Sunday, September 09, 2012

Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက် - ဒေါက်တာ မာလာအောင်၊ ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်

Posted by drmyochit Sunday, September 09, 2012, under | No comments





ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပိုင် ကြေးမုံသတင်းစာတိုက်၏ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြပါရှိသည့် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက် ရက်စွဲပါ ဆုံးဖြတ်ချက်” နှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြပါရှိသည့် “ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သည့် သ၀ဏ်လွှာအပေါ် နိုင်ငံတော်သမ္မတ၏ ပြန်ကြားသ၀ဏ်လွှာ” သည် နိုင်ငံတော်သမ္မတကြီး၏ တာဝန်ခံမှု၊ ဆောင်ရွက်ပိုင်ခွင့်များကို ကျင့်သုံးရာတွင် ဆင်ခြင်တုံတရား ကြီးမားစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ့အကြီးအကဲများ၌ တွေ့မြင်ရသည့် အားကိုးအားထားပြုထိုက်မှုပင် ဖြစ်ပါသည်။

ဥပဒေသဘောတရားများအရ နိုင်ငံတစ်နိုင်ငံ၌ ပြဋ္ဌာန်းထားသော ဥပဒေများသည် ဥပဒေ၏ စည်းနှောင်မှုဒီဂရီအလိုက် (Hierarchy of Laws) ဥပဒေများ၏ အဆင့်သတ်မှတ်ခြင်း ရှိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေများ၏ ကြေးမုံပြင် (Mirror of the Laws of the Land) ဟု တင်စားခေါ်ဝေါ်ရလောက်သည့် နိုင်ငံတစ်နိုင်ငံရှိ ဥပဒေများ၏ အချုပ်ဖြစ်ပါသည်။ သို့ဖြစ်၍ မည်သည့်နိုင်ငံ၏ လက်တွေ့ကျင့်သုံးမှုတွင်မဆို ဖွဲ့စည်းပုံအခြေခံဥပဒေကို လွယ်လင့်တကူ ပြင်ဆင်သည့် အလေ့အထများ မရှိခဲ့ပါ။

ဥပဒေထုံးတမ်းစဉ်လာအရ နိုင်ငံတစ်နိုင်ငံ၌ ပြဋ္ဌာန်းထားပြီးဖြစ်သည့် ဥပဒေအရပ်ရပ်၏ ပြဋ္ဌာန်းချက်ပါ စကားရပ်မျး၏ အဓိပ္ပါယ်သည် မရှင်းလင်းပါက အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် တရားရုံးများ (Court of Law) နှင့် ဥပဒေဖြင့် တာဝန်ပေးအပ်ခြင်းခံရသည့် ခုံရုံးများ (Tribunals) ၌သာ အခွင့်ရှိပါသည်။

ဥပဒေအရလည်းကောင်း၊ တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Judicial Procedures) အရလည်းကောင်း၊ တရားပြိုင်ဆိုင်ခြင်း အလေ့အထများ (Litigation Practices) အရလည်းကောင်း တရားရုံးများ၊ ခုံရုံးများသို့ အဆုံးအဖြတ်ရယူရန် တင်သွင်းလျှောက်ထားခြင်းသည် အဆိုပါရုံးများ၏ အဆုံးအဖြတ်ကို လိုက်နာပါမည်ဟု သဘောတူချက်ပေးရာ ရောက်ပါသည်။

ဥပမာ- မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအကြား ရေပိုင်နက်အငြင်းပွားမှုကို ပင်လယ်ရေကြောင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာခုံရုံး (The International Tribunal for the Law of the Sea) သို့ အဆုံးအဖြတ်ရယူရန် တင်သွင်းခဲ့စဉ်ကလည်း တရားရုံး၏ အဆုံးအဖြတ် မည်သို့ပင် ဖြစ်စေကာမူ လိုက်နာပါမည့်အကြောင်း သဘောတူချက် ပေးပြီးဖြစ်သည်ဟု မှတ်ယူခြင်း ခံရပြီးဖြစ်သောကြောင့် မိမိအနိုင်ရသည်ဖြစ်စေ၊ အရှုံးနှင့် ရင်ဆိုင်ရသည်ဖြစ်စေ တရားရုံး၏ အဆုံးအဖြတ်ကို တရားဝင်ပြစ်တင်ဝေဖန်ခြင်း ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါ။ ပြုလုပ်မည် ဆိုပါက တရားရုံးသို့ မထီမဲ့မြင်ပြုမှု (Contempt of Court) ဖြင့် တရားစွဲဆိုခြင်း ခံရနိုင်ပါသည်။

နိုင်ငံတစ်နိုင်ငံအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်ကြသည့် အဖွဲ့အစည်းများ (အထူးသဖြင့် နိုင်ငံတော်အစိုးရ၏ အဖွဲ့အစည်း အဆင့်ဆင့် (Heerarchy of Government Organization) သည် တာဝန်ခံရမှု အတိမ်အနက် (Hierachy of Responsibility) အပေါ် မူတည်၍ အဖွဲ့အစည်းအဆင့် (Hierachy of Organization) သတ်မှတ်ခြင်းဖြင့် လုပ်ငန်းများ သွက်လက်စွာ လည်ပတ်ရန် ဖွဲ့စည်းဆောင်ရွက်ရပါသည်။

လွှတ်တော်ကြီး ၃ ရပ်၏ လွှတ်တော်ဆိုင်ရာဥပဒေများ၌ ဒွိဟဖြစ်စေသောကိစ္စ ပေါ်ပေါက်စေမည့် အချက်များကို အထက်ဖော်ပြပါ သဘောတရားများဖြင့် ဆန်းစစ်တင်ပြလိုပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပါသည့် အဓိကလွှတ်တော်ကြီး ၃ ရပ်၏ ဖွဲ့စည်းခြင်းကို Chart ဖြင့် ဖော်ပြပါမည်။

အထက်ပါ Chart ကို Common Sense ဖြင့် ကြည့်မည်ဆိုပါက ဘဲဥပုံသဏ္ဌာန်အ၀န်း Oval Shape အတွင်းရှိ လွှတ်တော်သုံးရပ်၏ အဆင့်သည် ပေါ်လွင်ပါသည်။
(၁) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ ရပ်ပေါင်း၏ ပြည်ထောင်စုလွှတ်တော်သည် တာဝန်ခံမှုအပိုင်းတွင် အမြင့်ဆုံးဖြစ်ပါသည်။
(၂) ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းသော လွှတ်တော်ကိုယ်စားလှယ်များသာ ပါဝင်သည့် လွှတ်တော်ကော်မတီ ၄ ရပ်နှင့်ရေးရာကော်မတီများသည် “ပြည်သူ့လွှတ်တော်အဆင့် ကော်မတီများ” သာ ဖြစ်သင့်ပါသည်။
(၃) အမျိုးသားလွှတ်တော်မှ ဖွဲ့စည်းသော လွှတ်တော်ကိုယ်စားလှယ်များသာ ပါဝင်သည့် လွှတ်တော်ကော်မတီ ၄ ရပ်နှင့် ရေးရာကော်မတီများသည် “အမျိုးသားလွှတ်တော်အဆင့် ကော်မတီများ” သာ ဖြစ်သင့်ပါသည်။
(၄) လွှတ်တော် ၂ ရပ်မှ ဖွဲ့စည်းသော “ပူးပေါင်းကော်မတီ” သည် လွှတ်တော် ၂ ရပ်နှင့် တန်းတူညီမျှ သက်ဆိုင်သည့် အရေးအရာများကို ဆောင်ရွက်ရန်အတွက် တာဝန်ခံရသည့် ကော်မတီသာ ဖြစ်ပေသည်။
(၅) ကော်မရှင်နှင့် အဖွဲ့များသည် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းသည်ဖြစ်စေ၊ အမျိုးသားလွှတ်တော်က ဖွဲ့စည်းသည်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်များ သက်သက်ဖြင့် ဖွဲ့စည်းခြင်းမဟုတ်ဘဲ နိုင်ငံသားများဖြင့်ပါ ပါဝင်ဖွဲ့စည်းထားပါသည်။

နိုင်ငံသားများသည် ပြည်သူများ ရွေးချယ်တင်မြှောက်ထားသူများ မဟုတ်သည့်အပြင် လွှတ်တော်သို့ တာဝန်ခံရမှု အ၀န်းအ၀ိုင်းပြင်ပရှိ ပုဂ္ဂိုလ်များ (Outsiders) သာဖြစ်၍ ကော်မရှင်နှင့် အဖွဲ့များသည် မည်သို့မျှ ပြည်ထောင်စုအဆင့် (Union Level) အဖွဲ့အစည်းများဟု သတ်မှတ်နိုင်ခြင်း မရှိပါ။

ယခုတစ်ဖန် လွှတ်တော် ၃ ရပ်၏ ဥပဒေပြဋ္ဌာန်းချက်များအရ အထက်ပါအချက်များ မှန်ကန်ခြင်းကို စိစစ်တင်ပြလိုပါသည် -
(၁) ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၌ အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ ပြဋ္ဌာန်းချက်တစ်ခုသာ ရှိပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဖြစ်ပါသည်။
အဆိုပါလွှတ်တော် ၂ ရပ် ဖွဲ့စည်းခြင်းမှအပ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်းဆိုသည့် ပြဋ္ဌာန်းချက် တစ်စုံတစ်ရာမျှ မပါရှိပါ။
သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂ (စ) ပြဋ္ဌာန်းချက်ပါ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း…. ဆိုသည်မှာ… “… ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုလည်းကောင်း ဆိုသည်” ဆိုသည့် စကားစုများတွင် ပြည်ထောင်စုလွှတ်တော် ဟု ဖော်ပြထားချက်သည် မှန်ပါ၏လား ဆိုသည်ကို ပြန်လည်ဆန်းစစ်ရန် လိုပါလိမ့်မည်။

(၂) တစ်ဖန် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနှင့် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ အသီးသီးတွင် သက်ဆိုင်ရာ လွှတ်တော် ဖွဲ့စည်းခြင်းနှင့် လွှတ်တော်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းကို ပြဋ္ဌာန်းပါသည်။ လွှတ်တော်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းအဖြစ် -
  • (က) လွှတ်တော်ကော်မတီ ၄ ရပ်နှင့် လိုအပ်၍ ဖွဲ့စည်းသည့် ကော်မတီများ၊ ယင်းကော်မတီများသည် သက်ဆိုင်ရာလွှတ်တော် အသီးသီး၏ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းတာဝန်ခံပါသည်။
  • (ခ) ပူးပေါင်းကော်မတီများ၊ ယင်းကော်မတီများသည် လွှတ်တော် ၂ ရပ်၏ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းတာဝန်ခံပါသည်။
  • (ဂ) ကော်မရှင်နှင့်အဖွဲ့များ၊ ကော်မရှင်နှင့် အဖွဲ့များတွင် လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖြစ်စေ၊ သင့်လျော်သည့် နိုင်ငံသားများ ထည့်သွင်း၍ဖြစ်စေ ဖွဲ့စည်းနိုင်ပါသည်။


ရှင်းလင်းချက် (၁) လွှတ်တော် ၂ ရပ်က ဖွဲ့စည်းထားသော ကော်မတီ ၄ ရပ်နှင့် ရေးရာကော်မတီများသည် ဖွဲ့စည်းခြင်းဆိုင်ရာ သတ်မှတ်ချက်များ (ဥပမာ-ကာလသတ်မှတ်ချက်) သို့မဟုတ် တာဝန်ခံရမှုအဆင့် () များဖြင့် သတ်မှတ်ဖွဲ့စည်းရခြင်း ဖြစ်ပါသည်။ ထိုအချက်သည် ၎င်းအဖွဲ့အစည်း အသီးသီး၏ Level ကို သတ်မှတ်ခြင်း ဖြစ်ပါသည်။

ရှင်းလင်းချက် (၂) ကော်မရှင်နှင့် အဖွဲ့များတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ သင့်လျော်သည့် နိုင်ငံသားများ ထည့်သွင်း၍ ဖွဲ့စည်းသည့်အခါ ဖွဲ့စည်းခြင်းဆိုင်ရာ သတ်မှတ်ချက်များ (ဥပမာ-အဖွဲ့ဝင်ဦးရေ၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းသတ်မှတ်ချက်) များဖြင့် ဖွဲ့စည်ခြင်း ဖြစ်ပါသည်။ အဆိုပါ နိုင်ငံသားများ၏ မှားယွင်းစွာ အကြံပြုမှုအတွက် ၎င်းတို့၏ တာဝန်ကို မည်သူက ခံယူပါမည်လဲ (who will be the responsible person for the sake of the outsiders) ဆိုသည့်အမေး ပေါ်ပေါက်ပါသည်။

သို့သော် လွှတ်တော် ၃ ရပ်နှင့် သက်ဆိုင်သည့် ဥပဒေများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ အခန်း (၁) ပုဒ်မ ၂ (စ)၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ၊ အခန်း (၁) ပုဒ်မ ၂ (ဇ)၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ၊ အခန်း (၁) ပုဒ်မ ၂ (ဇ)၊ ပါရှိသည့် ပြဋ္ဌာန်းချက်ပါ စကားရပ်များသည် အဖွဲ့အစည်းအသီးသီး၏ အဆင့်သဘောတရားကို မရေမရာဖြစ်စေခြင်း၊ ရှုပ်ထွေးစေခြင်း၏ အဓိကသော့ချက်ဟု ဆင်ခြင်၍ ရနိုင်ပါသည်။ ပြဋ္ဌာန်းချက်အတိအကျမှာ -
“ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုအစိုးရအဖွဲ့၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တို့ကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုလည်းကောင်း ဆိုသည်။”

အထက်ဖော်ပြပါစာပိုဒ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် လက်တွေ့အခြေအနေနှင့်လည်း ကိုက်ညီခြင်းမရှိသည့်အတွက် ပြင်ဆင်/ဖျက်သိမ်းရပါမည်။ တည်ဆဲဥပဒေ၏ ပြင်ဆင်/ဖျက်သိမ်းခြင်းလုပ်ငန်းကို ပြည်ထောင်စုလွှတ်တော်တွင် ၀ိုင်းဝန်းဆွေးနွေး ဆုံးဖြတ်မည်ဆိုပါက တည့်မတ်မှန်ကန်သည့် ရလဒ်ဖြစ်ပါမည်။

ခုံရုံး၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ အရလည်းကောင်း၊နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၂၃ နှင့် ၂၅ အရလည်းကောင်း အပြီးအပြတ်နှင့် အတည် (Final and Conclusive) ဖြစ်သည့်အပြင် သက်ဆိုင်ရာ နေရာဒေသအသီးသီး (ယခုကိစ္စတွင် လွှတ်တော်) သို့ အာဏာသက်ရောက်ပြီး ဖြစ်ပါသည်။ ယခုထပ်မံ၍ လွှတ်တော်တွင်းဖြစ်ပွားနေသည့် ကိစ္စသည် ခုံရုံးဆုံးဖြတ်ချက်ကို မထီမဲ့မြင်ပြုနေခြင်း (Contempt of Court) သို့ ဦးတည်နေပါသည်။

ခုံရုံးအဖွဲ့ပုဂ္ဂိုလ်တို့အား နုတ်ထွက်ရန်၊ အမှားဝန်ခံရန် တောင်းဆိုနေသည့် အဆိုတင်သွင်းသူများ၊ ထောက်ခံချက်ပေးသူ၊ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၈ နှင့် ပုဒ်မ ၁၀ တွင်လည်းကောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေများ၏ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၁ တွင်လည်းကောင်း ပြဋ္ဌာန်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်များ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို ညီညွတ်ရမည့်သူများဖြစ်ပါသည်။

အမှန်တကယ်မှာ ခုံရုံးအဖွဲ့ဝင် ပုဂ္ဂိုလ်ကြီးတို့သည် ဥပဒေနှင့်အညီ (လွှတ်တော်၏အခြေအနေမှန်) ကို မှန်ကန်စွာ ဆုံးဖြတ်ထောက်ပြခဲ့ခြင်း ဖြစ်ပါသည်။ ခုံရုံး၏ ဆုံးဖြတ်ချက်ကို အလေးထား၍ လွှတ်တော်ဆိုင်ရာ ဥပဒေများ၏ မှားယွင်းနေသော ဥပဒေအပိုင်းကို ပြင်ဆင်သတ်မှတ်ရမည်သာ ဖြစ်ပါသည်။ သို့ပါ၍ အဆိုပါပုဂ္ဂိုလ်ကြီးတို့သည် လေးစားအပ်သည့် အစားထိုးမရနိုင်သော ပညာရှင်ကြီးများဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

[၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၆) ကို ပြန်လည်ကူးယူ ဖော်ပြပါသည်။ သတင်းစာပါ မူလ Chart ပုံကို ထည့်သွင်းရာတွင် အဆင်မပြေသည့်အတွက် စာဖတ်သူများ ရှင်းရှင်းလင်းလင်း ကြည့်ရှုနိုင်ရန် ပြန်လည်ရေးဆွဲထားခြင်း ဖြစ်ပါသည်။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ရေးဆွဲထားသော်လည်း မသပ်ရပ်မှုအတွက် တောင်းပန်အပ်ပါသည်။]

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်