Friday, November 09, 2012

အင်းစိန်ထောင်တွင် နှစ်ရှည်ကျခံနေရသော AIDS ဝေဒနာသည်တစ်ဦး အသေခံ ဆန္ဒပြ

Posted by drmyochit Friday, November 09, 2012, under | No comments


အင်းစိန်အကျဉ်းထောင်တွင် နှစ်တစ်ရာကျော် အပြစ်ဒါဏ် ကျခံနေရသော ခုခံအားကျဆင်းမှု ဝေဒနာသည်တစ် ဦးဖြစ်သည့် ဦးအုန်းသန်းမှာ အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်တောင်းဆိုချက်ဖြင့် အင်စိန်ထောင်ဆေးရုံ အပေါ်ထပ်မှ ခုန်ချကာ အသေခံ ဆန္ဒပြမှုတစ်ရပ် အောက်တိုဘာ ၂၉ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဦးအုန်းသန်းမှာ အပက-၃ ပုဒ်မဖြစ်သည့် အစိုးရပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မများဖြင့် နှစ်၁၀၀ကျော် အပြစ်ဒါဏ်ကျခံ နေရခြင်းဖြစ်ကာ ခုခံအား ကျဆင်းမှုရောဂါ၊ တီဗီရောဂါတို့ဖြင့် ထောင်ဆေးရုံ၊ OB2 ခန်းတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသူဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားသည့် အောက်တိုဘာ ၂၉ရက်နေ့ မနက် ၈း၃၀ မိနစ်တွင် ဦးအုန်းသန်းသည် ဆေးရုံဆောင်အပေါ်ထပ် M2 နောက်ဘက် ၀ရံတာသို့ တက်ရောက်ကာ အောက်ကြမ်းပြင် ကွန်ကရစ်သားပေါ်သို့ ခုန်ချခြင်းဖြင့် မတရားထောင်ဒါဏ် ကျခံနေရသော သူ့အဖြစ်နှင့် လွတ်ငြိမ်းချမ်းသာ ခွင့်လိုချင်သော သူ့ဆန္ဒ သဘောထားကို ထုတ်ဖော်လိုက်သည်။ သေဆုံးသွားချိန်တွင် ဦးအုန်းသန်းက သေတမ်းစာ၃စောင် ချန်ရစ်သွားပြီး တစ်စောင်ကို သူ့မိသားစုသို့လည်းကောင်း၊ ကျန်တစ်စောင်ကို မိတ်ဆွေတစ်ဦးသို့ လည်းကောင်း၊ နောက်ဆုံးတစ်စောင်ကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်သို့လည်းကောင်း ဦးတည်ရေးသားထားကြောင်း သိရသည်။
ယင်းသေတမ်းစာများအနက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်သို့ ဦးတည်ရေးသားထားသော သေတမ်းစာတွင် အကျဉ်းထောင်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုင်ကြားရေးသားထားပြီး သူကဲ့သို့ သေဆုံးနိုင်သည့်အထိ ဝေဒနာခံစားနေရသူများ ထောင်တွင် အများအပြားရှိပါကြောင်း။ လူသားချင်းစာနာထောက်ထားမှုအရ ထိုကဲ့သို့သော လူမျိုးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပါကြောင်း။
ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် မီဒီယာများနှင့် အဘက်ဘက်က ဖိအားပေးလာသည့်အတွက် တရားရုံးရောက်လာသည့်အမှုမှန်သမျှ ထောင်ဒါဏ်ပြင်းထန်စွာ ချသော စနစ်သို့ ပြောင်းလဲသွားပါကြောင်း၊ ထောင်ထဲတွင် ထိုကဲ့သို့ ပြစ်မှုနှင့် ပြစ်ဒါဏ်မမျှတပဲ မတရားကျခံနေရသူ များစွာရှိပါကြောင်း၊ ဖြစ်နိုင်ပါက ယခုအစိုးရသစ် လက်ထက်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် တစ်ကြိမ်လောက်တော့ အနည်းဆုံးပေး သင့်ပါကြောင်း ရေးသားထားသည်။အကစ ညွှန်ချုပ်ဆီ ဦးတည်ထားသည့် ထိုသေတမ်းစာကို CID က ချက်ချင်းလာရောက်သိမ်းဆည်းသွားပြီး ယင်းအမှု ကိစ္စကြီး တစ်ခုလုံးအား ပြင်ပသို့ သတင်းမပျံ့စေရန် အင်းစိန်ထောင်တွင် အဘက်ဘက်မှ တင်းကြပ်လိုက်ကြောင်းသိရသည်။
ယနေ့ခေတ်တွင် ပြည်သူ့လွတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကဲ့သို့သော အဖွဲ့အစည်းမျိုး ပေါ်ပေါက်လာပြီး မီဒီယာများကလည်း မြန်မာပြည် တရားစီရင်ရေး မဏ္ဍိုင်ကို ထိုးနှက်မှုများ ပြုလာချိန်တွင် တရားသူကြီးများမှာ ၄င်းတို့ အပြစ်လွတ်အောင် တရားရုံးရောက်လာသမျှ အမှုတိုင်းကို ကြီးလေးသောပြစ် ဒါဏ်များချမှတ်နေကြောင်း။
 တကယ်တမ်းတွင် တရားစီရင်ရေး မဏ္ဍိုင်တစ်ခု တည်းသာမက အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော ရဲတပ်ဖွဲ့ကိုပါ စောင့်ကြည့်ဝေဖန် မှုများပြုသင့်ကြောင်း။ယခုအခါ ရဲ မတရားလုပ်သော အမှုများ အလွန်များပြားလာပြီး ရဲနှင့် ပေါင်းကာ မိမမလိုလားသူကို အမှုဆင်ဖမ်းဆီးမှုများလည်း များပြားလာကြောင်း။ ရဲက ခိုင်လုံအောင် အမှုဆွဲတင်လာလျှင် တရားသူကြီးများမှာ အမှန်အမှားဘာမှ မကြည့်တော့ပဲ ကြီးလေးသော ပြစ်ဒါဏ်များချမှတ်နေတော့သဖြင့် ခံရသူများ အလွန်နစ်နာရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက ပြောကြားသည်။

  ဒီမိုဝေယံ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်