Tuesday, July 31, 2012

မန်မာ့စီးပွါးရေး ပြုပြင်ပြောင်းလဲရေး၏ နိုင်ငံရေး အကြောင်း အစီရင်ခံစာ

Posted by drmyochit Tuesday, July 31, 2012, under | No comments


(နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ ICG)

မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းနှင့် စီးပွါးရေး ပြန်လည်တည်ဆောက်မှု လုပ်ငန်းတို့မှာ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေသည်။ လက်ရှိ လုပ်ဆောင်လျက်ရှိသော မြန်ဆန်လှသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင် ရန်မှာ အစိုးရ၊ နိုင်ငံတွင်းမှ ရေပေါ်ဆီ လူ့မလိုင် လူတန်းစားနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ လက်တွဲ လုပ်ဆောင်မှ သာ ဖြစ်မည်ဟု နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ကြီး (ICG) မှ ထုတ်ပြန်လိုက်သော အစီရင်ခံစာ တစောင်တွင်
ဖော်ပြထားသည်။

ယခင် သီတင်းပတ်က ထုတ်ပြန်လိုက်သော “မြန်မာနိုင်ငံမှ စီးပွါးရေးပြုပြင်ပြောင်းလဲမှု၏ နိုင်ငံရေး” ဆိုသည့် အစီရင်ခံစာတွင် သမ္မတ ဦးသိန်းစိန်နှင့် သူ့အစိုးရအဖွဲ့က ဆောင်ရွက်လျက်ရှိသော ရည်မှန်းချက် ကြီးမားလှသည့် စီးပွါးရေး ပြောင်းလဲမှု လုပ်ငန်းများ၏ စိန်ခေါ်မှုများနှင့် အကျိုးကျေးဇူးများကို စေ့ငုလေ့လာ တင်ပြထားသည်။

အိမ်နီးချင်း နိုင်ငံများကို အမီလိုက်၍ လျင်မြန်စွာ ကြီးထွားလာသော စီးပွါးရေးတရပ်ကို တည်ဆောက်ရန်အတွက် အစိုးရသည် ယခင် စီးပွါးရေး စနစ်ဟောင်းက တည်ရှိခဲ့သော ကန့်သတ် တားဆီးထားမှုများနှင့် အခွင့်ထူးခံမှုများကို ဖယ်ရှားလိုသည်ဟု အစီရင်ခံစာက သူတို့၏ တွေ့ရှိချက် အကျဉ်းတွင် ရေးသားဖော်ပြထားသည်။ စီးပွါးရေး စနစ်ဟောင်းက စစ်တပ်၊ ပါတီအထက်လွှာနှင့် လက်ရင်းတပည့် ခရိုနီ စီးပွါးရေးသမားများကိုသာ အကျိုးဖြစ်ထွန်း
စေခဲ့သည်။


“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို တကယ်ကောင်းအောင် လုပ်မည်ဆိုပါက နိုင်ငံတဝှမ်းမှ အများစုသော ပြည်သူများ အတွက် အကျိုးရှိစေမည် ဖြစ်သည်။ သို့သော် အစိုးရဟောင်း လက်ထက် ကန့်သတ် ပိတ်ပင်မှုများနှင့် အခွင့်ထူး ခံစားခွင့်များကြောင့် လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရရှိကာ အကျိုးအမြတ် ကြီးကြီးမားမား ရခဲ့သူများကမူ ထိုအခွင့်ထူး များ လက်လွတ် ဆုံးရှုံးကြရလိမ့်မည် ဖြစ်သည်။ ခရိုနီ စီးပွါးရေးသမားများ၊ စစ်တပ်နှင့်ပါတီ ယန္တရားမှ ထိပ်တန်း ပုဂ္ဂိုလ်များကမူ ဆက်လက် အခြေအနေ ကောင်းနေဆဲဖြစ်ပြီး သူတို့ အနေဖြင့် စည်းမျဉ်းသစ်များနှင့် အညီ စီးပွါးရေး လုပ်ကိုင်ကြရန်လိုကာ အခွန်အကောက်များလည်း ပေးဆောင်ဘို့ လိုသည်။ ပြည်တွင်းနှင့် နိုင်ငံရပ်ခြားမှ လုပ်ငန်းများနှင့် ပြိုင်ဆိုင် လုပ်ကိုင်ကြရန်လည်း လိုသည်” ဟု ICG ၏ အရှေ့တောင်အာရှ ပရောဂျက် ဒါရိုက်တာ Jim Della-Giacoma က ပြောသည်။

စီးပွါးရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများသည် အကြီးအကျယ် ပြောင်းလဲမှုများကို ဆောင်ကြဉ်းလာမည် ဖြစ်သော်လည်း၊ အထူးသဖြင့် အစိုးရဟောင်း၏ အဓိက ဒေါက်တိုင်များကို ပြောင်းလဲစေမည် ဖြစ်သော်လည်း ဤစီမံကိန်းကို တားဆီး
နှောင့်ယှက်မည့် ကြိုးပမ်းမှု အနည်းငယ်သာ ရှိခဲ့သည်။ ယခင်က အခွင့်ထူးခံစားခဲ့ရသော စီးပွါးရေးသမားများသည် ပြိုင်ဆိုင်မှုရှိပြီး ကြီးထွားလာနေသည့် ကမ္ဘာ့စီးပွါးရေးတွင် ဝင်ရောက်ယှဉ်ပြိုင် လုပ်ကိုင်လျှင် ရရှိမည့် အကျိုးကျေးဇူးများ ကို သိရှိကြသည်။ ထို့ကြောင့် စီးပွါးရေးပြုပြင် ပြောင်းလဲမှု လုပ်ငန်းများကို နောက်ပြန်တွန်းကြမည့်အစား ယခုတိုင် အခွင့်ထူး ခံစားနေရဆဲဖြစ်သော ရေပေါ်ဆီ စီးပွါးရေးသမားများသည် ယခင်အခွင့်ထူးခံစားခဲ့ရသော အတိတ်ဟောင်းနှင့် အဆက်ဖြတ်ကာ စီးပွါးရေးသစ်တွင် အပြည့်အဝ ပါဝင်လုပ်ကိုင်လိုလာကြသည်။ ထို့ပြင် စီးပွါးရေး ပြုပြင်တည်ဆောက်မှု လုပ်ငန်းတွင် အတားအဆီးတရပ် ဖြစ်နေသည်ဟု ယူဆထားကြသော ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး မကြာမီက နုတ်ထွက်သွားခြင်းကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို အထောက်အကူ ပြုလိမ့်မည်ဟု အစီရင်ခံစာက ဆိုထားသည်။

သို့သော် သမ္မတ ဦးသိန်းစိန်အတွက်မူ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ အစိုးရ၏ အကန့်အသတ်နှင့်သာ ရှိသော အတွေ့အကြုံနှင့် အတတ်ပညာ ကျွမ်းကျင်ပိုင်နိုင်မှုသည် စီးပွါးရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်း၏ အရှိန်နှင့် ထိရောက်မှုကို အတားအဆီး ဖြစ်နေသည်။ ယင်းကြောင့် အမြစ်ကစ ပြောင်းလဲရမည့် မူဝါဒသစ်များ အကောင်အထည်
ဖော်ရေးကို မလုပ်နိုင် ဖြစ်နေရသည်။ ဤ ချို့ယွင်းချက်သည် မူဝါဒများကို လျင်လျင်မြန်မြန် ထိန်းညှိလုပ်ကိုင်ရမည့် အခါမျိုးတွင် သိသာလာလိမ့်မည်ဟု ICG အစီရင်ခံစာက ဆိုသည်။

နိုင်ငံရေး တည်ငြိမ်မှုအတွက် အာမခံချက် မရှိပါက စီးပွါးရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းသည် မအောင်မြင်နိုင်ပါဟု လည်း အစီရင်ခံစာ က ပြောထားသည်။ အလားတူပင် စီးပွါးရေး တိုးတက်မှုနှင့် တန်းတူညီမျှမှု မရှိပါကလည်း အစိုးရ စနစ် အသွင်ကူးပြောင်းရေး လုပ်ငန်းသည် မအောင်မြင်နိုင်ပါဟုလည်း ဆိုထားသည်။ အများစုသော ပြည်သူလူထုအပေါ် လက်တွေ့ကျကျ ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိသည့် လုပ်ငန်းများဖြစ်သော လျှပ်စစ်မီး ရရှိရေး၊ မြေယာ ဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ ပိုမိုကောင်းမွန်သည့် ပြည်သူ့ သယ်ယူပို့ဆောင်ရေးစနစ်၊ ဈေးသက်သာသော ဆက်သွယ်ရေး ဝန်ဆောင်မှုများ၊ ပညာရေးနှင့် ကျန်းမာရေးတွင် တရားမဝင် ပေးဆောင်နေရသည့် အခကြေးငွေများမှ သက်သာရေး စသည့် လုပ်ငန်းများလည်း အထက်ပါ စီးပွါးရေး တိုးတက်မှုနှင့် တန်းတူညီမျှရေးတွင် အကြုံးဝင်သည်။

တခုနှင့်တခု ခွဲခြားမရနိုင်သော စီးပွါးရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ အောင်မြင်လာပြီး တိုင်းပြည်၏ အသွင်ကူးပြောင်းရေး လုပ်ငန်းများမှ အကျိုးအမြတ် သိသိသာသာ ရရှိလာပါက မြန်မာအစိုးရ၊ စစ်တပ်၊ ရေပေါ်ဆီ လူ့မလိုင် စီးပွါးရေးသမားများနှင့် ပြည်သူလူထုသည် ထိုလုပ်ငန်းများကို ကြိုဆိုကြမည်သာဖြစ်ပြီး ယင်းလုပ်ငန်းများ အကောင်အထည် ဖော်ရေးတွင်လည်း ဝင်ရောက်လုပ်ကိုင်ကြမည်သာ ဖြစ်သည်ဟု အစီရင်ခံစာတွင် ရေးသား ထားသည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့်လည်း ယခင် စစ်အစိုးရဟောင်းအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးရေး အပါအဝင် ထောက်ခံကူညီရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ပေးရန်မှာ အရေးကြီးသည်။ အထက်လွှတ်တော် ကော်မတီတရပ်က ယခုလအတွင်း ထောက်ခံတင်ပြလိုက်သကဲ့သို့ မြန်မာပြည်မှ သွင်းကုန်များကို အမေရိကန်နိုင်ငံက ဆက်လက် ပိတ်ဆို့ထားမည်ဆိုပါက ဆန့်ကျင်ဘက် အကျိုးရလဒ်ကိုသာ ဆိုးဆိုးရွားရွား ရရှိစေလိမ့်မည် ဖြစ်သည်ဟုလည်း ICG အစီရင်ခံစာတွင် ရေးသားထားသည်။

“စီးပွါးရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ အောင်မြင်စေရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များလည်း ချောချော
မွေ့မွေ့ ရှိဘို့ လိုပါသည်။ နိုင်ငံရေး တည်ငြိမ်မှုအတွက် အာမခံချက်ရှိမှလည်း ယခင် အာဏာရှင်ဟောင်းပုံစံ အုပ်ချုပ်ရေး ကို အစိုးရသစ်က ပြောင်းလဲဆောင်ရွက်နိုင်ပါလိမ့်မည်။ ယင်းနှစ်ခုလုံးသည် မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲရေးအတွက် အရေးပါသည်” ဟု ICG ၏ အာရှပရိုဂရမ် ဒါရိုက်တာ Paul Quinn-Judge က ပြောဆိုသွားသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်