Sunday, September 09, 2012

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ သဝဏ်လွှာ

Posted by drmyochit Sunday, September 09, 2012, under | No comments

From : ခေတ်လူငယ်
စာတတ်မြောက်ခြင်းသည် အမျိုးသားနှင့် အမျိုးသမီးများအား ကမ္ဘာလောကကြီးကို ပိုမိုနားလည်ပြီး မိမိဆန္ဒရည်မှန်းချက်များနှင့် ကိုက်ညီအောင် ပုံဖော်နိုင်စွမ်း ရှိစေပါသည်။ စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာနှင့် ကြံ့ခိုင်ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းအတွက် အဓိက အရင်းအမြစ်လည်း ဖြစ်ပါသည်။ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့သည် စာတတ်မြောက်ရေး လုပ်ငန်းအား အင်တိုက်အားတိုက် ဆောင်ရွက်နေကြမှုများကို ဂုဏ်ပြုသည့်နေ့ဖြစ်သည်။ ယခုနှစ် နောက်ဆုံးဖြစ်သည့် ကုလသမဂ္ဂ စာတတ်မြောက်ရေး ဆယ်စုနှစ်ကာလအတွင်း စာတတ်မြောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လျှင်မြန်စွာ ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းတွင် လူတစ်ဦး တစ်ယောက်ချင်းအလိုက်၊ ရပ်ရွာအဖွဲ့အစည်းများ အလိုက်၊ နိုင်ငံအလိုက် ကလေးသူငယ်များ၊ လူငယ်နှင့် သက်ကြီးများအား အရေးအဖတ် တတ်ကျွမ်းအောင် ဆောင်ရွက်ပေးခြင်းအားဖြင့် ၎င်းတို့၏ဘဝကို ပြောင်းလဲခဲ့ပါသည်။ အကျိုးဆက်အားဖြင့် အမျိုးသား၊ အမျိုးသမီးငယ်များနှင့် သက်ကြီး သန်း (၉၀) ခန့် စာတတ်မြောက် လာခဲ့ပါသည်။ ကျွန်ုပ်တို့အနေဖြင့် နောက်ထပ်ဆောင်ရွက်ရန် များစွာ ရှိနေပါသေးသည်။ ယခုတိုင် ကမ္ဘာတစ်ဝန်းတွင် လူငယ်နှင့် လူကြီး (၇၇၅) သန်းခန့်မှာ အရေးအဖတ် မတတ်ကြသေးပါ။ မူလတန်းအရွယ်နှင့် အလယ်တန်းအရွယ် ကလေး (၁၂၂) သန်းတို့မှာလည်း ကျောင်းပြင်ပ ရောက်နေသည့် အပြင် ကျောင်းပြီးသော်လည်း ပြည့်စုံလုံလောက်သော စာတတ်မြောက်မှု စွမ်းရည်မရှိသူ သန်းပေါင်းများစွာ ရှိနေပါသေးသည်။ အဆိုပါ စာတတ်မြောက်သူများအနက် အမျိုးသမီးဦးရေ သုံးပုံနှစ်ပုံ ပါဝင်ပါသည်။ ဤသို့ အရေအတွက် များပြားလှသော စာမတတ်သူများ ဆက်လက်တည်ရှိနေခြင်းသည် ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မီရေးနှင့် ၂၁ ရာစုအတွက် လိုအပ်သော ပညာတတ်လူ့အဖွဲ့အစည်း ထူထောင်ရေးကို အဟန့်အတား ဖြစ်စေပါသည်။ အခွင့်မသာသူများအားလုံး စာတတ်မြောက်ခြင်းတည်း ဟူသော အခြေခံ အခွင့်အရေးတစ်ရပ် ရရှိအောင် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပေးရပါမည်။ ပညာရေးအတွက် ကမ္ဘာတစ်ဝန်းလုံး လှုပ်ရှားဆောင်ရွက်ရန် တွန်းအားများစွာ လိုအပ်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်အနေဖြင့် ပညာရေးသည် ပထမလုပ်ငန်းသစ် တစ်ရပ်ကို ယခုလနှောင်းပိုင်းတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤလုပ်ငန်းတွင် ဦးစားပေးအစီအစဉ် သုံးရပ်ကို အဓိကထား ဆောင်ရွက်မည်ဖြစ်ပါသည်။ ၎င်းတို့မှာ ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး၊ သင်ယူမှုအရည်အသွေး တိုးတက်အောင် ဆောင်ရွက်ရေး၊ ကမ္ဘာ့နိုင်ငံသားအဖြစ် ပြုစုပျိုးထောင်ပေးရေးတို့ ဖြစ်ကြပါသည်။ ဤလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြပါရန်၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် ပညာရေးလုပ်ငန်း ဆောင်ရွက်နေသူများ အားလုံးကို မေတ္တာရပ်ခံအပ်ပါသည်။ လူမှုအသိုင်းအဝိုင်း၏ အပယ်ခံဖြစ်သည့် အဆိုပါ သန်းပေါင်းများစွာသော ကလေးများအား ဘေးဖယ်ထားခြင်းဖြင့် ဆုံးရှုံးရသော တန်ဖိုးသည် ပညာရေးအတွက် နိုင်ငံတကာ ချမှတ်ထားသည့် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ရန် လိုအပ်သော ရန်ပုံငွေတန်ဖိုးထက် များစွာ ကြီးမားပါသည်။ သင်တို့၏ ကလေးများအတွက် ဘာလိုအပ်ပါသလဲဟု မည်သည့်မိဘကိုမဆို မေးကြည့်ပါ။ အစားအစာ၊ ဆေးဝါးနှင့် နေထိုင်စရာတို့ကို အဓိကလိုအပ်ချက်အဖြစ် စဉ်းစားလေ့ရှိသည့် စစ်ဖြစ်ပွားနေသော ဒေသများနှင့် ဘေးအန္တရာယ် ကျရောက်နေသော ဒေသများတွင် ခိုလှုံနေရသော မိဘများပင်ဖြစ်စေကာမူ ကလေးများအတွက် ပညာရေးဟူ၍ တူညီသော အဖြေကို ပေးကြမည်ဖြစ်ပါသည်။ မည်သည့်ကလေး တစ်ဦးကိုမဆို သင်ကြီးလာလျှင် ဘာဖြစ်ချင်ပါသလဲဟု မေးမြန်းပါက သူ၏အဖြေမှာလည်း ပညာရေးကိုသာ အခြေခံပါလိမ့်မည်။ ပညာရေးသည် မျှော်လင့်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့် လမ်းကြောင်း ဖြစ်ပါသည်။ စာတတ်မြောက်သည့် ကမ္ဘာကြီးသည် ပိုမိုငြိမ်းချမ်းသော၊ ပိုမိုသဟဇာတဖြစ်၍ ကြံ့ခိုင်သော ကမ္ဘာကြီး ဖြစ်သည်။ ဤနိုင်ငံတကာ စာတတ်မြောက်ရေးနေ့ကို အလေးထားလျက် စာတတ်မြောက်ရေး လုပ်ငန်းအစီအစဉ်များကို အတူတကွ ဆက်လက်ဆောင်ရွက်ရန် ကျွန်ုပ်တို့သိန္နိဋ္ဌာန် ချမှတ်ထားကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်