Sunday, September 30, 2012

KIA မှ ရထားလမ်းတံတား မိုင်းခွဲဖျက်ဆီး ၊ ရထားခရီးသွား ပြည်သူ ၂၀၀၀ ကျော် ဒုက္ခရောက်

Posted by drmyochit Sunday, September 30, 2012, under | No comments


စက်တင်ဘာလ(၂၉)ရက်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် KIA တပ်ဖွဲ့ဝင်များမှ ရထားလမ်း တံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ ထိုတံတားသည် မိုင်းညှင်းမြို့နယ်ရှိ မိုးညှင်း ဘူတာနှင့် နမ္မားဘူတာကြားရှိ ရေပေါက်တံတားတစ်ခုဖြစ်ပါတယ်။ တံတားသည် မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိပြီး မန္တလေး -မြစ်ကြီးနား ရထားလမ်းသည် ကချင်ပြည်နယ် အတွက်အဓိက ကျသော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ KIA တို့မှ ရထားလမ်းမိုင်းခွဲခဲ့မှုကြောင့် ရထား ခရီးစဉ်များ အားလုံးရပ်ဆိုင်းထားရကြောင်း သိရှိရပါ တယ်။


ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မိုးညှင်းမှ ရထားဝန်ထမ်းတစ်ဦး ပြောပြတာကတော့``မိုင်းကွဲတာက နမ္မားနဲ့ ညောင်ပင်သာရွာကြားမှာကွဲတာ၊ ရထားမိုင်တိုင်က (၆၄၁/၁၀)နဲ့ (၆၄၁/၁၁)ကြားမှာ၊ တံတားနံပါတ်က(၆၀၆)၊ မိုင်းကွဲတော့ တံတားသံဘောင်က ဘယ်ဘက်ရော ညာဘက်ရော နှစ်ဘက်စလုံး ကို တစ်ပေစီလောက် ကားထွက်သွားတယ်၊ ဇလီဖားတုံးက(၅)တုံး ပျက်စီးသွားတယ်၊ မြေထိန်းတဲ့ ကွန်ကရစ်နံရံက အလယ်ပိုင်းမှာ (၂)ပေလောက် ပဲ့ထွက်သွားတယ်၊ သံလမ်း က တော့ တော်တော်လေး ကွေးသွားတယ်၊ အဲ့အချိန်မှာ မြစ်ကြီးနားက ထွက်လာတဲ့ အစုန်(၅၈)က ဒီနေရာကို မရောက်သေးဘူး၊ တော်သေးတယ်လို့ ပြောရမယ်၊ ဒါနဲ့ မြို့သစ်ကလေးဘူတာမှာ ရပ်ထားလိုက်ရတယ်´´လို့ KDN ကို ပြောပြပါတယ်။

KIA တို့၏ ယခုကဲ့သို့ ရထားလမ်းမိုင်းခွဲအားအကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ၂၀၁၁ ဇွန်လမှစတင်၍ လက်ရှိ အချိန်အထိ ၅၃ ကြိမ်မြောက် ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။

``လွန်လွန်းပါတယ်တော်.. ခဏခဏခွဲဘဲ ခွဲနိုင်လွန်းတယ်.. အခြားနည်းနဲ့ စစ်တပ်ကို တိုက်တာ ကြိုက်သလောက် တိုက်လို့ရတာပဲလေ.. အခုက ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်နေတာ.. ဒါသက် သက်လုပ်တာ၊ ပြည်သူတွေကို ရည်ရွယ်ပြီး တိုက်ခိုက်တာ၊ ကျုပ်ကတော့ ကျုပ်ခရီးနှောင့်နှေးသွားလို့ KIA ကို မကျေ နပ်ဘူး၊ သူတို့ကို မေတ္တာပို့ပါတယ်တော်´´ လို့ မြို့သစ်ကလေးဘူတာတွင် ရပ်ထားရသော (၅၈)အစုန် အထူး အမြန်ရထားပေါ်တွင် လိုက်ပါလာတဲ့ အမျိုးသမီးကြီးတစ်ဦး မှ ဒေါသသံအပြည့် နဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ (၅၈)အစုန် အထူး အမြန်ရထားပေါ်တွင် မြစ်ကြီးနားမှ ထွက်ခွာလာသည့် ခရီးသည် စုစုပေါင်း ၂၀၀၀ ကျော်ပါရှိပြီး မြို့သစ်ကလေး ဘူတာတွင် ဒုက္ခရောက်လျက်ရှိပါတယ်။

From:  ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်