Sunday, September 30, 2012

အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ပေးဆောင်ရမည့် အာဆီယံနိုင်ငံ ထုတ်ကားများ တင်သွင်းခွင့်ရရှိ

Posted by drmyochit Sunday, September 30, 2012, under | No comments

From : Myanmar Express

ယာဉ်အသစ်များအား တင်သွင်းပါက ထုတ်လုပ်သည့်နိုင်ငံ Asean Trade in Goods Agreement ATIGA Form-D လက်မှတ်အား တင်ပြပါက အာဆီယံ ကုန်သွယ်ရေး သဘောတူစာချုပ်အရ အင်ဂျင်ပါဝါ အမျိုးအစား အားလုံးအတွက် အကောက်ခွန် ၅ ရာခိုင်နှုန်းသာ သက်ဆိုင်ရာမှ ကောက်ခံသွားမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ပြည်ပနိုင်ငံ အသီးသီးမှ ထုတ်လုပ်လျက်ရှိသော မော်တော်ယာဉ်များအား အစားထိုး တင်သွင်းခြင်း၊ မှာယူခြင်းများ ပြုလုပ်ပါက အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့် အောက် မော်တော်ယာဉ်များအား အကောက်ခွန် ၃၀ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂၀၀၀ စီစီအထက် ယာဉ်များအား တင်သွင်းပါက အကောက်ခွန် ၄၀ ရာခိုင်နှုန်းအား သက်ဆိုင်ရာမှ ကောက်ခံလျက်ရှိကြောင်း သိရသည်။ အာဆီယံ အကြွင်းမဲ့ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (Asean Free Trade Area) AFTA အား ထူးထောင်နိုင်ရန်အတွက် အကောက်ခွန် သက်သာခွင့်များ ဆောင်ရွက်ပေးခဲ့ရာ ၂၀၀၈ ခုနှစ်မှ စတင်၍ အကောက်ခွန်လိုင်းပေါင်း၏ ၆၀ ရာခိုင်နှုန်းအား အကောက်ခွန်နှုန်း (၀) ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံ လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော မော်တော်ယာဉ်သစ်များ တင်သွင်းရာ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံဖြစ်သော မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံများမှ အကောက်ခွန် ၅ ရာခိုင်နှုန်း ပေးသွင်းကာ တင်သွင်းနိုင်ကြောင်း သိရသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများထဲမှ မော်တော်ယာဉ် ထုတ်လုပ်တင်ပို့ ရောင်းချသော နိုင်ငံများမှာ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း စသည့်နိုင်ငံများမှနေ၍ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ယခုကဲ့သို့ မော်တော်ယာဉ်များ တင်သွင်းရာ၌ အာဆီယံနိုင်ငံများမှ တင်သွင်းခြင်း မဟုတ်ဘဲ အခြားနိုင်ငံများမှ ထုတ်လုပ်သော မော်တော်ယာဉ်များအား တင်သွင်းပါက ယခင် ကောက်ခံလျက်ရှိသော နှုန်းထားအတိုင်း အကောက်ခွန် ပေးဆောင်ရမည်ဟု သိရသည်။ ယခုကဲ့သို့ မော်တော်ယာဉ်များအပြင် အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော အခြားပစ္စည်းများအတွက် အကောက်ခွန် ခံစားနိုင်ရန် အာဆီယံကုန်သွယ်ရေး သဘောတူစာချုပ် ATIGA Form-D ပါရှိရန် လိုအပ်ပြီး ထိုကဲ့သို့ မပါရှိပါက မြန်မာနိုင်ငံ အကောက်ခွန် နှုန်းထား ၂၀၁၂ ခုနှစ်ပါ အကောက် ခွန် နှုန်းထားအတိုင်း ကောက်ခံသွားမည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်