပေါ်လုပ်ငန်းများဌာနမှ လုပ်သားများသည် လေယာဉ်ပျက်ကျရာနေရာမှ ပျံသန်းမှုသတင်းအချက်အလက် မှတ်တမ်းတင် အသံဖမ်းစက်နှင့် လေယာဉ်မောင်းခန်း အသံများအား မှတ်တမ်းတင်သည့် အသံဖမ်းစက်တို့ကို ရှာဖွေတွေ့ရှိပြီဟု ယူကရိန်းအရှေ့ပိုင်းဒွန်းနက်စ်ဒေသ၏ အုပ်ချုပ်ရေးမှူး ဘာတောဗွီစကီးက ပြောကြားခဲ့သည်။

ဘလက်ဘောက်စ်နှစ်လုံးစလုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်တာဖက်စ်သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သော်လည်း ခွဲထွက်ရေးခေါင်းဆောင်အလတ်ဇန်ဒရားဘော်ရိုဒေးကမူ ဘလက်ဘောက်စ်များကို မတွေ့ရသေးဟု ဆိုသည်။ မကြာမီ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု စတင်ဖွယ်ရှိသည်။ ။

ကိုရင်သြ
Myanmaalinn

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်