Wednesday, December 26, 2012

မပခတိုင်းမှူး၏စာကို ကေအိုင်အို ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ကန့်ကွက်

Posted by drmyochit Wednesday, December 26, 2012, under | No comments


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်၏စာကို စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ခြိမ်းခြောက်မှုဟု ကေအိုင်အိုက ယူဆသည်။ သို့သော် ထိုစာမှာ ကေအိုင်အေအား တပ်မတော်က တိုက်ရန်အစီအစဉ်မရှိသောကြောင့် ပေးပို့ခြင်းဖြစ်ပြီး နှစ်ဖက်ကြား နားလည်မှုလွဲနေ၍ တရားဝင်စကား အမြန်ပြောသင့်ပြီဖြစ်ကြောင်း အပစ်အခတ်ရပ်စဲရေးဒါရိုက်တာက အကြံပြု

ရန်ကုန်၊ဒီဇင်ဘာ-၂၄

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးက လဂျားယန်တပ်စခန်းသို့ အုပ်ချုပ်မှုကိစ္စဆောင်ရွက်ရန် လမ်းကြောင်းတစ်လျှောက်ရှိ ကေအိုင်အေတပ်ဖွဲ့များအား ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထား၍ ဆုတ်ခွာ ပေးရန် သတိပေး အကြောင်းကြားခြင်းအပေါ် ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ် လွတ် ဂမ်က ကန့်ကွက်ကြောင်း ဦးအောင် မင်းထံသို့ ဒီဇင်ဘာ ၂၄ ရက်တွင် အကြောင်းကြားသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်က ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့၊ Peace-talk Creation Group (PCG) ဥက္ကဋ္ဌ ဦးယွပ်ဇော်ခေါင်ထံသို့ ဒီဇင်ဘာ ၂၃ ရက်တွင် သတိပေးအကြောင်းကြားစာ တစ်စောင်ပို့ခဲ့သည်။ ထိုစာတွင် လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း တပ်များဝင်ရောက်ရန်ရှိကြောင်း၊ ထို့ကြောင့် လမ်းကြောင်း တစ်လျှောက်ရှိ ကေအိုင်အေ အဖွဲ့များအား ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထား၍ နောက်ဆုတ် ပေးရေး ကေအိုင်အေအဖွဲ့ထံသို့ သတိပေးသွားပါရန် အကြောင်းကြားပါသည်ဟု ဖော်ပြထား သည်။

အဆိုပါ အကြောင်းကြားသည့်စာအပေါ် ကေအိုင်အို ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ  ဦးအောင်မင်းထံသို့ အကြောင်းကြားစာပို့သည်။ စာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုဆွေးနွေးရေးအဖွဲ့တို့သည် တွေ့ဆုံဆွေးနွေးသော နည်း လမ်းဖြင့် ညှိနှိုင်းကြိုးပမ်းဆောင်ရွက်နေချိန်ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ထိုသို့ အပြန်အလှန် ဆက်သွယ် ညှိနှိုင်း နေစဉ် ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ဒီဇင်ဘာ ၂၃ ရက်တွင် PCG မှတစ်ဆင့် လဂျားယန် တပ်စခန်းသို့ အုပ်ချုပ်မှုကိစ္စဆောင်ရွက်ရန် လမ်းကြောင်းတစ်လျှောက်ရှိ ကေအိုင်အေ အဖွဲ့များ အား ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထား၍ ဆုတ်ပေးရန် သတိပေးလာခဲ့သည်။ ဤသို့စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ရာဇသံ ပေးခြိမ်းခြောက်လာမှုကို ကေအိုင်အိုဆွေးနွေးရေးအဖွဲ့က ကန့်ကွက်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်ဟု ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ 7Day News က ငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဦးမင်းဇော်ဦးသို့ ဆက်သွယ်မေးမြန်းရာတွင် “ဒီကိစ္စနှင့်ပတ်သက်ပြီး ဒီနေ့ တပ်ဘက်က အရာရှိ တစ်ယောက်ကို မေးကြည့်တယ်။ သူက တပ်အနေနဲ့ ဆက်တိုက်မယ်ဆိုရင် အခုလိုစာရေးစရာမလိုဘူး။ စာရေးတယ် ဆိုတာ တိုက်ဖို့ အစီအစဉ် မရှိလို့။ ရိုးသားမှု ရှိလို့  ဒီလိုစာပို့တာ။ တိုက်ဖို့ မရှိပါဘူးလို့ ပြောတယ်”ဟု ပြန်လည် ဖြေကြားသည်။

မပခတိုင်းမှူးက ပေးပို့သောစာတွင် လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် ဆိုသော အချက်မှာ ဘာကို ဆိုလို ပါသလဲဟု မေးမြန်းရာ ဦးမင်းဇော်ဦးက အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် ဆိုသည်မှာ တပ်များအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ တပ်ချင်း လဲလှယ်သော ကာလဖြစ်၍ တပ်ချင်း လဲလှယ်ရန် ရည်ရွယ်၍ ပြောခြင်းသာဖြစ်သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲများ ပိုမိုပြင်း ထန်လာပြီး နှစ်ဖက်အကြား သံသယများ ပိုမိုကြီးထွားလာသည့်အတွက် နှစ်ဖက် စလုံး အနေဖြင့် တရားဝင်စကားပြောနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဦးမင်းဇော်ဦးကသုံးသပ်သည်။ “အခုလို အပစ် အခတ်တွေ ဖြစ်နေတယ် ဆိုတာကလည်း နှစ်ဖက်စလုံး အမြန်ဆုံးဆွေးနွေးဖို့လိုနေပြီဆိုတာ ထောက်ပြ တယ်”ဟု ဦးမင်းဇော်ဦးကပြောသည်။ အစိုးရနှင့် ကေအိုင်အိုတို့အကြား တင်းမာမှုများ ပိုမိုဖြစ် ပေါ်နေခြင်း အတွက် အဖြေရှာရန် အမြန်တွေ့ဆုံဆွေးနွေးရန်၊ စားပွဲဝိုင်းတွင်ထိုင်၍ အဖြေရှာရန် လိုအပ် နေပြီဖြစ်ကြောင်း လည်း ၎င်းကပြောသည်။

စာ၏ဆိုလိုရင်းမှာ အစိုးရတပ်မတော်အနေဖြင့် လဂျားယန်လမ်းကြောင်းတစ်လျှောက်တွင် တိုက်ခိုက်ရန် အစီ အစဉ် ရှိ၊ မရှိ မသိရသော်လည်း ဒီဇင်ဘာ ၂၄ရက် တစ်နေ့လုံး တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ကေအိုင် အိုမှ ဗိုလ်ကြီးတစ်ဦးကလည်း ပြောသည်။

ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံသို့ စာပို့ထားသည်ဖြစ်၍ ထိုကော်မတီမှ တရားဝင် အ ကြောင်းပြန် သင့်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် တစ်ဦးဖြစ်သော ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ကျွန်တော်တို့ အခုလို ခရစ် စမတ်ပွဲတော်ကို ရန်ကုန်မှာ ငြိမ်း ချမ်းစွာဆင်နွှဲနေနိုင်တဲ့ အချိန်မှာ ကချင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နေရာ များက ကျွန်တော်တို့ရဲ့ တိုင်းရင်း သားပြည်သူ အချို့ကတော့ သူတို့ ရဲ့နေအိမ်တွေကို စွန့်ခွာပြီး ပဋိ ပက္ခတွေရဲ့ဝေးရာကို ပြေးလွှား ပုန်း ရှောင် နေ ဆဲဖြစ်ပါတယ်။ သူ တို့တွေ နောင်နှစ်ခရစ်စမတ်ပွဲ တော်ကို ငြိမ်းချမ်းစွာ ဆင်နွှဲနိုင်စေ ဖို့ ကျွန်တော် တို့အားလုံးမှာ တာ ၀န်ရှိပြီး ကျွန်တော်တို့အားလုံးပူး ပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါ တယ်။ အဲဒီလို ကျင်းပမယ့် ခရစ် စမတ်ပွဲတော်ကို မြင်တွေ့လိုတဲ့ ဆနပြင်းပြသော သူများအကြား မှာ ကျွန်တော် ဟာ ထိပ်ဆုံးက ပါ ၀င်တယ်ဆိုတာကိုလည်း ပြော ကြားလိုပါတယ်””ဟု ဦးအောင်မင်း က ခရစ်စမတ် နေ့တွင် စိန့်ဂါဘရီယလ် ဘုရားရှိခိုးကျောင်းတွင် ပြု လုပ်သော ခရစ်စမတ်ဆုတောင်းပွဲ အမှာစကား၌ ထည့်သွင်း ပြော ကြားသွားခဲ့သည်။

အစိုးရနှင့် ကေအိုင်အိုတို့မှာ လာမည့်ဇန်န၀ါရီလတွင် ငြိမ်းချမ်း ရေးအတွက် ထပ်မံဆွေးနွေးရန် ဦးအောင် မင်းက ဒီဇင်ဘာ ၁၃ ရက်တွင် ကမ်းလှမ်းထားသည်။ သို့သော် ကချင်ပြည်နယ်တွင် ဒီဇင်ဘာလ ဒုတိယ ပတ်မှ စတင်၍ တိုက် ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားနေ ခဲ့သည်။ နှစ်ဖက်စစ်ရေးတင်းမာမှု များ လျော့ကျရန် နှစ်ဖက် တပ်များ အနေဖြင့် ရှေ့သို့ကျွံနေပြီး ရှုပ် ထွေးနေသော တပ်များကို ခေတ္တ ဆုတ်ခွာရန်နှင့် တွေ့ဆုံ ဆွေးနွေး ရန် လိုအပ်နေပြီဖြစ်ကြောင်း ဦးလမိုင်ဂွမ်ဂျာက အကြံပြုသည်။


7 Days News Jornal 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်