Saturday, August 11, 2012

မြန်မာ့စက်မှုဆိပ်ကမ်းအတွက် ကျပ်သန်း ၅၆၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည်

Posted by drmyochit Saturday, August 11, 2012, under | No comments



From:ခေတ်လူငယ်

မြန်မာ့စက်မှုဆိပ်ကမ်း ၃၊ ၄၊ ၅ ဆိပ်ခံတံတားနှင့် ကုန်သေတ္တာလွင်ပြင် တည်ဆောက်ရေးအတွက် တိုင်းရင်း သားလုပ် ငန်းရှင်မှ BOT စနစ်ဖြင့် အငှားလုပ်ကိုင်ခွင့်ရရှိကာ ယင်းစီမံကိန်းအတွက် ကျပ်ငွေသန်းပေါင်း ၅၆၀၀၀ နှင့် အမေရိကန် ဒေါ်လာ ၄၅ သန်း ပူးပေါင်းရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းစီမံကိန်း လုပ်ဆောင်ခွင့်ကို မြန်မာ့ အဏ္ဏဝါစွမ်းအားရှင်ဂရု(ပ်)(အက်စ်) ကုမ္ပဏီလီမိတက်မှ ရရှိခဲ့ကာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ယင်းကုမ္ပဏီတို့ကြား BOT စနစ်ဖြင့် တည်ဆောက်၍ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်းအတွက် ချုပ်ဆိုမည့် ပဋိ ညာဉ်စာချုပ်နှင့် မြေငှားစာချုပ် လက်မှတ်ထိုးပွဲ အခမ်းအနားအား သြဂုတ်လ ၄ ရက်က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းကိုယ်တိုင် တက်ရောက်ခဲ့သည်။ “၂၀၁၅ မှာ ဖြစ်ပေါ်လာမယ့် အာဆီယံပူးပေါင်းဆောင်ရွက်မှု အခြေအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အများကြီး ရှိတဲ့အ တွက်ကြောင့် နောက်ကျန် ၃ နှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍတွေကို အခြားအာဆီယံနိုင်ငံတွေနဲ့ ရင်ပေါင် တန်းနိုင်အောင် မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍကို အားပေးဆောင်ရွက်တာ ဖြစ်ပါတယ်။ ရန်ကုန်ဆိပ်ကမ်းနဲ့ ပတ်သက်လို့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ဆိပ်ကမ်းအချိုးကို ကြည့်ရင် နိုင်ငံပိုင်က ၃၃ ရာခိုင်နှုန်း၊ ပုဂ္ဂလိကက ၆၇ ရာခိုင်နှုန်း ရှိတယ်။ အဏ္ဏဝါစွမ်းအားရှင်ဂရု(ပ်)(အက်စ်) အနေနဲ့ ပိုင်ရှင်က တိုင်းရင်းသားစစ်စစ်ဖြစ်တယ်။ ဆိပ်ကမ်း (၁) နဲ့ (၂) ကို ၂၀၀၃ ခုနှစ်ကတည်းက အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သလို အခု (၃၊ ၄၊ ၅) သုံးခုကိုလည်း တိုးချဲ့ပြီး လုပ်ငန်း အောင်မြင်အောင် ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ ယင်းကုမ္ပဏီအနေဖြင့် မြန်မာ့စက်မှုဆိပ်ကမ်း (၁၊ ၂) ဆိပ်ခံတံတားများ၏ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းကို လုပ်ဆောင် ရာတွင် အောင်မြင်မှုရှိခဲ့ပြီး တစ်ဆက်တည်းရှိ အလုံသင်္ဘောကျင်းနေရာအား ဆိပ်ခံတံတားနှင့် ကုန်သေတ္တာလွင်ပြင် သို လှောင် စခန်းများ တည်ဆောက်ခြင်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခွင့် အဆိုပြုတင်ပြလာပြီး စုစုပေါင်း ပြည်တွင်းသုံးငွေ ကျပ်သန်းပေါင်း ၅၆၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည်ဟု တင်ပြထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ဆိုသည်။ “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း မြန်မာ့အဏ္ဏဝါစွမ်းအားရှင်ဂရု(ပ်)(အက်စ်) ရဲ့ တင်ပြချက်အပေါ် မြန်မာ့စက်မှုဆိပ်ကမ်းအမှတ် (၃၊ ၄၊ ၅) တည်ဆောက်ပြီး ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ဖို့အတွက် ဇူလိုင် ၂၄ ရက်က ခွင့်ပြုမိန့် အမှတ် မနသ ၈၅၆/၂၀၁၂ နဲ့ ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပါတယ်” ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။ အဆိုပါ ဆိပ်ခံတံတား ၃ ခုတည်ဆောက်ပြီးစီးပါက အမှတ်(၁၊ ၂) ဆိပ်ခံတံတားနှင့် တစ်ဆက်တည်း ရှိလာမည်ဖြစ်ကာ ဆိပ်ခံတံတားများ၏ စုစုပေါင်းအရှည်မှာ ၇၅၀ မီတာရှိလာမည်ဖြစ်ပြီး ကုန်သေတ္တာတင် သင်္ဘောကြိး ၅ စီး (သို့မဟုတ်) သင်္ဘောလတ် ၆ စီး တစ်ပြိုင်နက် ဆိုက်ကပ်၍ ဆိပ်ကမ်းဝန်ဆောင်မှုကို လျင်မြန်စွာ ဆောင်ရွက်သွားနိုင်မည့် နိုင်ငံတ ကာအဆင့်မီ ဆိပ်ကမ်းကြီးတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်