ကျော်ဝင်း
စကားဦး
မကြာသေးခင် (အောက်တိုဘာ လကုန်ပိုင်း) က စာရေးသူ တရုတ်ပြည်သို့ ရောက်သွား ပါသည်။ အိမ်ပြန်ရောက်တော့ အမေရိကန် သမ္မတ အိုဘားမား၏ ခရီးစဉ်နှင့် တိုးသည်။ နောက် နိုဝင်ဘာ လကုန်တွင် အိန္ဒိယသို့ ရောက်သွားပြန်သည်။ ဒီတစ်ကြိမ် အိမ်ပြန် ရောက်တော့ လက်ပံတောင်း အရေးနှင့်ကြုံရသည်။ ဤတွင် စာရေးသူဖတ်ခဲ့၊ မှတ်ခဲ့သော စာများနှင့် ကြုံခဲ့၊ ဆုံခဲ့သော ဖြစ်ရပ် များကို ဆက်စပ်ပြီး တွေးစရာတွေ လျှံကျ လာလေတော့သည်။ ယခု စာစုမှာ စာရေးသူ ဉာဏ်မီသမျှ စဉ်းစားမိသည် များကို စုစည်းတင်ပြလိုက်ခြင်း ဖြစ်ပါကြောင်း ...။
၁။ ပစိဖိတ်အကျပ်
ပထဝီနိုင်ငံရေး အန္တရာယ်လမ်းကြောင်း
ခေတ်ပြိုင်နာမည်ကြီး အနာဂတ္တိဆရာ၊ “ဂျော့ဖရီးမင်း” က ၂၁ ရာစု တွင် ကြုံရဖွယ် ရှိသော ပထဝီနိုင်ငံရေး အန္တရာယ် လမ်းကြောင်း များကို ဆန်းစစ် တွက်ချက်ကြည့်ရာ ဖြစ်တန်ရာ အများဆုံး အန္တရာယ် လမ်းကြောင်း အဖြစ် “ပစိဖိတ် ချိုင့်ဝှမ်းဒေသ” (The Pacific Basin) ကို ဖော်ပြပါသည်။
သူ့ဟောကိန်း မှန် မမှန် အသာထား၊ သူထောက်ပြသော ပစိဖိတ် အကျပ်အတည်းမှာ မြန်မာ့အရေးနှင့် နီးနီးကပ်ကပ် ဆက်စပ် လာနိုင်စရာ ရှိသည်ဟု သဘောရပါ၍ ယခုစာစုကို ဤအကျပ်နှင့် ဖွင့်လိုက်ပါသည်။ ပုံနှင့်ဆက်စပ် စဉ်းစားကြဖို့ ဖြစ်ပါသည်။
ပုံတွင်မြင်ရသည့်အတိုင်း ပစိဖိတ်သမုဒ္ဒရာ၏ အနောက်ဘက် ကမ်းခြေမှာ ပြီးခဲ့သော နှစ်ပေါင်းငါးဆယ် အတွင်း ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှု အမြန်ဆုံး ဒေသကြီးဖြစ်သည်။ ဤဒေသကြီးတွင် ကမ္ဘာ့ အကြီးဆုံး စီးပွားရေး နှစ်ခုပါဝင်သည်။ တရုတ်နှင့် ဂျပန်တို့ဖြစ်ပါ သည်။ သို့နှင့်တိုင် တရုတ်ရော၊ ဂျပန်သည်ပါ ပစိဖိတ်ကို ဖြတ်သွား သော ပင်လယ်ရေကြောင်း ကုန်သွယ်မှု အပေါ် အကြီးအကျယ် အမှီ သဟဲပြုနေ ရသည်။ အကယ်၍ အဆိုပါ ကုန်စည်စီးဆင်းမှု တွင်သာ နှောင့်ယှက် ဟန့်တားမှုများ ပေါ်လာခဲ့လျှင် တရုတ်ရော၊ ဂျပန်စီးပွားရေး ပါ ကပ်သင့်သလို ဖြစ်သွားနိုင်သည်။ ဤအခြေအနေတွင် ဤသို့သော နှောင့်ယှက် ဟန့်တားမှုမျိုးကို လုပ်မည်ဆိုလျှင် လုပ်နိုင်သည့်အင်အား မှာ ပစိဖိတ်အရှေ့ဘက် ကမ်းရှိ အမေရိကတွင် ရှိနေသည်။ တည့်တည့် ဆိုရလျှင် အမေရိက၏ ပစိဖိတ် ရေတပ်အင်အားပင် ဖြစ်ပါသည်။ ဤသည်ပင် ပစိဖိတ် သမုဒ္ဒရာထက်တွင် ထိပ်တိုက် ရင်ဆိုင်မိနေသော အင်အား ချိန်ခွင် လျှာပင် ဖြစ်တော့ သည်။
ယခု စာစုနှင့် တိုက်ရိုက် သက်ဆိုင်သည့် တရုတ်ပြည် အကြောင်း ကို ဆက်ပါမည်။ အားလုံး သိကြသည့် အတိုင်း တရုတ်ပြည်မှာ ပြီးခဲ့ သော မျိုးဆက်အတွင်း အဓိက စက်မှု အင်အားကြီး နိုင်ငံအဖြစ် ပေါ်ထွက် လာခဲ့ရာ ယခုဆိုလျှင် ၄င်း၏စီးပွားရေး တိုးတက်မှုနှုန်းမှာ အမေရိက အပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံအားလုံးကို ဖြတ်ကျော် သွားခဲ့ပြီ ဖြစ်ပါသည်။
ဤသို့စီးပွားရေး အတက်ကြမ်းလာသည် နှင့်အမျှ တရုတ်ပြည်၏ ကုန်ကြမ်းနှင့် စွမ်းအင် လိုအပ်ချက်မှာ ပြည်တွင်း အရင်းအမြစ် များမှ ထောက်ပံ့နိုင်သည် ထက် ပိုလွန်သွားတော့သည်။ ဤတွင် တရုတ်စီးပွားရေး အရှိန်မပျက် ဆက်လက်နိုင်စေရန် လိုအပ်သော ရေနံကို အရှေ့အလယ်ပိုင်း မှလည်းကောင်း၊ ကုန်ကြမ်းကို အခြားသော အာရှပစိဖိတ် ဒေသမှလည်းကောင်း တင်သွင်း နေရတော့သည်။ တရုတ်စီးပွားရေး အသက်ဆက်ဖို့အတွက် “သွေးလွှတ်ကြော” လိုဖြစ်နေသော အဆိုပါ သွင်းကုန်လမ်းကြောင်းများ မှာလည်း ပစိဖိတ်ကို ဖြတ်နေရပေသည်။ (ပုံတွင် အရောင်ရင့်ဖြင့် ဖော်ပြထားသော “မြား” များဖြစ်ပါသည်။)
တရုတ်၏ စီးပွားရေး ပုံသဏ္ဌာန်မှာ “ပို့ကုန်ဗဟိုပြုပုံစံ (Export Orientated Model) ဖြစ်သည်။ ပို့ကုန်မှ ရသော ဝင်ငွေဖြင့် စီးပွားရေး တစ်ခုလုံးကို မောင်းနှင် နေခြင်းဖြစ်သည်။ ဤပုံစံအရ တရုတ်စီးပွားရေး ၏ “သွေးပြန် ကြော” ဟုဆိုနိုင်သော ပို့ကုန်လမ်းကြောင်း များမှာလည်း ပစိဖိတ် သမုဒ္ဒရာကိုပင်ဖြတ်ပြီး အမေရိ ကနှင့် ဥရောပသို့ တင်ပို့ နေရ သည်။ (ပုံတွင် အရောင်နုဖြင့် ဖော်ပြထားသော မြားများ ဖြစ်ပါသည်။) ဤသို့ဖြင့် တရုတ် စီးပွားရေး၏ သွေးလွှတ်ကြောရော၊ သွေးပြန်ကြော သည်ပါ ပစိဖိတ် ချိုင့်ဝှမ်းတွင် လည်ပတ် စီးဆင်းနေရရာ သမုဒ္ဒရာ တစ်ဖက်ကမ်းမှ အမေရိက ကသာ ဤချိုင့်ဝှမ်းကို ပိတ်ဆို့လိုက်လျှင် တရုတ် စီးပွားရေး သွေးဆုတ် ရပ်တန့်သွားမည့် အနေအထား ပင်ဖြစ်ပါ သည်။ ဤကဲ့သို့သော အနေ အထားမျိုးကို တရုတ်ပြည် အနေနှင့် ဘယ်လိုမှ လက်ခံနိုင်လိမ့်မည် မဟုတ်ပါချေ။
ပစိဖိတ် အရှေ့ခြမ်းမှ အမေရိက၏ စစ်ပြီးခေတ် တစ်လျှောက်လုံး ကျင့်သုံးခဲ့သည့် စီးပွားရေး ပုံစံမှာ လူထုဝယ်အားကို တွန်းတင်ပြီး စီးပွားရေး အကျပ်အတည်းများကို ရှောင်နိုင်ဖို့ ဖြစ်သည်။ ဆိုခဲ့ပြီးသော ပစိဖိတ်ကုန်သွယ်ရေး လမ်းကြောင်းမှ ဝင်လာသည့် တရုတ်ကုန်စည် များက အမေရိကန် လူထု၏ ဝယ်အားကို ဈေးချိုချိုနှင့် ထောက်ပံ့ ပေးသလို ရှိနေရာ အဆိုပါပုံစံအတွက် အကျိုးရှိသည်ဟု ဆိုနိုင်ပါ သည်။ တစ်ပြိုင်နက် တည်းမှာပင် ဆိုခဲ့ပါ တရုတ်ပို့ကုန် များကြောင့် အမေရိက၏ အချို့သော စီးပွားရေး ကဏ္ဍများနှင့် ဒေသများမှာ ကျီးနှင့်ဖုတ်ဖုတ် ဆိုသလို ဖြစ်လာခဲ့ရာ ပြည်တွင်း စက်မှုလုပ်ငန်းကို အခြေမှ လှိုက်စားသလို ရှိနေပြန်သည်။ ဤအချက်ကပင် အမေရိကန် နိုင်ငံရေးတွင် လက်ရှိပုံစံကို ပြောင်းလိုသည့် ကန့်လန့်ဖြတ် ရေစီးကြောင်းများ ဖန်တီးလိုက်သလို ဖြစ်လာတော့သည်။
အကယ်၍ အဆိုပါကန့်လန့်ဖြတ် ရေစီးကြောင်းများသာ အပေါ်စီး ရလာပါက စီးပွားရေး အရ ပိတ်ဆို့မှုများ ရှိလာနိုင်သကဲ့သို့ နိုင်ငံရေးအရ တင်းမာမှုများပင် ရှိလာနိုင်သည်။ ထို့ထက် စစ်ရေးအရ ဆိုလျှင်လည်း အမေရိက အနေနှင့် ၄င်းသာ ဆန္ဒရှိလျှင် ပစိဖိတ်ကုန်သွယ်ရေး လမ်းကြောင်း အားလုံးကို ပိတ်ဆို့နိုင်သည့် အနေအထားနှင့် အင်အားလည်း ရှိနေ ပြန်သည်။
ပုဂ္ဂလဓိဋ္ဌာန် သဘောအရမူ တရုတ်ရော အမေရိကပါ ထိပ်တိုက် တွေ့မှုများကို လိုလားကြသည် မဟုတ်သည့်တိုင် ဓမ္မဓိဋ္ဌာန်ကျကျ ဆိုရလျှင် အင်အားချိန်ခွင်လျှာ မညီမျှမှုကား အမှန်ပင် ရှိနေပေသည်။ ဤသို့သော အခြေအနေမျိုးမှာ အင်အားကြီးသူ အတွက် “နိုင်ဖဲ” ဖြစ်သည့်တိုင် အင်အားနည်းသူ အတွက်မူ အန္တရာယ် အဖြစ်ကြည့်မြင် မည်သာ ဖြစ်ပေ သည်။ သိသိသာသာ ကြီးမားလာသော တရုတ်ပြည်၏ စစ်ရေး အသုံးစရိတ်များမှာ ဤအနေအထား နှင့် ဆက်စပ် နေပါလိမ့်မည်။
၂၁ ရာစုအရွေ့
ဆိုခဲ့ပြီးသော အမေရိကန် နိုင်ငံရေးရှိ ကန့်လန့်ဖြတ်ရေစီး ကြောင်းကို အားဖြည့် ပေးလိုက်သည်မှာ ၂၁ ရာစု ပထမဆယ်စုအတွင်း ထင်ရှား သိသာလာသော အရွေ့နှစ်ခုဖြစ်လေမည်လား စဉ်းစားဖို့ ရှိလာပါသည်။ စီးပွားရေး အရွေ့နှင့် နိုင်ငံရေး အရွေ့တို့ဖြစ်သည်။ ဤအရွေ့ နှစ်ခုလုံး၏ ဦးတည်ရာမှာ အာရှဒေသ ဖြစ်လာခြင်းပင်။
အမှန်စင်စစ် ၂၁ ရာစု၏ စီးပွားရေး ချိန်ခွင်လျှာမှာ အရှေ့ဘက် (အာရှဒေသ) သို့ ရွေ့လာလိမ့်မည် ဆိုသော မှန်းဆချက်မှာ ၂၀ ရာစု နှောင်းပိုင်း ကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။ တကယ့် လက်တွေ့တွင် လည်း ဤမှန်းဆချက် အတိုင်း ဖြစ်လာသည်။ နောက်ဆုံးရိုက်ချက် အဖြစ် ဤအရွေ့ကို အထင်အရှား လှစ်ပြလိုက်သည်မှာ ၂၀၀၈/၀၉ “ဂရိတ်ရီဆက်ရှင်း” ဟု ဆိုရပါလိမ့်မည်။ အဆိုပါ ကမ္ဘာလုံးချီ အကျပ် အတည်းကြီးမှာ အမေရိကန် ပြည်ထောင်စုမှ စတင်ပြီး တရုတ်၊ အိန္ဒိယ စသော အာရှနိုင်ငံ များထက် အမေရိကနှင့် ဥရောပကို ပိုအထိ နာစေခဲ့သည်။
အကျပ်အတည်း လွန်သည်နှင့် အမေရိက၏ စီးပွားရေး ပုံစံမှာ အစဉ်အလာ ဝယ်လိုအား ကျားကန်ရေး ပေါ်လစီမှ တရုတ်ပုံစံ၊ စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု ဦးစားပေး ပေါ်လစီသို့ ရွေ့လာသည်။ သို့နှင့်အမျှ ယခင်ကလို တရုတ်ပို့ကုန်များ အပေါ် အမှီသဟဲပြုနေရ သည့် အနေအထားကို တစ်စတစ်စ ကျောခိုင်း တော့မည့် အရိပ်လက္ခဏာ များရှိလာသည်။ ဆိုလိုသည်မှာ ပစိဖိတ်ကုန်သွယ်ရေး လမ်းကြောင်း များမှာ အမေရိကအတွက် ထည့်တွက်စရာ မလိုတော့ဘဲ တရုတ် စီးပွားရေးကို အချိန်မရွေး လည်မျို ညှစ်နိုင်သည့် နိုင်ဖဲတစ်ချပ်လို ဖြစ်လာသည့် သဘောဖြစ်ပါသည်။
အဆိုပါ အပြောင်းအလဲကို ထပ်မံအားဖြည့် ပေးလိုက်သည်မှာ ၂၁ ရာစုနိုင်ငံရေး အရွေ့ဟု ဆိုရပါလိမ့်မည်။ ၂၁ရာစု နိုင်ငံရေး ချိန်ခွင်လျှာ မှာလည်း အရှေ့ဘက် (အာရှဒေသ)သို့ ရွေ့လာနေပြီ ဆိုသော ကောက်ချက် မှာလည်း ရှေးမဆွကပင် ရှိခဲ့ပြီးဖြစ်သည်။ စစ်အေးခေတ် (၁၉၄၅ - ၁၉၈၉) ကမ္ဘာ့နိုင်ငံရေး ဗဟိုချက်မမှာ ဥရောပ အလယ်ပိုင်းဖြစ်ခဲ့ရာမှ စစ်အေးလွန်ခေတ် (၁၉၈၉-၂၀၀၀) တွင် အရှေ့ အလယ်ပိုင်းသို့ ရွေ့လာသည်။ ယခု ၂၁ ရာစုအဝင် ကမ္ဘာလုံး အတိုင်းအတာ အကြမ်းဖက်ဝါဒ၊ အရှိန်လျော့ လာသောအခါ ကမ္ဘာ့နိုင်ငံရေး ဗဟိုချက်၊ တစ်နည်း အမေရိက၏ ပေါ်လစီ ဖိုးကပ်စ်မှာ တရုတ်ပြည် ဗဟိုပြု အာရှဒေသ ဖြစ်လာရ တော့သည်။ သမ္မတ အိုဘားမားခေတ် အမေရိက၏ နိုင်ငံခြားရေး ပေါ်လစီ ခြေလှမ်းများကို ကြည့်လိုက်လျှင် ဆိုခဲ့ပါ အရွေ့၏ စေစားချက် များကို အလွယ်တကူပင် မှန်းဆနိုင်စရာ များရှိပါသည်။
ကြည့်ပါ။ စစ်ပြီးခေတ် တစ်လျှောက်လုံး ခပ်အင်အင် ရှိနေခဲ့သော ဂျပန်စစ်အင်အား တိုးချဲ့မှုကို တိုးတိုးတိတ်တိတ် ထောက်ခံလာသည်။ အာဆီယံ အဖွဲ့ကြီးနှင့် ဘက်ပေါင်းစုံ ဆက်ဆံရေးများ တိုးမြှင့်ဆောင် ရွက်လာသည်။ စစ်အေးခေတ် တစ်လျှောက်လုံး ဆက်ဆံရေး သွေးအေး ခဲ့သော အိန္ဒိယနှင့် ရွှေလမ်းငွေလမ်း ဖောက်လာသည်။ ထို့ထက် ၁၉၉၀ ပြည့်လွန် နှစ်များကတည်းက စီးပွားရေး အရေးယူပိတ်ဆို့ မှုများဖြင့် ဒဏ်ခတ်ထားခဲ့သော မြန်မာပြည်နှင့် ပတ်သက်လျှင် လည်း ပေါ်လစီ ပြောင်းလာသည်။ ပထမအရေးယူ ပိတ်ဆို့မှုများ ဆက်လက်ထားရှိ သေးသော်လည်း တိုက်ရိုက် ထိတွေ့မှုနှင့် တွဲဖက် ကျင့်သုံးလာသည်။ နောက် ပိတ်ဆို့မှုများ တဖြည်းဖြည်း ဖယ်ရှားရာ မှ နောက်ဆုံး သမ္မတ အိုဘားမားကိုယ်တိုင် ရန်ကုန်ရောက်လာသည် အထိ ဖြစ်လာခဲ့သည်။ ဆိုရလျှင် တရုတ်ပြည် ဝိုင်းပတ်ရေး မဟာ ဗျူဟာ ခြေလှမ်းများ ...။
ဤသို့သော အခင်းအကျင်း သစ်တွင် တရုတ်ပြည်အနေနှင့် ၄င်းတို့ တရားဝင် ထုတ်ပြန်ကြေညာ ထားသော “ငြိမ်းချမ်းစွာ အင်အား ကြီးမားရေး” ဆိုသည့် ပေါ်လစီတွင် ဘယ်လောက်ကြာကြာ ခြေမြဲ လက်မြဲ ရပ်နိုင်ပါမည်နည်း။ အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာ အတွင်း အမေရိက ဦးဆောင်သည့် စစ်ရေး လေ့ကျင့်မှုများ ပိုစိပ်လာသည့် အခြေအနေ အောက်တွင် အမေရိကဘက်မှ “နိုင်ဖဲ” ဖြင့် အချိန်မရွေး “ကျယ်” နိုင်သည့် ပစိဖိတ် အကျပ်မှ ရုန်းထွက်နိုင်ရေးမှာ တရုတ်တို့၏ ဦးစားပေး မဟာဗျူဟာ ဖြစ်လာရတော့သည်။ နိုင်ဖဲကို နိုင်ဖဲဖြင့် ပြန်ကျယ်ဖို့၊ တစ်နည်း အမေရိက၏ စစ်အင်အားကို တန်ပြန်နိုင်ဖို့ စစ်ရေးအပြိုင် တည်ဆောက်ဖို့ ဆိုသည်မှာ တရုတ်တို့အတွက် လက်တွေ့ တွင်မလွယ်။ စီးပွားရေး တိုးတက်မှုကို စတေးရမည့် သဘောရှိရာ ရှေ့သွား ဆိုဗီယက် ယူနီယံ၏ ကံကြမ္မာမျိုး တိုးနိုင်သည်။ လက်ရှိ အမေရိကန် စစ်အင်အားကို အမီလိုက်ဖို့ ဆိုသည်မှာလည်း ဖြစ်နိုင် သည်ထား ချက်ချင်း လက်ငင်းတော့မလွယ်။ အချိန်ယူရဦးမည်။
ဤသို့ဆိုလျှင် တရုတ်ပြည် ဘာလုပ်မည်နည်း။ ပစိဖိတ်ချိုင့်ဝှမ်း မဟုတ်သည့် အခြား အော်တာနေးတစ် လမ်းကြောင်းတစ်ခု ဖော်ထုတ်နိုင်ရေးမှာ တရုတ်တို့၏ မဟာဗျူဟာ ဖိုးကပ်စ်ဖြစ်လာ ရတော့သည်။ ပြောရလျှင် ဤဖိုးကပ်စ်မှာလည်း အသစ်စက်စက် တော့ကား မဟုတ်။ ဟိုးရှေးမဆွ ကပင်ရှိနေခဲ့သော တရုတ်တို့၏ အိပ်မက်ဟောင်း ပင်ဖြစ်သည်။
သမုဒ္ဒရာနှစ်စင်း ပေါ်လစီ
ယနေ့ ဆူပါ-ပါဝါ အမေရိကနှင့် စိန်ခေါ်သူ တရုတ်တို့မှာ ပထဝီ၏ မျက်နှာသာပေးမှုချင်း မတူကြပါ။ အမေရိက၏ ပထဝီအနေ အထားက တရုတ်ထက်ပိုသာပါသည်။ အမေရိကမှာ သမုဒ္ဒရာ နှစ် စင်း (အတ္တလန်တိတ်နှင့် ပစိဖိတ်)ကို မျက်နှာချင်း ဆိုင်ထားနိုင်သည် ဖြစ်ရာ ၄င်း၏စီးပွားရေး ဖွံ့ဖြိုးမှုမှာ ယေဘုယျအားဖြင့် ဟန်ချက်ညီ သည်ဟု ဆိုနိုင်ပါသည်။ တရုတ်ပြည်ကား ဤသို့မဟုတ်။ ပစိဖိတ် သမုဒ္ဒရာ တစ်စင်းတည်းကိုသာ မျက်နှာချင်း ဆိုင်ခွင့်ရရာ ကမ်းရိုး တန်းဒေသများမှာ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးလာသော်လည်း ကုန်း တွင်းပိုင်း ဒေသများကား အမေရိက၏ ကာလီဖိုးနီးယားလို တစ်ပြေး ညီဖွံ့ဖြိုး မလာခဲ့ပါ။ သိသိသာသာ နောက်ကျကျန်ရစ်ခဲ့ပါသည်။ ဤ အချက်သည်ပင် တရုတ်စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အရေးပါသော စိန်ခေါ်ချက် တစ်ရပ်ဖြစ်လာခဲ့ပါသည်။
ပြောရလျှင် တရုတ်ပေါ်လစီ မိတ်ကာများ အနေနှင့် အဆိုပါ စိန်ခေါ်ချက်ကို တုံ့ပြန် ရင်ဆိုင်နိုင်ရန် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကနဦးကာလကပင် စိတ်ကူးကြံဆချက် များရှိခဲ့ပြီး ဖြစ်ဟန် ရှိပါ သည်။ “သမုဒ္ဒရာနှစ်စင်း ပေါ်လစီ” အဖြစ် လူသိများသော စဉ်းစား ချက်ဖြစ်သည်။
တရုတ်တို့ ရှာဖွေတွေ့ရှိ လိုက်သော ဒုတိယသမုဒ္ဒရာ မှာ အိန္ဒိယ သမုဒ္ဒရာဖြစ်ပြီး ဤသမုဒ္ဒရာသို့ တိုက်ရိုက်ပေါက်မည့် ထွက်ပေါက်မှာ မြန်မာပြည်ပင် ဖြစ်ပါသည်။ ယခုအချိန်ထိ ပွင့်ပွင့် လင်းလင်း ထုတ်ဖော်ပြောကြား သည်မျိုး မရှိသေးသည့်တိုင် တရုတ် ပေါ်လစီမိတ်ကာ များ၏ စိတ်ကူးတွင် မြန်မာပြည်ကို တရုတ် ကာလီဖိုးနီးယား အဖြစ် စိတ်ကူးကြံဆ ထားသည်မျိုး ရှိနိုင်ပေသည်။
ယခု ၂၁ ရာစု စီးပွားရေး၊ နိုင်ငံရေးအရွေ့နှင့် ပစိဖိတ်အကျပ် တို့နှင့် ဒုတ်ဒုတ်ထိ ရင်ဆိုင်လာရသော အခါ ယခင်က မှန်းဆရုံမျှသာ ရှိခဲ့သော ဆိုခဲ့ပါ သမုဒ္ဒရာနှစ်စင်း ပေါ်လစီ၏ ခြေလှမ်းများကို ပီပီ သသ တွေ့လာရပါသည်။ အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူ ထားသော ရခိုင်ပြည်နယ်နှင့် တရုတ်ပြည်၏ ကုန်းတွင်းပိုင်း ယူနန်ပြည်နယ်ကို ဆက်သွယ်ဖောက်လုပ်မည့် ဓာတ်ငွေ့ပိုက်လိုင်းနှင့် ဟိုင်းဝေးလမ်းမ ကြီးတို့ပင်ဖြစ်သည်။ ရခိုင်ကမ်းရိုးတန်း တစ်လျှောက် ဆိပ်ကမ်းများ တည်ဆောက်စေပြီး အရှေ့ အလယ်ပိုင်းမှ ရေနံနှင့် ဓာတ်ငွေ့တို့ကို တင်ပို့စေမည်။ ထိုမှတစ်ဆင့် မိုင်ထောင်ချီ ပိုက်လိုင်းဖြင့် တရုတ်ပြည် ကုန်းတွင်းပိုင်း ဒေသများအထိ အရောက်ပို့နိုင်မည်ဖြစ်သည်။ ဤသို့ ဆိုလျှင် စရိတ် ကြီးသည်နှင့်အမျှ ခရီးရှည်သော မလက္ကာရေလက် ကြားကို ဖြတ်ကျော်ရသော လက်ရှိ လမ်းကြောင်းကို ရှောင်ကွင်းနိုင် သလို ပစိဖိတ်အကျပ်ထဲမှ မိမိတို့၏ သွေးလွှတ်ကြော များကိုလည်း အန္တရာယ် ကင်းရာသို့ ရွေ့နိုင်မည် ဖြစ်ပေသည်။
ထိုမျှမက ဆိုခဲ့ပြီးသော ဟိုင်းဝေးနက်ဝပ် များကိုသာ အသုံး ပြုနိုင်လျှင် အိန္ဒိယ၊ တောင်အာရှနှင့် အာဆီယံ ဒေသသို့ပါ ပို့ကုန် လမ်းကြောင်းသစ်များ ဖွင့်နိုင်ပေလိမ့်မည်။ ဤသို့ဆိုလျှင် ပစိဖိတ် အကျပ်ထဲမှ အမေရိကနှင့် ဥရောပသို့ ဦးတည်သွားသော လက်ရှိ သွေးပြန်ကြောများ ဆုံးရှုံးရလျှင်သော်မှ ဆိုးဆိုးဝါးဝါး ထိခိုက်နိုင် စရာ မရှိတော့ပေ။ ဤသည်ပင် တရုတ်ပြည်က ရွေးချယ်လိုက်သော မဟာဗျူဟာ အော်တာနေးတစ်ဟု ယူဆရပေသည်။ စိတ်ကူးသက် သက်မဟုတ်။ ယခုပင်စတင်နေပြီဖြစ်သော ခြေလှမ်းများဖြစ်သည်။ ဤခြေလှမ်းသစ် များကို အမေရိက က သတိကြီးကြီး စောင့်ကြည့်လျက် ရှိသလို အိန္ဒိယကလည်း သူ့နည်းသူ့ဟန်ဖြင့် တုံ့ပြန်လာသည်။ သည်လိုနှင့် မြန်မာပြည်မှာ တရုတ်၊ အမေရိကနှင့် အိန္ဒိယတို့၏ မဟာဗျူဟာ ဖိုးကပ်စ်သစ် ဖြစ်လာ ရတော့သည်။
ဆက်လက်ဖော်ပြပါမည်
ကျော်ဝင်း
ွှThe Voice Weekly မှကူးယူဖော်ပြသည်။
0 comments:
Post a Comment