Sunday, October 07, 2012

ABSDF ငရဲတွင်းမှ တိုးထွက်ခဲ့သူများ - ၃

Posted by drmyochit Sunday, October 07, 2012, under | No comments




ဂျူ ။ ။ လုပ်ပါဦး၊ မှတ်မိသမျှ တွေထဲက အဆိုးရွားဆုံး နှိပ်စက်မှုလေးတစ်ခုလောက် ပြောပေးပါဦး။

ဖိုးစန်း ။ ။ ပြောရမယ်ဆိုရင် နှိပ်စက်သမျှကတော့ ဖက်ဆစ်က အဖေခေါ်ရလောက်အောက် တွေကြီးပဲဗျ။ ဥပမာဗျာ၊ ထောက်လှမ်းရေးပါလို့ ၀န်မခံတဲ့ ရဲဘော်ရဲ့ လက်ကိုဖြတ်တယ်ထားပါတော့ ၊ ဒီအတိုင်း ဓားနဲ့ မဖြတ်ဘူး၊ လက်ဖ၀ါးကို ယမ်းကပ်ထားပြီး ဖြတ်ပစ်တာ သဘောကတော့ လက်ပြတ်ပြီးသွားတာတောင် ယမ်းဆိပ်နဲ့ အနာယင်းပြီး ပုပ်ပွ ကျန်ခဲ့အောင် လုပ်တာပေါ့။ ထားပါတော့ဗျာ။ ခင်ဗျားမေးသလို ကျွန်တော် မမေ့နိုင်တဲ့ နှိပ်စက်ပုံအကြောင်း ပြောပြ မယ်။ တစ်ည ၈ နာရီလောက်မျာ ကျွန်တော်နဲ့ ကိုထိန်ကို အချုပ် အခန်းအပြင်ဖက် ခေါ်ထုတ်သွားတယ်။ မြေပေါ်စိုက် ထားတဲ့ ငုတ်တိုင်မှာ ခြေထောက်တွေကို ကြိုးချည် ထားတယ်။ ပြီးတော့မှ သူနဲ့ကျွန်တော့်ကို ၀ါးဆစ်ပိတ် တွေနဲ့ ရိုက်တော့တာပဲ။ ၀ါးဆစ်ပိတ်ဝါးတွေဟာ ကျွန်တော်တို့ကိုယ်တိုင် ညနေက ထမ်းထားခဲ့တဲ့ ၀ါးတွေ လေ။ ပထမတော့ ဘယ်ဘက်ကို ရိုက်တယ်ပေါ့။ ကျွန်တော်က စရိုက်ကတည်းက ရိုက်တဲ့အချက်ရေကို ရေထားတာ တစ်ချက်၊ နှစ်ချက်၊ သုံးချက်၊ လေးချက်၊ ငါးချက်ပေါ့ (၁၅) ချက်ပြည့်ရင် တစ်ဘက်လှည့်ပေးလိုက် တယ်။ (၁၅) ချက်ရိုက်ပေါ့။ နောက်ဆုံးတော့ဗျာ တစ်ချက်အရိုက်ခံလိုက်ရ တစ်ဖက်လှည့်ခံရကို ဖြစ်သွားတော့တာ ပဲ။ တုတ်ချက်တွေက များလွန်း တာကိုး ဗျ။ မခံနိုင်တော့ဘူး။ ကိုထိန်လည်း အဲဒီလိုပဲ။ သူနဲ့ကျွန်တော်နဲ့ဖြစ်နေပုံက အခုနေ ပြန်တွေးမိတော့ ရယ်ရောဗျ။ သူနဲ့ ကျွန်တော့်ကို ငုတ်တိုင်ချည်ပြီး ရိုက်တဲ့နေရာက သုံးလေးပေလောက်ပဲ ဝေးတာဆိုတော့ တစ်ယောက်ရိုက်ခံလိုက် တစ်ဖက်လှည့်လိုက်နဲ့ ခေါင်းချင်းဆိုင်မိလိုက် ဖင်ချင်းဆိုင်မိလိုက်နဲ့ဗျ။ နောက်ဆုံးတော့ ၀ါးစိမ်းတုတ် ၂ စီး၊ ၃ စီး ကုန်သွားတယ်။ ကြွေမွကုန်တယ်၊ ရိုက်စရာ မရှိတော့ဘူး။ ဒီတော့ ခပ် လှမ်းလှမ်းမှာရှိတဲ့ ထင်းချောင်းကြီးယူပြီး ကျွန်တော်တို့ခေါင်းတွေကို ရိုက်ခွဲပစ်တယ်။ ကျွန်တော်တို့ခေါင်းတွေ ကွဲကုန် တယ်။ နောက်တော့ သူတို့က ကျွန်တော်တို့ကို အချုပ်ထဲပြန်သွင်းပြီး နာ့စ်မတွေခေါ်ပြီး ချုပ်ခိုင်းတယ်။ ပြီးတော့ "ဟေ့ . .. ဒီကောင်တွေဆီက သွေးညှီနံ့တွေ နံတယ်၊ အပြင်ထုတ်ထားလိုက်ကွာ" ဆိုပြီး အပြင်ဘက်ကို ပြန် ဆွဲထုတ်တယ်။ အပြင်ဘက် ငုတ်တိုင်မှာ ကြိုးပြန်ချည်ပြီး လက်ပြန်ကြိုးတုတ်ပြီး ပစ်ထားလိုက်တယ်။ အဲဒီမှာ ကျွန်တော်တို့ ဒုက္ခ ရောက်တော့တာပဲ။ အဲဒီအချိန်က ရေတောင်ခဲတဲ့ ဆောင်းတွင်းကြီးလေဗျာ။ တောင်ကလည်း တောင်ထိပ်ဆိုတော့ အအေးဒဏ်ကို ခင်ဗျား စဉ်းစားသာကြည့်တော့၊ အချိန်ကလည်း ည ၁၁ နာရီ၊ ၀တ်ထားတာက ယူနီဖောင်းပါး ပါးလေးတစ်စုံစီဆိုတော့ဗျာ။ နောက်ဆုံး ဘယ်လောက်အေးသလဲဆိုရင် ကျွန်တော်တို့ ခန္ဒာကိုယ်အောက်မှာ ရေတွေခဲလာတယ်။ ကိုယ်ခန္ဒာလေး နည်းနည်းကြွလိုက်တာနဲ့ ရေခဲညှောင့်သံ တွေ တဖျစ်ဖျစ်မြည်သံတွေ ထွက်လာတယ်။ အဲဒီအချိန်မှာ ကိုထိန်က "ဟီးအီးအီး" ဆိုပြီး အသံကျယ်ကျယ်အော် ဟစ် ငြီးညူနေတယ်။ ကျွန်တော်ကတော့ တောင့်ခံနေတာပေါ့။ အဲဒီအချိန်မှာ ကိုထိန်က ကျွန်တော့်အနားကို တရွေ့ရွေ့တိုးလာပြီး "ဖိုးစန်း… ငြီး… ငြီး… ကျယ်ကျယ်လေးငြီး၊မငြီးရင် မနာဘူးထင်ပြီး ထပ်ထွက်ရိုက်နေမယ်" လို့ ပြော တယ်။ အဲဒီတော့မှ ကျွန်တော်လည်း သဘောပေါက်သွားပြီး ခပ်ကျယ် ကျယ်ငြီးပြနေရတော့တာပေါ့။ "ဟီး အီးအီး"ဆိုပြီး ဟုတ်တော့ဟုတ်တယ်။ ကိုထိန်နဲ့ ကျွန်တော် ငြီးသံ လေးလျှော့သွားတော့ အစောင့်တွေဆီကနေ အသံတစ်သံ ထွက်လာတယ်။ "ဟေ့.. ဒီကောင်တွေဆီက အသံမကြားရတော့ဘူး။ ရေထွက်လောင်းကွာ" တဲ့ မကြာပါဘူး။ အစောင့်တစ်ယောက်က ရေဖလားနဲ့ ရေခပ်လာပြီး ကျွန်တော်တို့နှစ်ယောက်ရဲ့ ကျောထဲကို ရေ လောင်းထည့်ကြတယ်။ အဲဒီမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် သေလူပဲ သတ်မှတ်လိုက်ကြတယ်။ သွေးခဲပြီး ငါတို့သေတော့မယ်ပေါ့ ။ ဒီတော့ အသက်ဘယ်အချိန်ထွက်မလဲဆိုတာကို သတိထားနေလိုက်ကြတယ်။ နှစ်နာရီ ။ ငါတို့မသေသေးဘူး။ ၃ နာရီ သံချောင်းခေါက်သံကြားတယ်။ ဟာ.. ငါတို့ မသေသေးဘူး။ အဲဒီလိုပေါ့ဗျာ။ နောက်ဆုံး မိုးလင်းလို့ နေရောင်သေးသေးလေး စထွက်လာတော့ ပျော်လိုက်တာဗျာ။ ဟာ.. ငါတို့မသေတော့ဘူးပေါ့။ အဲဒီမယ် နေရောင်ခြည်ကို လူတွေ ကျေးဇူးရှင်လို့ သတ်မှတ်တာ သိပ်မှန်တာပဲဆိုပြီးလည်း တွေးမိလိုက်သေးတယ်။ နေရောင်ခြည်ကိုလည်း စိတ်ထဲကနေ ထွက်ခဲ့စမ်းပါ ပြင်းပြင်းလေး ထွက်ခဲ့စမ်းပါလို့လည်း ဆုတောင်းနေ မိတယ်။ နောက်တော့ အစောင့်တွေက ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်ပြန်ကြိုးတွေလျှော့ပေးပြီး ထမင်းကျွေးတယ်။ ထမင်းစားပြီးတော့ ကိုထိန်ကို အချုပ်ခန်းထဲပြန်သွင်းပြီး၊ကျွန်တော့်ကိုတော့ "ဒီကောင့်ကို ကားစင်တင်လိုက်ကွာ" ဆိုပြီး သစ်လုံးနဲ့လုပ်ထားတဲ့ လက်ဝါးကပ်တိုင်မှာ လက်တွေကိုချည် လိုက်တယ်။ ပြီးတော့မှ ကြာပွတ်နဲ့ တစ်ယောက်စီ ထွက်ထွက်ပြီး ရိုက်တယ်။ ကြာပွတ်မှာ ကြိုးတွေထုံး ထားတော့ အခံရခက်တာပေါ့ဗျာ။ ဒီလိုနဲ့ နေ့လည် ၁ နာရီလောက်မှာ ခွေးတစ်ကောင်ကို ကျွန်တော်မြင် လိုက်ရတယ်။ ကျွန်တော်နဲ့ခွေးက ပေ ၅၀ လောက်ပဲ ဝေးတာဆိုတော့ ကျွန်တော် ခေါင်းနပန်းကြီး သွားတယ်။ စိတ်ထဲကနေလည်း ခွေးကို အမိန့်ပေးနေမိ တယ်။ "ဟေ့ကောင်.. မင်းပြန်လှည့်သွားစမ်း.. ငါ့ဆီမ လာနဲ့.. မင်း ငါ့ဆီလာရင် ငါ့ကို ဟောင်တော့မှဖြင့် ဟောင်ရင် ငါ့ကို ခဏမေ့နေတဲ့ အစောင့်တွေ သတိရပြီး ငါ့ကို လာရိုက်နေဦးမှာ။ ဒီတော့ ငါ့အနားမလာပါနဲ့ကွာ" လို့ စိတ်ထဲ ကနေ အမိန့်ပေးနေမိတယ်။ ဒါပေမဲ့ ဒီကောင်က မရဘူးဗျ။ တရွေ့ရွေ့နဲ့ ကျွန်တော့်နားကပ်လာတယ်။ ပြီးတော့ ကျွန်တော့်ကို ထူးထူးဆန်းဆန်းကြည့်တယ်။ သူ့အတွက် ထူးဆန်းမယ်ဆိုလည်း ထူးဆန်းရောကိုးဗျ။ လက်ဝါးကပ်တိုင်မှာ တွဲလောင်း ကျနေတဲ့လူကို သွေးတွေတရွှဲရွှဲနဲ့ဆိုတော့ သူ့အတွက် ထူးဆန်းနေမှာကိုး။ အဲဒီမှာ ကျွန်တော့်ကို ထိုးဟောင်တော့တာပဲ.။ အဲဒီမှာ အစောင့်တွေ ကြာပွတ်ကိုင်ပြီးထွက်လာတယ်။ ပြီးတော့ "တွေ့လား ဟေ့ကောင် မင်းကို ခွေးတောင်ကြည့်မရဘူး" ဆိုပြီး အသားကုန်ရိုက်တော့တာပဲ။ အဲဒီမှာ ကျွန်တော် က ခွေးကို စိတ်ထဲကနေ ဆဲတော့တာပဲ။ "ခွေးမသား၊ ဒါကြောင့် ငါပြောတာ ငါ့နားကို မလာပါနဲ့။ ငါ့ကိုမ ဟောင်ပါနဲ့လို့ ခု မင်းကြောင့် ငါ ရိုက်ခံရပြန်ပြီ" လို့။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်