Thursday, September 20, 2012

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာချန်းချန်နှင့် 7Day News အင်တာဗျူး

Posted by drmyochit Thursday, September 20, 2012, under | No comments




From : 7day

နိုင်ငံအတွင်း အရပ်သားအစိုးရ တက်လာပြီး လက်ရှိ မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ် နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံအပါအ၀င် အာဆီ ယံနိုင်ငံများဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာချန်းချန်နှင့် 7Day News ဂျာနယ်တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ သြဂုတ် ၂၈ ရက်က တွေ့ဆုံခွင့်ရခဲ့သည်။

မစ္စတာချန်းက ဗမာစကားကို တက္ကသိုလ်တွင် မေဂျာယူ တက်ရောက်သင်ကြားခဲ့ပြီး ဗမာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သူဖြစ်ကာ 7Day News ၏ မေးမြန်းသမျှကို မြန်မာဘာသာစကားဖြင့် ပြန် လည်ဖြေကြားခဲ့သည်။ ၎င်း၏မြန်မာအမည်မှာ ဦးခင်စိန်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတွင် ပထမအတွင်းဝန် ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။ ၎င်းနှင့်တွေ့ဆုံခိုက် 7Day News ဂျာနယ်မှ မေးမြန်းမှုအချို့ကို ဖော်ပြလိုက်ရပါသည်။

ရှည်လျားတဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကာလတစ်လျှောက်ကို ဘယ်လိုသုံး သပ်မိပါသလဲ။နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ပြီးတဲ့နောက် တစ်လျှောက်လုံး ကောင်းပါတယ်။ ကမ္ဘာပေါ်မှာလည်း ထင်ရှားတဲ့ ဆက်ဆံရေးတစ်ခုပါ။ ဆွေမျိုးပေါက်ဖော် ကြားဖူးလား။ ပေါက်ဖော် ဆက်ဆံရေးက ဒီနှစ်နိုင်ငံကြားမှာပဲ ရှိတယ်။ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေ ဘယ်လောက် ဆက် ဆံရေးကောင်းကောင်း ပြည်သူလူထု ဆက်ဆံရေးမှာ မတူဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက အပြန်အ လှန်လေးစားမှု ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို မြန်မာနိုင်ငံက လေးစားသလို မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကိုလည်း တရုတ်က လေးစားပါတယ်။ တခြားနိုင်ငံနဲ့ ဆက်ဆံတာထက် မြန်မာနိုင်ငံနဲ့ ဆက်ဆံတာ ပိုချောမွေ့တယ်။ နောင်မှာလည်း အစိုးရချင်းသာမက ပြည်သူလူထုချင်းပါ သားစဉ် မြေး ဆက် ဆက်သွယ်ဖို့ မျှော်လင့်ပါတယ်။ ဒါတရုတ်နိုင်ငံရဲ့ စိတ်ဆန္ဒပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲကာလမှာ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်နဲ့ နီးနီး ကပ်ကပ် ဆက်ဆံလာတယ်။ အဲဒီအချိန်မှာပဲ တရုတ်နဲ့ ဆက်ဆံရေးက ခပ်တန်းတန်း ဖြစ်လာပြီလို့ သုံးသပ် မှုတွေလည်း ရှိပါတယ်။ လက်ရှိအရပ်သားအစိုးရနဲ့ တရုတ်အစိုးရ ဆက်ဆံရေးဟာ တကယ်ပဲ ခပ်တန်းတန်းဖြစ်နေပြီလား။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက ပြောင်းလဲခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုက အရေးကြီးတဲ့ ပြောင်း လဲမှုလား၊ မကောင်းတဲ့ ပြောင်းလဲမှုလားဆိုတာ ဘယ်လိုဆုံးဖြတ်မလဲ။ အရေးကြီးတာက မြန်မာ ပြည် သူပြည်သားတွေအတွက် အကျိုးကျေးဇူးရှိမလား။ ဒါက အရေးကြီးဆုံးဖြစ်ပါတယ်။ ခင်ဗျားတို့ ကောင်း ကောင်း သိပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကနေ ဒီနေ့အထိ အနောက်နိုင်ငံကြီးတွေရဲ့ စီးပွား ရေးပိတ်ဆို့မှု၊ နိုင်ငံရေးဖိအားပေးမှုတွေ ခံနေခဲ့ရတယ်။ ဒီလို ဖိအားပေးတာက အထူးသဖြင့် မြန်မာ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက်လည်း အကျိုးမရှိဘူး။ ဒါပေမဲ့ စီးပွားရေးတိုးတက်မှု နောက်ကျတဲ့အခါ ထိခိုက်တဲ့သူတွေဟာ ရိုးရိုးပြည်သူပြည်သားတွေပါပဲ။ ခင်ဗျားတို့နိုင်ငံမှာ ကျွန်တော်အကြာကြီး နေဖူးပါတယ်။ ပြည်သူလူထုက ရိုးသားပါတယ်။ စိတ်ရင်းကောင်းတယ်။ သဘောထားကောင်းတယ်။ ခုနမေးသလို အမေရိကန်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ကျွန် တော့်အနေနဲ့လည်း ဒီကိစ္စကို ဘယ်လိုထင်သလဲဆိုတော့ အနောက်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်း လာတဲ့အခါ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုမှာ အကျိုးရှိပါတယ်။ အခုစီးပွားရေးပိတ်ဆို့မှုကလည်း နည်းနည်းလျော့သွားပြီ။ ဒါကတစ်ချက်။ နောက်တစ်ချက်က အနောက်နိုင်ငံနဲ့ ဆက်ဆံတဲ့အခါမှာ များသောအားဖြင့် အမေရိကန်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီမိုကရေစီအရေး အကူအညီပေးမယ်လို့ တွန်းအားပေးမယ်။ အဲဒီလိုပေးတဲ့အခါမှာ သတ်မှတ်ချက်ရှိပါတယ်။ ဒီလို အခြေအနေမှာ မြန်မာနိုင်ငံ ဆောင်ရွက်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ တည်တည်ငြိမ်ငြိမ်နဲ့ တစ်ဆင့်ပြီးတစ်ဆင့် သွားဖို့အတွက် မြန်မာအစိုးရခေါင်းဆောင်တွေ ပထမဆုံး စဉ်းစားသင့်တဲ့ အရေးကြီးတဲ့ကိစ္စပါလက်ရှိ အရပ်သားအစိုးရနဲ့ အရင်စစ်အစိုးရ ဘယ်လိုကွာခြားမှုရှိတယ်လို့ မြင်သလဲ။

အစိုးရအသစ်က ပြည်သူလူထုရွေးချယ်ပြီး တက်လာတဲ့ အစိုးရပါ။ ပြည်သူလူထုသဘောကျတဲ့ အစိုး ရသစ်ကို ကျွန်တော်တို့က ကောင်းကောင်းမွန်မွန် ဆက်ဆံတာပေါ့။ အစိုးရကွာခြားမှု ကျွန်တော် မပြောလိုဘူး။ ကျွန်တော် သိပ်လေ့လာမထားဘူး။ ဒါပေမဲ့ အရင်မြန်မာအစိုးရမှာ လွှတ်တော်မရှိဘူး။ အခု ရှိပြီလေ။ အစိုးရကို ကြီးကြပ်နိုင်မယ့်၊ အစိုးရကို ဝေဖန်နိုင်မယ့် အရေးကြီးတဲ့လွှတ်တော် ရှိလာပြီလေ။ ဒါကကွာခြားမှုပဲ။

မစ္စတာချန်းတို့ ကြားတဲ့အတိုင်းပဲ မြန်မာနိုင်ငံမှာ အခုစာပေစိစစ်မှု မရှိတော့ပါဘူး။ အဲဒီတော့ တရုတ် နိုင်ငံနဲ့ ပတ်သက်ပြီး ရေးသားမှုတွေကို အရင်ကလို အစိုးရရဲ့ ထိန်းချုပ်မှု မရှိတော့ဘူးပေါ့။ ဆိုတော့ လက်ရှိ ပြည်တွင်းမီဒီယာတွေမှာ တရုတ်နဲ့ပတ်သက်လို့ တော်တော်လေးဝေဖန်ပြီး ရေးလာ တာတွေ့ရတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးကို အဲဒီမီဒီယာ စိစစ်ဖြတ်တောက်မှု ရုပ်သိမ်းခြင်းက ထိခိုက်နိုင်မယ်ထင်လား။

တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်လို့ ပြောင်းလဲမှုမရှိဘူး။ ပြောင်းလဲမှာလည်း မဟုတ်ဘူး။ အနောက်နိုင်ငံက ပြောတာရှိတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ အကျိုးစီးပွားရှိတယ်လို့။ ရှိတာပေါ့။ ဒါပေမဲ့ အရေးကြီးဆုံး အကျိုးစီးပွားက မြန်မာနိုင်ငံ တည်ငြိမ်မှုရှိရမယ်။ တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်မှုရှိရမယ်။ အနောက်နိုင်ငံက ဘယ်လိုပြောပြော ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံအပေါ်မှာရှိတဲ့ ပေါ်လစီ။ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ တရုတ်နဲ့ မြန်မာက အိမ်နီးချင်းနှစ်နိုင်ငံကြားမှာ ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ်ရှိတယ်။ မြန်မာနိုင်ငံက တစ်နေ့တခြား ဆင်းရဲသွားပြီး ဆူပူမှုရှိလာတယ်၊ နိုင်ငံရေးတည်ငြိမ်မှုမရှိဘူး၊ လူမျိုးစုအချင်းချင်း စစ်ပွဲရှိတယ်ဆိုရင် အိမ်နီးချင်းအတွက် အကျိုးမရှိဘူး။ ကျွန်တော်တို့ အကျိုးစီးပွား တကယ်ထိခိုက်တယ်။ ကျွန်တော်တို့ပေါ်လစီ ရည်ရွယ်ချက်က နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပါတယ်။ စစ်အစိုးရ၊ အရပ်သားအစိုးရရယ်လို့ မဆိုင်ဘူး။ ဘယ်အစိုးရမဆို မြန် မာပြည်သူလူထုအတွက် အကျိုးရှိရင် ကျွန်တော်တို့ကူညီမယ်။

ခုန အနောက်က ပိတ်ဆို့မှုတွေအကြောင်း ပြောသွားတယ်။ မြန်မာပြည်သူတွေကို ထိခိုက်တယ်ပေါ့။ ပြည်သူတွေရဲ့ အမြင်မှာလည်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ဝေဖန်မှုတွေရှိတယ်။ ကုလသမဂ္ဂမှာ တရုတ်နိုင်ငံက စစ်အစိုးရဘက်က ရပ်တည်ပေးခဲ့တဲ့အတွက် တရုတ်အစိုးရကြောင့် မြန်မာစစ်အစိုးရ သက်ဆိုးရှည်ခဲ့တယ်လို့ မြင်ကြတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။

အခု အီဂျစ်နိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ ဆီးရီးယားနိုင်ငံတို့မှာ စစ်ပွဲတွေ ဖြစ်နေကြတယ်။ အဲဒီနိုင်ငံတွေ ဘာ လို့စစ်ပွဲတွေ ဖြစ်ရလဲ။ ဘယ်နိုင်ငံမှာမဆို အစိုးရကို မကြိုက်တဲ့ အင်အားစုရှိပါတယ်။ နိုင်ငံ ရေးတိုက်ခိုက်မှုရှိပါတယ်။ ဒါကိုဒီပြင်နိုင်ငံက ကိုယ့်နိုင်ငံအကျိုးစီးပွား ရှေးရှုပြီး ခင်ဗျားနိုင်ငံရဲ့ နိုင်ငံရေး အငြင်းပွားမှုကို ၀င်ရောက်စွက်ဖက်တဲ့အခါ၊ အထူးသဖြင့် အမေရိကန် စတဲ့ အင်အားကြီးနိုင်ငံတွေ ၀င်ရောက်စွက်ဖက်တဲ့အခါ တစ်ခုခုဖြစ်ရင် ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံက ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံမှာ ဒီလို အခြေအနေတွေ မမြင်ချင်ပါဘူး။ ၂၀၀၇ ခုနှစ်တုန်းက လုံခြုံရေးကောင်စီကိစ္စ တရုတ်၊ တောင်အာဖရိကနဲ့ ရုရှားတို့ ဗီတိုအာဏာသုံး ပယ်ချခဲ့တယ်။ တကယ်လို့သာ လုံခြုံရေး ကောင်စီမှာ အဲဒီအချိန်က အဆိုပြုချက် အောင်မြင်ခဲ့ရင် မြန်မာနိုင်ငံ ဒီလိုအခြေအနေကောင်းတဲ့ဟာမျိုး ရှိမှာမဟုတ်ဘူး။ (၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်သွင်း မည့်ကိစ္စကို တရုတ်နိုင်ငံက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့ခြင်းကို ရည်ညွှန်းလိုခြင်းဖြစ်သည်)

တရုတ်ရဲ့ရပ်တည်မှုကြောင့် မြန်မာနိုင်ငံအခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်မသွားစေဘူးလို့ ပြော လိုက်တာပါလား။ခုနက ကျွန်တော်ပြောတယ်။ အခြားနိုင်ငံတွေမှာ အနောက်နိုင်ငံတွေက ၀င်တယ်။ တပ်မတော်လည်းဝင်တယ်။ ခင်ဗျားတို့နိုင်ငံမှာလည်း လူမျိုးစုပြဿနာတွေက
ရှိတယ်။ မြောက်ပိုင်းမှာ ပြဿနာတွေရှိတယ်။ အခြားနိုင်ငံက ၀င်ရောက်စွက်ဖက်တဲ့အခါက အခြေ အနေရှုပ်လာမယ်။ ပိုဆိုးမယ်။ ဒီလို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဒီမိုက ရေစီလမ်း ကြောင်းကို သွားတဲ့ အခြေအနေမျိုး ရှိမှာမဟုတ်ဘူး။

အခု လတ်တလောကိစ္စလေး မေးချင်ပါတယ်။ တရုတ်နိုင်ငံက ကချင်ပြည်နယ်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေး ဒုက္ခသည်တွေကို လက်မခံဘဲ အတင်းအကျပ် ပြန်ပို့နေတယ်ဆိုတဲ့ သတင်းတွေ၊ သတင်း ဓာတ်ပုံတွေ ပြည်တွင်းမီဒီယာမှာ ထွက်ပေါ်လာပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရအနေနဲ့ ဘယ်လိုရှင်းပြနိုင်ပါလဲ။

ကျွန်တော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားပေးနေပါတယ်။ ပိုက်ဆံလည်း အများကြီး ကုန်ပါတယ်။ သူတို့စားဝတ်နေရေးအတွက် ကျွန်တော်တို့ကတော့ နိုင်ငံတကာရှေ့မှာဆို အမြဲပြောတယ်။ သူတို့က ဒုက္ခသည်မဟုတ်ပါဘူး ဆိုတာကို။ဒုက္ခသည်မဟုတ်ဘူးဆိုတော့။

သူတို့ဒုက္ခသည်ဆိုရင် ပထမ မြန်မာလူမျိုးတွေ ဂုဏ်သိက္ခာကျဆင်းမယ်။ မဟုတ်ဘူးလား။ ကျွန်တော် တို့က သူတို့ကို ဒုက္ခသည်မဟုတ်ဘူးလို့ သတ်မှတ်ပါတယ်။ဒါဆိုရင် အဲဒီသူတွေကို တရုတ်အစိုးရက ဘယ်လိုအမည်တပ်မလဲ။

သူတို့က မြန်မာပြည်ဘက်ကလာတဲ့ နယ်စပ်ပြည်သူပြည်သားတွေပါ။ ဟိုဘက်မှာ စစ်ပွဲ၊ အကြီးအကျယ် စစ်ပွဲတော့ မဟုတ်ဘူး။ ပြည်သူလူထုကကြောက်လို့ တရုတ်ဘက်ကို တိမ်းရှောင်လာတယ်။ ကချင် လူမျိုးက ကျွန်တော်တို့ဘက်မှာလည်း ဂျင်းဖော (လူမျိုး) ရှိတယ်။ သူတို့ အတူတူပါပဲ။ ဥပမာ ဟိုဘက် ကနေ မူဆယ်က၀င်လာရင် နှစ်ယောက်၊ သုံးယောက် ပျောက်သွားတယ်။ သူတို့ဆွေမျိုးတွေဆီ ရောက်သွားတာ။ ဟိုဘက်(မြန်မာ)မှာ အခြေအနေကောင်းတာနဲ့ ပြန်တယ်။ အခု နည်းနည်း ကျန်သေးတယ်။ ယူနန်အစိုးရကလည်း အစားအစာပေးတယ်။ နေစရာပေးတယ်။ ယာယီအနေနဲ့ ကျန်း မာရေးပြုစုပေးတယ်။

ဒုက္ခသည်မရှိဘူးဆိုတဲ့ သဘောထားကို စွဲကိုင်ထားတဲ့ တရုတ်နိုင်ငံအနေနဲ့ အခု ကချင် စစ်ပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ မူဝါဒ ဘယ်လိုရှိပါသလဲ။

ဒီကိစ္စကို ကျွန်တော်တို့ ဗဟိုအစိုးရက တော်တော်အလေးထားပါတယ်။ ရက်စက်တဲ့စိတ်နဲ့ ကချင် လူမျိုး တွေကို စစ်ပွဲဖြစ်နေတဲ့ဘက်ကို ပြည်နယ်(ယူနန်)အစိုးရက ပြန်ပို့ရင် ကျွန်တော်တို့လည်း ခွင့်ပြုမှာ မဟုတ်ဘူး။

တရုတ်နိုင်ငံနဲ့ ပတ်သက်ရင် ပြည်တွင်းမှာ ပြောတာတစ်ခုရှိတယ်။ တရုတ်နိုင်ငံက မြန်မာပြည်က မိန်းမတွေတောင် Import လုပ်တယ်လို့။ နှစ်နိုင်ငံကြားက လူကုန်ကူးမှုပြဿနာကို တရုတ်အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်နေပါသလဲ။

နှစ်နိုင်ငံဆက်ဆံရေးမှာ ကောင်းတာလည်းရှိသလို မကောင်းတာလည်း ရှိပါတယ်။ ခင်ဗျားပြောတဲ့ကိစ္စ ကျွန်တော်လည်း ကြားဖူးပါတယ်။ ဒါဟာ ဗီယက်နမ်နဲ့လာအိုနိုင်ငံတို့ ကြားမှာလည်း ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ဥရောပနိုင်ငံတွေက ပိုဆိုးပါတယ်။ ကျွန်တော်တို့ဆီမှာ လယ်သမားတွေက ဆင်းရဲတော့ မိန်းမယူဖို့ အခက်အခဲရှိပါတယ်။ နယ်စပ်ဒေသမှာ ဗီယက်နမ်၊ မြန်မာ ကောင်မလေးတွေကို ပိုက်ဆံနဲ့ဝယ်တယ်။ ဒါဥပဒေချိုးဖောက်တာပေါ့။ ကျွန်တော်တို့ တွေ့ရင် သိရင် ထောင်ကျမယ်။ ဒီကိစ္စကို မြန်မာအစိုးရရော၊ တရုတ်အစိုးရပါ အလေးထား ဆောင်ရွက်နေတယ်။ ဖြည်းဖြည်းချင်း ကျဆင်း နေတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ ဒါဟာအရေးကြီးတဲ့ကိစ္စ မဟုတ်ဘူး။ ကျေးဇူး တင်ပါတယ်။ ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်