Tuesday, July 31, 2012

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ရခိုင်ပြည်နယ် သွားမည်

Posted by drmyochit Tuesday, July 31, 2012, under | No comments

မူဆလင် နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံအား ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရန် တောင်းဆိုခဲ့ကြ ပြီးနောက် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်သည် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် ကွင်တားနား သည် ယခုအပတ်အတွင်း အစိုးရ အရာရှိများနှင့် တွေ့ဆုံ ကာ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောနှင့် ကချင် ပြည်နယ်သို့ သွားရောက်မည်ဟု ကုလသမဂ္ဂ အရာရှိများက ဆိုကြသည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံအား ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ပတ်သတ်သည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု ကို ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။

Tomas-Ojea-Quintana-arrives-in-Rangoon
မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကွင်တားနား သည် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ Photo: AFP

လွန်ခဲ့သည့် နှစ်လအတွင်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မူဆလင်များနှင့် ဗုဒ္ဓဘာသာ ရခိုင်များအကြား ဖြစ်ပွါးခဲ့သည့် လူ ၇၈ ဦး သေဆုံးကာ ထောင်နှင့်ချီသော အိမ်များနှင့် စီးပွါးရေးလုပ်ငန်းများ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ပဋိပက္ခနှင့် ပတ်သတ်၍ ယုံကြည် စိတ်ချလောက်သည့် စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ရန် နိုင်ငံတကာ အဖွဲ့အစည်းများက လွန်ခဲ့သည့်အပတ်အတွင်း တောင်းဆိုခဲ့ကြသည်။

ထိုဖြစ်ရပ်အပေါ် မူဆလင် အစိုးရများနှင့် အဖွဲ့အစည်းများ၏ အာရုံစိုက်မှုသည် မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများအား လူ့အခွင့်အရေးများ ပိုမိုပေးအပ်လာစေရန် ဖိအားပေးရာတွင် အထောက်အကူ ဖြစ်နိုင်သော်လည်း တဘက်တွင် အခြေအနေအား ပိုမိုဆိုးသွားစေနိုင်သည် ဟု နိုင်ငံတကာ ပဋိပက္ခများ လေ့လာရေးအဖွဲ့ ICG မှ Jim Della-Giacoma က လွတ်လပ်တဲ့အာရှအသံ (RFA)သို့ ပြောကြားခဲ့သည်။

“ဒီကိစ္စဟာ မြန်မာလူမျိုးတွေ လှုပ်ရှားနေတဲ့ ကိစ္စတခုဖြစ်ပြီးတော့ အဲဒါဟာ ပြဿနာရဲ့ အစိတ်အပိုင်း တခုလည်း ဖြစ်ပါ တယ်။ ဒါကြောင့် ပြည်ပက အင်အားစုတွေရဲ့ ဘယ်လို ခြိမ်းခြောက်မှု ပုံစံမျိုးကမဆို အမျိုးသားရေးကို ပိုမိုပြင်းထန် သွားစေမှာ ဖြစ်တဲ့အတွက် ပြဿနာကို ကူညီဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး” ဟု Della-Giacoma က ဆိုသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့ကလည်း ပါကစ္စတန် နိုင်ငံရှိ တာလီဘန် အကြမ်းဖက် အဖွဲ့တဖွဲ့က မြန်မာနိုင်ငံ၏ ရိုဟင်ဂျာ မူဆလင်များအပေါ် ဆက်ဆံပုံနှင့် ပတ်သတ်၍ မကျေနပ်သဖြင့် မြန်မာနိုင်ငံအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ၎င်းTehreek-e-Taliban (TTP)အဖွဲ့၏ ကြေညာချက်ထဲတွင် ပါကစ္စတန် အနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရေး အားလုံး ဖြတ်တောက် ရပ်ဆိုင်းခြင်းနှင့် အစ္စလာမ်မာဘတ် ရှိ မြန်မာသံရုံးကို ပိတ်ခြင်းတို့ မပြုလုပ်ပါက ရိုဟင်ဂျာများ အပေါ် ပြုလုပ်ခဲ့သည့် ရာဇဝတ်မှုများကို တုန့်ပြန်သည့်အနေဖြင့် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ဆိုထားသည်။

ထိုအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူက ပါကစ္စတန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးများ ရပ်ဆိုင်းရန်နှင့် မြန်မာ သံရုံးအား ပိတ်လိုက်ရန် တောင်းဆိုခဲ့သည်။

“ဒီလိုမှ မဟုတ်ရင်တော့ ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွါးတွေကို နေရာတိုင်းမှာ တိုက်ခိုက်ရုံတင် မကဘဲ
မြန်မာနိုင်ငံကိုလိုလားတဲ့ ပါကစ္စတန်တွေကိုပါ တယောက်ချင်း တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်” ဟု ကြေညာချက်ထဲတွင် ဆိုထားသည်။

သို့ရာတွင် တာလီဘန်တို့၏ ခြိမ်းခြောက်မှုများအား ပြည်တွင်းပြည်ပရှိ ရိုဟင်ဂျာအဖွဲ့များက ဆန့်ကျင် ပယ်ချခဲ့ကြသည်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး ထိုင်းနိုင်ငံ မြန်မာရိုဟင်ဂျာများအသင်းတွင် လုပ်ကိုင်နေသူ မောင်ကျော်နု က ထိုခြိမ်းခြောက်မှုနှင့် ပတ်သတ်၍ လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာနသို့ ပြောကြားခဲ့ရာတွင် ရိုဟင်ဂျာ အများစုအနေဖြင့် အကြမ်းဖက်မှုကို လက်မခံကြဟု ဆိုသည်။

“ကျနော်တို့တွေတောင် အဲဒါကို မကြိုက်ပါဘူး။ ခင်ဗျား သိတဲ့အတိုင်းပဲ၊ ကျနော့်ရဲ့ မြန်မာ့နိုင်ငံရေး သဘောထားက
ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ပြန်လည်ထူထောင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။ “ကျနော်တို့အနေနဲ့ သူတို့ကို ပြင်းထန်စွာ ဝေဖန်ကန့်ကွက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သတ်မှ မဟုတ်ပါဘူး။ ဒီကမ္ဘာထဲမှာ ရှိတဲ့ ဘယ်နေရာမှာမဆို [အကြမ်းဖက်မှုတွေကို] ကျနော်တို့ ကန့်ကွက်ပါတယ်” ဟု မောင်ကျော်နု က ဆိုသည်။

သူက ဆက်လက်ပြောဆိုရာတွင် ထိုခြိမ်းခြောက်မှုများကြောင့် မြန်မာပြည်ရှိ ရိုဟင်ဂျာများအား လူအများစုက ပိုမိုဆန့်ကျင်လာစေနိုင်သည်ဟု ဆိုခဲ့သည်။

ရိုဟင်ဂျာ အရေးကို စောင့်ကြည့်လေ့လာနေသည့် အာရကန် စီမံကိန်းမှ Chris Lewa က တာလီဘန်များက အကြမ်းဖက်ရန် ခြိမ်းခြောက်မှု အပြီးတွင် မြန်မာစစ်တပ်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မူဆလင် ဘာသာရေး
ခေါင်းဆောင် ၃၈ ဦးအား ကြာသပတေးနေ့က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“မြန်မာစစ်တပ်ဟာ နယ်စပ်တလျှောက်မှာရှိတဲ့ ဘူးသီးတောင်နဲ့ မောင်တောက ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးခြင်းအားဖြင့် တုံ့ပြန်ခဲ့ပါတယ်” ဟု Chris Lewa က ဆိုခဲ့ပြီး အချို့ မူဆလင်ဘာသာရေး ခေါင်းဆောင်များမှာမူ မူစလင်များ အထွတ်အမြတ်ထားရာ ဥပုသ်လ မတိုင်ခင် ကြိုတင်၍ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

Lewa က ဆက်လက် ပြောကြားရာတွင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများသည် လူမျိုးတုံး သတ်ဖြတ်မှုမျိုး မဟုတ်ကြောင်းနှင့် ရိုဟင်ဂျာများအား နှင်ထုတ်ခြင်း သို့မဟုတ် ဒုက္ခသည်စခန်းများတွင် ထားရှိခြင်း သည်သာလျှင် ရိုဟင်ဂျာ ကိစ္စအတွက် တခုတည်းသော အဖြေဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ အစောပိုင်း တွင် ပြောကြားခဲ့ခြင်း၏ အကျိုးဆက် တစိတ်တဒေသအဖြစ် ပုံကြီးချဲ့မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။ ရိုဟင်ဂျာများအား မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးက နိုင်ငံသားပေးရန် ငြင်းဆန်ထားကြသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) မှ မြန်မာ့အရေး သုတေသီ တဦးဖြစ်သူ Benjamin Zawacki ကလည်း RFA သို့ ပြောကြားခဲ့ရာတွင် ပဋိပက္ခအား ဘာသာရေးပဋိပက္ခ သက်သက်အဖြစ်သာ ရှုမြင်ပါက မှားယွင်း လိမ့်မည်ဟု ဆိုခဲ့ပြီး ထိုကိစ္စအား တိုင်းရင်းသား လူနည်းစု အုပ်စုများ၏ ရုန်းကန်မှု အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သင့်သည်ဟု ဆိုသည်။

“ဘာသာရေးဟာ [ပဋိပက္ခရဲ့] အစိတ်အပိုင်း တခုလို့ ကျနော်ထင်ပေမယ့် ဘာကြောင့် ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ ဖြစ်ပွါးနေရသလဲ ဆိုတာကသာ အဓိက ကျပြီး ဘာသာရေး [ပြဿနာ] ဟာ သာမညသာ ဖြစ်ပါတယ်” ဟု Zawacki က ဆိုသည်။

မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း အမှန်ကို မစူးစမ်းဘဲ ရိုဟင်ဂျာများအပေါ် မလိုမုန်းထားစိတ် ကြိုတင်ရှိနေခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့သည် လူနည်းစုများ၏ အခွင့်အရေးကို ပိတ်ပင်တားဆီးသည့် မြန်မာအစိုးရ၏ မူဝါဒများမှ ထွက်ပေါ်လာသည့် အသီးအပွင့် တစိတ်တဒေသ ဖြစ်သည်ဟု သူက ဆိုသည်။

ထိုမူဝါဒများ၏ အကျိုးဆက် အနေဖြင့် မြန်မာနိုင်ငံသား တော်တော်များများမှာ ရိုဟင်ဂျာများအား ခွဲခြားဆက်ဆံခြင်း သည် တရားမျှတသည်ဟု ထင်မြင်လာကြသည်ဟု Zawacki က ဆိုသည်။

AI အဖွဲ့ ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြရာတွင် ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ်မှ ငြင်းဆန် ထားသော ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား အက်ဥပဒေအား ပြင်ဆင်ခဲ့ပါက ပြဿနာအား စတင်ဖြေရှင်းနိုင်လိမ့်မည်ဟု ဆိုကြသည်။

ထိုအတောအတွင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က အယ်လ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ်
နိုင်ငံ အနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာ ဒုက္ခသည်များအား နောက်ထပ် လက်မခံနိုင်
တော့ဟု ဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လူဦးရေ အလွန်အမင်းများပြားနေပြီဟု အကြောင်းပြကာ ဘင်္ဂလားဒေ့ရှ်၏ မူဝါဒကို ကာကွယ်ခဲ့သည်။ ကုလသမဂ္ဂ ဒုက္ခသည် စခန်းတခုတွင် ရိုဟင်ဂျာ ၃ဝ,ဝဝဝ ခန့် ရှိနှင့်ပြီး ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတွင် ခန့်မှန်းခြေ ရိုဟင်ဂျာ သုံးသိန်းခန့် ရှိနေသည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ဒုက္ခသည် အားလုံးအား ကူညီရန်မှာ သူ့နိုင်ငံ၏ တာဝန်မဟုတ်ဟု ဆိုခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်