Wednesday, December 26, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့်မိန့်ခွန်းအပြည့်အစုံ

Posted by drmyochit Wednesday, December 26, 2012, under | No comments


အစိုးရဌာန အဖွဲ့အစည်း များ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက် ကောင်းမွန်အောင်ပြုပြင် ပြောင်းလဲ ဆောင်ရွက် ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စု ဝန်ကြီး ဌာန များနှင့် တိုင်း ဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့ အစည်း အသီး သီးမှ တာဝန် ရှိသူ များအား ပြောကြား သည့် မိန့်ခွန်း

၂၆-၁၂-၂၀၁၂

ပြည်ထောင်စု ဝန်ကြီးဌာန ဝန်ကြီးများ၊ တိုင်း ဒေသကြီး၊ ပြည်နယ် အစိုးရ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ အားလုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြ ပါစေလို့ နှုတ်ခွန်း ဆက်သ ပါတယ်။

ကျွန်တော်တို့ အစိုးရ အနေနဲ့ နိုင်ငံ အုပ်ချုပ်ရေး တာဝန်ယူပြီး နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုး ထမ်းဆောင် ခဲ့တာ တစ်နှစ်နဲ့ ကိုးလခန့် ရှိပြီဖြစ် ပါတယ်။

ခေတ်သစ် စနစ်သစ် ထူထောင် တည်ဆောက်ဖို့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဆင့်ဆင့် ဖွဲ့စည်းမှုများ စတင်ဆောင်ရွက်ခဲ့ပြီး ခေတ် စနစ်သစ် အတွက် လိုက်လျောညီထွေရှိမယ့် ဥပဒေ၊

စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ၊ ပြင်ဆင်သင့်တာတွေ၊ အသစ်ရေးဆွဲသင့်တာတွေ ရေးဆွဲ ဆောင်ရွက် ခဲ့ပါတယ်။ အချို့ ကိစ္စရပ်များဟာ မပြီးပြတ်သေးဘဲ ကဏ္ဍအလိုက်နဲ့ ဒေသအလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသား အဆင့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ဆဲ ဖြစ်ပါတယ်။

အချို့ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ အတည်ပြုပြဋ္ဌာန်းရန် ပြင်ဆင်ဆဲ ဖြစ်ပါတယ်။ ခေတ်ဟောင်း စနစ်ဟောင်းက ခေတ်သစ် စနစ်သစ်ကို ကူးပြောင်းရာမှာ တွေ့ကြုံရလေ့ရှိတဲ့ အတွေ့အကြုံ နည်းပါးမှု၊

အပြောင်းအလဲအတွက် ပြင်ဆင်ချိန် လိုအပ်မှုနဲ့ အခြား ရင်ဆိုင်ဖြေရှင်းရတဲ့ အခက်အခဲတွေ မည်သို့ပင် ရှိစေကာမူ ယခုထိ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ညင်သာချောမွေ့ အောင်မြင်အောင် ဝိုင်းဝန်းကြိုး ပမ်း ဆောင်ရွက်ပေးကြတဲ့ လွှတ်တော်၊ အစိုးရ၊ တရားလွှတ်တော် ၊ တပ်မတော်နဲ့ ပြည်သူ တစ်ရပ်လုံး ကိုရော၊ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ မိတ်ဖက် အဖွဲ့အစည်း အသီးသီးကို အထူး ကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြား လိုပါတယ်။

ယခင် အစိုးရက ပြည်သူများရဲ့ လိုအင် ဆန္ဒနဲ့ အညီ ပါတီစုံ ဒီမို ကရေစီ စနစ်နဲ့ ဈေးကွက် စီးပွားရေး စနစ် တို့ကို ထူထောင် နိုင်ရန် လွှဲပြောင်း ပေးခဲ့မှု အပေါ် ကျွန်တော်တို့ အစိုးရ အနေ နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခြေခံ မူများနဲ့ အညီ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမို ကရေစီ စနစ် ထွန်းကားရေး၊ တနည်း အားဖြင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တာဝန် ကြီးကို ပထမ အဆင့် ပြုပြင် ပြောင်း လဲရေး လုပ်ငန်းစဉ် အဖြစ် စတင် ဆောင်ရွက် ခဲ့ပါတယ်။

အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးဟာ၊ တိုင်းပြည် တည်ငြိမ် အေးချမ်း မှုနဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် မရှိမဖြစ် အဓိက လိုအပ်ချက် ဖြစ်တဲ့ အတွက်၊ ပါတီ အသီးသီးနဲ့ ရော တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ပါ၊ မတူတာတွေ ဘေးမှာ ထားပြီး၊

တူညီတဲ့ သဘောထား တွေနဲ့ နိုင်ငံ အကျိုးပြု လုပ်ငန်းတွေ ပူးပေါင်း လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ တာကြောင့်၊ အထိုက် အလျောက် အောင်မြင်မှု ရရှိနေသော်လည်း၊ အချို့နေရာတွင် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားရမယ့် လုပ်ငန်း တွေလည်း ကျန်ရှိပါတယ်။

ကျန်ရှိတဲ့ လုပ်ငန်းတွေ အောင်မြင်ရေးနဲ့ ကျွန်တော်တို့ အစိုးရ ကြိုးပမ်းဆောင် ရွက်နေတဲ့ ဒီမိုက ရေစီ အသွင် ကူးပြောင်းရေး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု များမှာ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး၊ ပြည်သူ တစ်ရပ်လုံး လက်တွဲပါဝင် ပူးပေါင်းပြီး ဆောင်ရွက် ပေးကြပါလို့ နှိုးဆော် ပန်ကြား လိုပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင် အထည် ဖော်စဉ် တစ်ချိန် တည်းမှာပဲ၊ ပြည်သူ တွေရဲ့ စားဝတ် နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပြည်သူ့ဘဝ လုံခြုံမှုနဲ့ လူမှုစီးပွားရေး တိုးတက် မှုတို့ အတွက် ပြည်သူ ဗဟိုပြု လူမှု စီးပွားရေး ပြုပြင် ပြောင်းလဲ မှုကို ပြုပြင် ပြောင်းလဲရေး ဒုတိယ အဆင့် အဖြစ် ဆောင်ရွက်ရန် မူဝါဒ ချမှတ် ပေးခဲ့ပြီး ဖြစ်ပါ တယ်။

မြန်မာ နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး အခြေ အနေ တွေဟာ ဒေသတွင်း အခြား နိုင်ငံ များထက် နောက်ကျ ကျန်နေပြီး၊ ဆောင်ရွက် ရမယ့် လုပ်ငန်း ပမာဏဟာ ကြီးမား ကျယ်ပြန့် တဲ့အတွက်၊ ကာလတို၊ ကာလရှည် ဦးစားပေး အစီအမံတွေကို စနစ်တကျ ရေးဆွဲစီမံမှသာ၊ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် ထိရောက် အကျိုး ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွားရေးနဲ့ လူမှုရေး အကြံပေး ကောင်စီနဲ့ ပြည်တွင်း ပြည်ပ ပညာ ရှင်များ၊

ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ပူးပေါင်း ဆွေးနွေးညှိနှိုင်းပြီး “စီးပွားရေးနဲ့ လူမှုရေး ပြုပြင် ပြောင်း လဲမှု အတွက် အခြေခံမူဘောင်” ရေးဆွဲပြီး ဖြစ်တဲ့အတွက် ဒီနေ့ကျင်းပမယ့် စီမံကိန်းကော်မရှင် အစည်း အဝေးမှာ ဆွေးနွေး အတည်ပြု ကြမှာ ဖြစ်ပါတယ်။

စီးပွား ရေးနဲ့ လူမှုရေး ပြုပြင် ပြောင်းလဲမှု အတွက် အခြေခံ မူဘောင် ညှိနှိုင်း ရေးဆွဲ နေစဉ် တစ်ပြိုင် တည်းမှာ စီးပွားရေး ကဏ္ဍအလိုက် ပြုပြင်ရမယ့် မူဝါဒ၊ လုပ်ငန်းစဉ် တွေကို ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးက လည်းကောင်း၊ ဒေသအလိုက် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုး တက်ရန် မူဝါဒ၊ လုပ်ငန်းစဉ် တွေကို တိုင်း ဒေသကြီး၊ ပြည်နယ် အစိုးရ များက လည်းကောင်း လွှတ်တော် ကိုယ်စား လှယ်များ၊ ပြည်တွင်း ပြည်ပ ပညာ ရှင်များ၊ ပြည်သူ များ အပါအဝင် အလုပ်ရုံ ဆွေးနွေး ပွဲများ ကျင်းပပြီး သဘောထား အကြံ ဉာဏ်များ ရယူခဲ့ကြ ပါတယ်။

အလုပ်ရုံ ဆွေးနွေး ပွဲများ ကျင်းပ နေစဉ်မှာပဲ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ခေတ်နဲ့ ဆီလျှော်ပြီး၊ ပြည်သူများ လက်တွေ့ လုပ်ကိုင် နိုင်မယ့် အခြေ အနေ တွေနဲ့ ကိုက် ညီအောင် ပြင်ဆင် ရေးဆွဲ ခဲ့ကြ ပါတယ်။

ဒီလို အချိန်တို အတွင်း တစ်ခုပြီးမှ တစ်ခု လုပ်ခြင်းမျိုး မဟုတ်ဘဲ ဆောင်ရွက်ရန် ရှိတဲ့ အလုပ် တွေကို တစ်ပြိုင် တည်း လုပ်ဆောင် နေသလို၊ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ရဖို့နဲ့ လူမှု စီးပွား ရေးမှာ တိုးတက် စေမယ့် လုပ်ငန်းတွေကို တည်ဆဲဥပဒေ လုပ်ထုံး လုပ်နည်း များနဲ့  ခွင့်ပြု ဆောင်ရွက် ပေးလျက် ရှိပါတယ်။


ပြီးခဲ့တဲ့ တစ်နှစ်ကျော် ကာလ အတွင်းမှာ ငွေလဲနှုန်းနဲ့ ငွေကြေး ကဏ္ဍ အပြောင်း အလဲမှာ မက်ခရို စီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်ရင်း တစ်ဖက်က တိုင်းပြည် စီးပွားရေးမှာ အရေး ပါတဲ့ ကုန်သွယ် မှုနဲ့ ရင်းနှီး မြှုပ်နှံမှု ဥပဒေ၊ စည်းမျဉ်း၊

လုပ်ထုံး လုပ်နည်းတွေ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ ပါတယ်။ ပြည်သူ များရဲ့ အလုပ် အကိုင် အခွင့် အလမ်း ပိုမို တိုးတက် ရရှိရေး အတွက် အထူး စီးပွားရေး ဇုန်စီမံ ကိန်းများ၊ စက်မှုဇုန်နဲ့ စက်ရုံစု စီမံကိန်းများ၊ မြို့ပြ ကျေးရွာ ဖွံ့ဖြိုးမှု စီမံကိန်း များကို အကောင် အထည် ဖော်ဖို့ ကြိုးစား ခဲ့ပါတယ်။

သို့ရာတွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးမှုနဲ့ ဈေးကွက်ဝယ်လိုအား ကျဆင်းနေခြင်း၊ မြန်မာ နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှု အပြီးတိုင် ရုပ်သိမ်းရန် လိုအပ်နေခြင်း၊ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန် မှုကြောင့် သဘာဝ ဘေး အန္တရာယ် ခံစား ရခြင်း၊

စတဲ့ အခြေ အနေများ၏ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု နှေးကွေး နေတဲ့ အတွက် လက်ရှိ အခြေ အနေ ကနေပြီး ပြည်သူတို့ရဲ့ လက်ရှိစီးပွားရေး သိသာထင်ရှားစွာ တိုးတက်အောင် ဝိုင်းဝန်း ကြိုးပမ်း ကြဖို့ တိုက်တွန်း နှိုးဆော်လိုပါတယ်။

ယခုလို နိုင်ငံ ဖွံ့ဖြိုးတိုး တက်မှု လုပ်ငန်း စဉ်များ သာမန် စီမံ ရုံဖြင့် အလို အလျောက် ဖြစ်ထွန်း တိုးတက် လာမှာ မဟုတ်ဘဲ လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်မှု ထိရောက် မှသာ အောင်မြင် တိုးတက် မှာ ဖြစ်ပါတယ်။ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှု ထိရောက် အောင်မြင်ဖို့ အစိုးရ အုပ်ချုပ်မှု ယန္တရားရဲ့ စီမံလုပ်ကိုင်မှု ထိရောက် ထက်မြက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရဲ့ နိုင်ငံရေး၊

စီးပွားရေး ဖြစ်ထွန်း တိုးတက်အောင် ကြိုးပမ်းရာမှာ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ အစိုးရ အုပ်ချုပ်ရေး ယန္တရား စွမ်းဆောင်ရည် ထိရောက် ထက်မြက်မှု အပေါ်မှာ မူတည်ပါတယ်။ ခေတ်စနစ် သစ်တစ် ရပ်ကို ပြုပြင်ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ရာမှာလည်း ရှေးယခင် အတွေးအမြင် လုပ်နည်း အတိုင်း ဆောင်ရွက်လို့ မရတော့ဘဲ ဒီမိုကရေစီကျင့်စဉ်နဲ့ လိုက်လျောညီထွေရှိမယ့် နိုင်ငံရေး အမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ လူမှုရေးအမြင်များနဲ့ ကျယ်ကျယ် ပြန့်ပြန့် တွေးခေါ်မြော်မြင် လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်ရာမှာ ပြည်သူတွေက ရွေးချယ် တင်မြှောက်ထားတဲ့ ကျွန်တော်တို့ အစိုးရ အဖွဲ့အစည်းအနေနဲ့ရော၊ ပြည်သူများရဲ့ အခွန်ဘဏ္ဍာနဲ့ ပြည်သူ့ဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်းအားလုံးကို ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရ ( Good Governance, Clean Government ) ဖြစ်အောင် ကြိုးပမ်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ကိစ္စအဝဝမှာ ပြည်သူလူထု အတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ မှာကြား တိုက်တွန်းခဲ့ပြီး ဖြစ်ပါတယ်။

သို့ရာတွင် ပြည်သူ လူထုနဲ့ ထိတွေ့ နေတဲ့ ဌာန ဆိုင်ရာ နဲ့ မြို့နယ်၊ ရပ်ကျေး အဆင့် အထိ အဆင် မပြေမှု များစွာ ရှိနေတဲ့ အပြင် အချို့ နေရာ ဒေသ၊ ဌာနတွေမှာ -


- ပြည်သူ လူထု သဘောထား ဆန္ဒနဲ့  ပြည်သူ လူထုရဲ့ အသံကို နားမ ထောင်ဘဲ မတိုင် ပင်ဘဲ မိမိတို့ သဘော အလျောက် ဆောင်ရွက် နေခြင်း၊

- မိမိတို့ လုပ်ဆောင်မှုများ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူလူထု ကျယ်ကျယ် ပြန့်ပြန့် သိအောင် ချပြမှု မရှိခြင်း၊

- ပြည်သူ လူထုက သိလို၍ မေးမြန်းခြင်းနဲ့  ပြည်သူ လူထုရဲ့ လိုအပ်ချက် တောင်းဆိုခြင်း များအပေါ် တာဝန်ယူ ဖြေရှင်း ပေးမှု မရှိခြင်း၊

- ကဏ္ဍ အလိုက်၊ ဌာနဆိုင်ရာ ဥပဒေ လုပ်ထုံး လုပ်နည်း များနဲ့ ဒေသန္တရ အလိုက် ဥပဒေစည်းမျဉ်း လုပ်ထုံး လုပ်နည်း များနဲ့ အညီ စီမံအုပ်ချုပ် လုပ်ကိုင်မှု မရှိခြင်း၊

- ထိုသို့ ဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိခြင်းကြောင့် နောက်ဆက်တွဲ အဂတိ လိုက်မှု၊ လာဘ်ပေးလာ ဘ်ယူမှုများ ဖြစ်ပေါ်ခြင်း၊

- အစိုးရ အုပ်ချုပ်ရေးယန္တရားသည် ပြည်သူများအတွက် လျှင်မြန် ချောမွေ့မှုမရှိဘဲ နှောင့်နှေးကြန့်ကြာ၍ အခက် အခဲများ တွေ့ရှိ နေခြင်း၊

- စီမံခန့်ခွဲ အုပ်ချုပ်မှုစွမ်းရည် ကျဆင်းနေခြင်း၊

စတဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသော အစိုးရရဲ့ အင်္ဂါရပ်များ၊ အရည် အသွေးများ ချို့ယွင်း အားနည်း နေတာကို တွေ့ရှိရပါတယ်။ ထိုသို့ အားနည်းမှု များကြောင့် မြို့နယ်အဆင့်တွင် ပြည်သူနှင့် ထိတွေ့ ဖြေရှင်းနိုင်စွမ်းမရှိသည့် ပြဿနာများ၊

အချို့ဒေသတွင် ရပ်ကွက်ကျေးရွာ အဆင့် အုပ်ချုပ်မှုကို ပြည်သူများက လိုလားနှစ်သက်ခြင်း မရှိသည့် အခြေအနေများ ပေါ်ပေါက်တာကို တွေ့ရှိရတဲ့အတွက် အောက်ခြေ ရပ်ကျေး အဆင့်မှ အထက် ပြည်ထောင်စုအဆင့်အထိ ပြုပြင် ပြောင်းလဲသင့်သည်များကို ပြုပြင် ပြောင်းလဲသွားဖို့ လိုအပ်လာပါတယ်။

ဒါကြောင့် အစိုးရဌာန အဖွဲ့အစည်းများရဲ့ စီမံအုပ်ချုပ်မှုစနစ် တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ တတိယအဆင့် လုပ်ငန်းအဖြစ် သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရာမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနဲ့အညီ ပြည်သူ့ဝန်ကိုဆောင်သော ပြည်သူ့ဝန်ထမ်းများ ဖြစ်အောင် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှ ပြည်ထောင်စု အဆင့်အထိ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ အတွေးအမြင်၊

အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြောင်းလဲခြင်း လုပ်ဆောင်ရမှာဖြစ်သလို အစိုးရ အဖွဲ့အစည်း ယန္တရားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲခြင်း ကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြင်ဆင် ရာမှာ ခေါင်းဆောင်မှုနေရာတွေမှာ တာဝန်ယူကြရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အဆင့်ကအစ ပြည်ထောင်စုဝန်ကြီး အဆင့်အထိ ခေါင်းဆောင်ကောင်း အင်္ဂါရပ်နဲ့ ညီညွတ်အောင် ပြုမူ ကျင့်ကြံ အားထုတ်ဖို့နဲ့ ပြည်သူတွေ အားကိုးယုံကြည် စိတ်ချရအောင် ကြိုးစားကြဖို့ ပြောကြား လိုပါတယ်။

ယခု ပြုလုပ်လျက်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနဲ့အတူ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများကို မိမိတို့ ဝန်ထမ်းတစ်ဦးစီ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းများ မြှင့်တင်ရန် လိုအပ်သကဲ့သို့ မိမိတို့ ဝန်ထမ်းအဖွဲ့အစည်း အသီးသီး၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း အာရုံစိုက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒီလို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာမှာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် တစ်ရပ်တွင် အစိုးရနဲ့ ပြည်သူ အပြန်အလှန် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်မှု ကောင်းဖို့ လိုအပ်ပါတယ်။

ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်မယ့် စီမံအုပ်ချုပ် လုပ်ကိုင်မှုကို ပြောင်းလဲသွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မြို့နယ်တစ်ခုမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊

လူမှုရေး စီးပွားရေး လူထုလူတန်းစား ကိုယ်စားလှယ်ပါဝင်တဲ့ မြို့နယ်ကော်မတီ ဖွဲ့စည်းပြီး မြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး၊

လူမှုရေး စသည့် အရေးအရာကိစ္စ အရပ်ရပ်အတွက် မြို့နယ်ကော်မတီ အောက်မှာ ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြို့နယ်ရဲ့ အရေးအရာကိစ္စအားလုံးကို မြို့နယ် ကော်မတီအစည်းအဝေးဖြင့် စုပေါင်း ဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊

စုပေါင်းဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်သည့် စနစ်ဖြင့် ဖွဲ့စည်းပြင်ဆင် ဆောင်ရွက် သွားစေ မှာ ဖြစ်ပါတယ်။ ဒီလိုပဲ ခရိုင်ကော်မတီ အဆင့်မှာလည်း အလားတူ ဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်။

ရပ်ကွက်ကျေးရွာအဆင့်မှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်ထားပြီးလျှင် အခြား ရပ်ကွက် ကျေးရွာ လူကြီးများ ရွေးချယ်ပူးပေါင်း ပါဝင်တဲ့ ရပ်ကွက်ကျေးရွာကော်မတီ ဖွဲ့စည်းပြီး စုပေါင်းဆွေးနွေး တိုင်ပင် ဆုံးဖြတ်၊

အကောင်အထည်ဖော် ဆောင်ရွက်တဲ့စနစ် ဆက်လက်ဖွဲ့စည်းဆောင်ရွက် မှသာ ရှေးယခင် တစ်ဦး တစ်ယောက် တည်း အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့သော ပြည်သူလူထု မလိုလားတဲ့ ပြဿနာ တွေ လျော့နည်းလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရများအနေနဲ့ ကော်မတီ ဖွဲ့စည်းမှု အဆင့်ဆင့် ခိုင်မာ ကောင်းမွန် အောင် ဆောင်ရွက်ကြဖို့နဲ့ ဆောင်ရွက်မှု ကိစ္စများမှာ ဥပဒေနဲ့အညီ ဖြစ်ရေး စီမံဆောင်ရွက်သွားရန် မှာကြား လိုပါတယ်။

ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ မြို့နယ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရာမှာ မြို့နယ်စည်ပင် သာယာရေးလုပ်ငန်းဟာ အထူး အရေးကြီးတဲ့ အတွက် အစိုးရဌာ နဆိုင်ရာ ပုဂ္ဂိုလ်များသက်သက်ဖြင့် ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ အားနည်း ချက်များ ရှိနိုင်ပါတယ်။ ၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေ အမှတ် ၃ အရ ပြဋ္ဌာန်းခဲ့တဲ့ မြူနီစီပါယ် အက်ဥပ ဒေဟာ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး၊

မြူနီစီပါယ်ကော်မတီမှာ ပြည်သူလူထု အတွင်းက ရွေးကောက် တင်မြောက်ထားတဲ့ ကိုယ်စားလှယ် များနဲ့ စည်ပင် သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို၊ မြို့နယ်များမှာ စည်ပင်သာယာရေး ကော်မတီကို မြို့နယ် လူထုအတွင်းက ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက် ပါဝင်ဖွဲ့စည်းမှုနဲ့ သီးခြားရပ်တည်ပြီး ပြုပြင် ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လေ့လာသုံးသပ် ပြင်ဆင် ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။

ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများ အနေနဲ့လည်း ဥပဒေ လုပ်ထုံး လုပ်နည်းများ ဖြေလျှော့ပြီး ရုံး လုပ်ငန်း စနစ် မြန်ဆန်အောင် ဆောင်ရွက်ခြင်း တို့အပြင် ဘတ်ဂျက်လိုငွေ လျော့နည်း သက်သာစေရန် ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန် ဦးစီးဌာန၊ ဘုတ်၊ ကော်ပိုရေး ရှင်း ဖွဲ့စည်းမှု၊ ပြင်ဆင် ပြောင်းလဲ ဆောင်ရွက်မှုများကို ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းကို အစိုးရအဖွဲ့ ကဏ္ဍအလိုက် ကော်မ တီ (Cabinet Committee) များ ဖွဲ့စည်းပြီး ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခြင်းဖြင့် မူဝါဒချမှတ်မှုများ ခိုင်မာ အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရအကြား ပေါင်းစပ်ညှိနှိုင်းမှု အားနည်း နေခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရေးအာဏာ ခွဲဝေအပ်နှင်းမှုကို ဆောင်ရွက်ရာ၌ ပြည်ထောင်စု ဝန်ကြီးဌာနများက တာဝန်ယူ ဆောင်ရွက် ရမယ့် လုပ်ငန်းများနဲ့ တိုင်းဒေသကြီး ပြည်နယ် များက တာဝန်ယူ ဆောင်ရွက်ရမယ့် လုပ်ငန်းများကို စနစ်တကျ ပိုင်းခြားသတ်မှတ်ခြင်း များကိုလည်း ပိုမို ထိရောက် မည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။

အလားတူ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေး အာဏာ ခွဲဝေပိုင်းခြားမှုကို သတ်မှတ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများ အနေနဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း မူဘောင်များ စီမံ ထိန်းသိမ်း မှုကို အဓိကထား၍ တာဝန်ခံ ဆောင်ရွက်ပေးရမှာ ဖြစ်ပြီး၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများကတော့ ဒေသမှာ ရှိတဲ့ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးကို ကြီးကြပ် ကွပ်ကဲ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေး၊ ပြည်သူတို့ရဲ့ လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စအဝဝအတွက် အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၆ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသည် မိမိ တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက် ဝန်ထမ်း အဖွဲ့ အစည်း များ၏ လုပ်ငန်း ဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ် ညှိနှိုင်း ပေးခြင်း ပြုနိုင်ကြောင်း ဖော်ပြထားပြီးဖြစ်တဲ့ အတွက်ကြောင့် ဥပဒေနှင့်အညီ တိကျစွာ လိုက်နာ ဆောင်ရွက် သွားကြဖို့ မှာကြား လိုပါတယ်။

အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှု ဆောင် ရွက်ရေး လုပ်ငန်းစဉ်သည် ယနေ့ မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက် နေသော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ၊

ဒီမိုကရေစီ အလေ့အကျင့်များ ရှင်သန်လာရေးအတွက် အဓိကအခန်းကဏ္ဍမှ နေ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် ဌာနအသီးသီးတွင် ပါဝင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်း အသီးသီး တို့၏ နိုင်ငံရေး စေတနာမှန်ကန်စွာနှင့် အကောင်အထည်ဖော် လုပ်ဆောင်နိုင်ကြရန် အလေး အနက် တိုက်တွန်း လို ပါတယ်။

ယနေ့ အချိန်အခါဟာ နိုင်ငံသား တစ်ဦးချင်းစီ အနေနဲ့ လည်းကောင်း၊ အစိုးရအဖွဲ့အစည်း အသီး သီးအနေနဲ့ လည်းကောင်း၊ နိုင်ငံရေး ပါတီအားလုံး အနေနဲ့ လည်းကောင်း ကျရာကဏ္ဍမှ စိတ်ရင်း စေတနာ ကောင်းဖြင့် လုပ်ဆောင်နိုင်မယ် ဆိုရင် မိမိတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှု အားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီး ငြိမ်းချမ်းသာယာတဲ့ အနာဂါတ် မြန်မာနိုင်ငံသစ်ကို မျှော်မှန်းနိုင်မှာ ဖြစ်ပါ တယ်။


နိဂုံးချုပ်အားဖြင့် -

နိုင်ငံ တကာက မြန်မာနိုင်ငံ အပေါ်မှာ ကောင်းမွန်သော အုပ်ချုပ်မှု ရှိ မရှိ တိုင်းတာချက် စံများအရ များစွာ အားနည်းနေတာ တွေ့ရှိရပါတယ်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်း တိုးတက်အောင် ဆောင်ရွက် ရမယ့် အချက်များအနက် လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီး ထိန်းသိမ်းကြ ပါလို့ မှာကြားလိုပါတယ်။

တားဆီး ထိန်းသိမ်းရာမှာ လာဘ်ပေးသူရော၊ လာဘ်ယူသူပါ တာဝန်ရှိတဲ့ အလျောက် အမျိုးသား အကျင့် စာရိတ္တ မထိခိုက်အောင် ပြည်သူများအားလုံး ပါဝင် ထိန်းသိမ်းပေးကြပါလို့ ပန်ကြား လိုပါတယ်။

ပြည်သူ့ဘဏ္ဍာ၊ လစာ ရယူပြီး ပြည်သူ့ဝန်ကို ထမ်းဆောင်ကြတဲ့ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံ့သားကောင်းများ အနေနဲ့ အမျိုးသားရေး စိတ်ဓါတ်နဲ့ တစ်ဦးချင်း၊ တစ်ဌာနချင်း ကောင်းအောင် ပြုပြင်ကြ ဆောင်ရွက်ကြပြီး တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။

အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံး ပြန်လည် ကောင်းမွန်အောင် စိတ်ဓါတ် ကောင်းကောင်း၊ စည်းကမ်း ကောင်းကောင်းနဲ့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို စေတနာ ကောင်းကောင်းနဲ့ ကောင်းမွန်သော အုပ်ချုပ် မှုစနစ် ရှိတဲ့ သန့်ရှင်းသော အစိုးရ ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါ လို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ပါတယ်။





သမ္မတရုံး website မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်