Friday, September 14, 2012

ကိုယ့်အဖေအရွယ်ရှိ တာဝန်ရှိသူများကို ရိုင်းစိုင်းဆဲဆို စော်ကားသည့် ရွာသူ စရိုက်ကြမ်း မသွဲ့သွဲ့ဝင်းအား တရားစွဲထား

Posted by drmyochit Friday, September 14, 2012, under | No comments



From: 7day

လက်ပန်းတောင်းတောင် အရေး လှုပ်ရှားသော ၀က်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့သုံးဦးအား ဥပဒေပုဒ်မ-၃၄၁ မတရားတားဆီးမှု၊ လမ်းပိတ်ဆို့မှု၊ ဥပဒေပုဒ်မ-၂၉၄ ညစ်ညမ်းစွာဆဲရေးတိုင်းထွာမှု၊ ဥပဒေပုဒ်မ-၄၅၂ ပိုင်နက်ကျူးလွန်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ကျေးရွာသူများဘက်မှ လိုက်ပါဆောင်ရွက်လျက်ရှိသည့် ရှေ့နေ ပြောကြား ချက်အား ကိုးကား၍ ဒေါ်ခင်စန်းလှိုင် ကပြောသည်။

လက်ပန်းတောင်းတောင်အရေး လှုပ်ရှားဆန္ဒထုတ်ဖော်မှုများရပ်တန့်ပြီး၊ ဆန္ဒထုတ်ဖော်သူများ၏ တောင်းဆိုမှုများကို လိုက်လျောကာ ငြိမ်းချမ်းစွာပြီးဆုံးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပုလဲမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ဗဟိုညီလာခံကျင်းပရေး ကော်မရှင်ဦးအောင်ရှင်တို့က စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး အပါအ၀င် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် စက်တင်ဘာ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒေါ်ခင်စန်းလှိုင် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များသည် ယနေ့(စက်တင်ဘာ ၁၃ရက်)တွင် လက်ပန်းတောင်း တောင်ခြေရှိ ကျေးရွာသစ်စီမံကိန်းနှင့် ကျေးရွာဟောင်းများသို့ ဒေသခံများနေထိုင် စားသောက် နေမှုများကို သွားရောက်ကွင်းဆင်းလေ့လာနေ သည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင် ကပြောသည်။

လက်ပန်းတောင်းတောင်အရေး ဆွေးနွေးတိုင်ပင်ညှိနှိုင်းနေသည့်အတွက် ယခင်နေ့များက ဆန္ဒထုတ်ဖော်သော ၀က်မှေး ဒေသခံ များမှာ မုံရွာမြို့မှ ရွာသို့ ပြန်သွားကြပြီဖြစ်သည်။ ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း ကိုဂျင်မီနှင့် အဖွဲ့ဝင်များမှာ ဦးသာအေးနှင့် စက်တင်ဘာ ၁၂ ရက် ည ၇ နာရီဝန်းကျင်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထပ်မံတွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်