Monday, July 21, 2014

MH-17 ပျက်ကျသည့် နေရာကို အကန့်အသတ်မရှိ စုံစမ်းစစ်ဆေးခွင့်ရရန် မလေးရှားတောင်းဆို

Posted by drmyochit Monday, July 21, 2014, under | No comments


မလေးရှား လေကြောင်းလိုင်းပိုင် MH-17 ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့သော နေရာကို ကန့်သတ်ချက် မရှိဘဲ စစ်ဆေးခွင့်ပေးရန် မလေးရှား နိုင်ငံက တောင်းဆိုလိုက်သည်။

ယူကရိန်း အရှေ့ပိုင်းရှိ အစိုးရ ဆန့်ကျင်ရေး သူပုန်များ ထိန်းချုပ်ထားရာ ဒေသတွင် ဒုံးကျည်ဖြင့် ပစ်ချခံရသည်ဟု ယူဆရသော အခြေအနေကြောင့် MH-17 ပျက်ကျခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် အဖွဲ့များ အနေဖြင့် လေယာဉ်ပျက်ကျမှုကို စုံစမ်းအဖြေရှာရန် ကြိုးစားနေသော်လည်း လုံခြုံရေး အကြောင်းပြချက်ဖြင့် သူပုန်တပ်များက ကန့်သတ်ထားသဖြင့် ပြည့်ပြည့်ဝဝ အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။

မလေးရှား ပို့ဆောင်ရေးဝန်ကြီး လီယော် တီအွန်လိုင်က လေယာဉ်ပျက်ကျသည့် နေရာကို အပြည့်အဝ ပွင့်လင်းမြင်သာစွာ၊ စစ်ဆေးခွင့်ပေးရန်၊ ကျွမ်းကျင်သူများ၏ လုံခြုံရေးကဏ္ဍကို အာမခံပေးရန်နှင့် ရုပ်အလောင်းများကို ပြန်လည် လွှဲအပ်ရန် တောင်းဆိုလိုက်သည်။ လေယာဉ်ပျက်ကျမှုကို စုံစမ်းနေသည့် ကျွမ်းကျင်ပညာရှင်များအတွက် ကန့်သတ်မှုများ ရှိနေခြင်းကို မလေးရှား အစိုးရက အလွန် စိုးရိမ်ကြောင်းလည်း ၎င်းက ဆိုသည်။

“နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရှာဖွေ စုဆောင်းယူမှုတွေအတွက် လေယာဉ်ပျက်ကျတဲ့ နေရာကို အတားအဆီးမရှိ စစ်ဆေးနိုင်ဖို့ အရမ်းအရေးကြီးပါတယ်”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

လီယော်သည် ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် ဗိုလိုဒီမာ ဂရိုင်စ်မန်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ဂရိုင်စ်မန်သည် MH-17 ပျက်ကျမှုအတွက် ယူကရိန်း အစိုးရက ဖွဲ့စည်းထားသည့် အထူးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

လီယော်က “ယူကရိန်း အစိုးရကတော့ နိုင်ငံတကာ ပညာရှင်တွေအတွက် လေယာဉ်ပျက်ကျတဲ့ နေရာထိ သွားရောက်ဖို့ လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းတစ်ခု ဖန်တီးမပေးနိုင်ကြောင်း ပြောထားပါတယ်။ ပြီးတော့ လေယာဉ်ပျက်ကျတဲ့ နေရာ အနီးတဝိုက်မှာ ပညာရှင်တွေအတွက် လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ဘူးလို့လည်း ဝန်ခံထားတယ်”ဟု ဆိုသည်။ လေယာဉ်ပျက်ကျသည့် နေရာတဝိုက်ကို စစ်ဆေးရန် မလေးရှား၊ ဗြိတိန် လေကြောင်း မတော်တဆမှု စုံစမ်းရေးဌာန (AAIB)နှင့် အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှု ဘုတ်အဖွဲ့ (NTSB)မှ ပညာရှင်များ သွားရောက်ရန် အသင့်ရှိနေသော်လည်း လုံခြုံရေး ပြဿနာများကြောင့် နှောင့်နှေးလျှက် ရှိသည်။

MH-17 သည် Boeing 777-200 အမျိုးအစား လေယာဉ်တစ်စီးဖြစ်ပြီး အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ဦးတည်ပျံသန်းစဉ် ဇူလိုင်(၁၇)ရက်က မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တစ်စင်း ထိမှန်သည်ဟု ယူဆရသော အခြေအနေကြောင့် မီးလောင်ပေါက်ကွဲခဲ့သည်။ လေယာဉ်သည် ယူကရိန်း အရှေ့ပိုင်း ဒိုးနက်စ်ခ်ဒေသ အနီးတွင် ပျက်ကျခဲ့ပြီး လိုက်ပါခဲ့သူ (၂၉၈)ဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။

7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်