Wednesday, December 26, 2012

အဲပုဂံလေယာဉ် မတော်တဆမှု နှစ်ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

Posted by drmyochit Wednesday, December 26, 2012, under | No comments


ရေးသားသူ- သတင်းအဖွဲ့

ရန်ကုန်၊ဒီဇင်ဘာ-၂၅

အဲပုဂံလေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် W9-011 ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးသည်တင် ဖော်ကာ လေယာဉ် တစ်စီးသည် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် မတော် တဆမှုဖြစ် ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

အဲပုဂံလေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY-AGC လေယာဉ်သည် ခရစ်စမတ်နေ့ ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် ဟဲဟိုးလေဆိပ်သို့အဆင်း မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဲပုဂံလေကြောင်းလိုင်းက လေယာဉ်ကွင်းနှင့် နှစ်မိုင်အလိုခန့်တွင် အရေးပေါ်ဆင်းသက်ခဲ့ရာမှ မတော် တဆ မှုဖြစ် ပွားခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်ချိန်၌ မြူနှင်းများ ဖုံးလွှမ်း နေ သဖြင့် လေယာဉ်ကွင်းဘေးရှိ လယ်ကွင်းသို့ မှားယွင်းဆင်းသက်ခဲ့ခြင်းကြောင့် အမြီးပိုင်းကျိုး၍ မီးလောင် ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လေယာဉ်အရေးပေါ်ဆင်းသက်စဉ် ဓာတ်ကြိုးနှင့်ငြိပြီး ကားလမ်းပေါ်တွင် မောင်းနှင်လာသော ဆိုင်ကယ် တစ်စီးနှင့်ပါ ငြိမိခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားသည်ကို ကိုယ်တိုင်မြင်တွေ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ပါဝင်လုပ် ကိုင်ခဲ့သူ ဟဲဟိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းက ပြောသည်။

သို့သော် လေယာဉ်မတော်တဆဖြစ်ရသည့် အကြောင်းရင်းကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်ပြီး စုစုပေါင်းအဖွဲ့ဝင်ငါးဦး ပါဝင်သော စုံစမ်းရေးကော်မတီက ကွင်းဆင်းစစ်ဆေး စုံစမ်းနေဆဲဖြစ်ပြီး ထိုကော်မတီက ယနေ့ညနေအထိ သတင်းမထုတ်ပြန်သေးပေ။

လေယာဉ်မတော်တဆဖြစ်ပွားစဉ် ကားလမ်းအတိုင်း မောင်းနှင်လာသော ဆိုင်ကယ်နှင့်ငြိမိပြီး ဆိုင်ကယ် စီးနင်း လာသူနှစ်ဦးထဲမှ ဦးပြားမှာ သေဆုံးခဲ့သည်။ ကျန်တစ်ဦးဖြစ်သော ဦးဌေးအောင်မှာ ဒဏ်ရာ ရရှိခဲ့ သည်။ လေယာဉ်ပေါ်ပါ ခရီးသည်များအနက် ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ မနွယ်လင်းရှိန် သေဆုံးခဲ့ပြီး နိုင်ငံခြား ခရီးသည်လေးဦး၊ ပြည်တွင်းခရီးသည်လေးဦး စုစုပေါင်းခရီးသည် ရှစ်ဦး၊ လေယာဉ်မှူးနှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ လေယာဉ်သည် မြေပြင်ပေါ်ရောက်ရှိပြီး ခရီးသည်များအားလုံး အပြင်သို့ ရောက်သော အခါတွင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ထူးကုမ္ပဏီမှ ဒါရိုက်တာဦးရဲမင်းဦးကပြောသည်။

မီးလောင်ကျွမ်းနေသော လေယာဉ်ကို မီးသတ်ကား စုစုပေါင်း ၁၀ စီးဖြင့် ငြှိမ်းသတ်ခဲ့သည်။ မီးလောင်စဉ် တပ်မတော် သားများက ၀ိုင်းဝန်းငြှိမ်းသတ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ သို့သော် မီးငြိမ်းချိန်တွင် လေယာဉ်ကိုယ်ထည် အနည်းငယ်သာကျန်ရှိပြီး တစ်စီးလုံးနီးပါး မီးလောင် ကျွမ်းသွား သည်။

လေယာဉ်ပေါ်တွင် နိုင်ငံခြားသားခရီးသည် ၅၁ ဦး၊ ပြည်တွင်းခရီးသည် ၁၂ ဦး၊ စုစုပေါင်း ၆၃ ဦး ပါဝင်ပြီး လေယာဉ် အမှုထမ်း ၆ ဦး၊ လုံခြုံရေး ၂ ဦး ပါဝင်၍ စုစုပေါင်း ၇၁ ဦး လိုက်ပါလာခဲ့သည်။

ခရီးသည် ၂၆ ဦးကို အေးရှားဝင်းလေယာဉ်ဖြင့်လည်းကောင်း၊ ဒဏ်ရာရရှိသူများကို တောင်ကြီး စ၀်စံထွန်း ဆေးရုံ သို့ ကနဦး ပို့ဆောင်ကုသခဲ့ပြီး ညနေပိုင်းတွင် ကျန်ခရီးသည်များနှင့်အတူ ရန်ကုန်ပြည်သူ့ဆေးရုံသို့ အဲပုဂံလေ ယာဉ်ဖြင့် ပို့ဆောင်ကုသပေးခဲ့သည်။ ဒဏ်ရာမရသော ခရီးသည်များကို ၀ိတိုရိယဆေးရုံတွင် ဆေးစစ် ပေးပြီး ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ထားရှိပြီးမှ မိမိတို့ ပြန်လိုရာသို့ ပို့ဆောင် ပေးမည်ဖြစ်ကြောင်း အဲပုဂံက သတင်းထုတ်ပြန်သည်။ အမေရိကန်နိုင်ငံသားနှစ်ဦးကိုမူ သီးသန့် လေယာဉ်ဖြင့် ဘန်ကောက်သို့ ပို့ဆောင်ပေးခဲ့သည်။ အဲပုဂံလေကြောင်းလိုင်းက ၎င်းတို့အတွက် လိုအပ် သော တာဝန်ယူမှုအားလုံးကို တာဝန်ယူ ဖြေရှင်းပေးသွားမည်ဖြစ်ပြီး ယခုကဲ့သို့ဖြစ်ရခြင်းနှင့်ပတ်သက်ပြီး အနူး အညွတ် တောင်းပန်ကြောင်း ကြေညာသည်။ 

လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရန်ကုန်မှဟဲဟိုးသို့ ပျံသန်းနေသော အဲပုဂံ၊ အဲမန္တလေး၊ အေးရှားဝင်း၊ အဲကမ္ဘောဇ၊ ရန်ကုန်အဲဝေးတို့မှ လေယာဉ်ခရီးစဉ်ကိုးခု ဖျက်သိမ်းခဲ့သည်။

“လာမယ့်ခရီးစဉ်တွေမှာ ကမောက်ကမဖြစ်ကုန်မှာ စိုးရိမ်ရတယ်။ အဲပုဂံ ဒီလိုဖြစ်တာ ဒုတိယအကြိမ်ရှိပြီ။ Safety ကို စစ်ဆေးဖို့လိုတယ်။ လေယာဉ်က တော်တော်သက်တမ်းရှည်နေပြီ”ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဈေးကွက်မြင့် တက်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောသည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ထိခိုက်ဒဏ်ရာရရှိသူစာရင်း
၁။ မစ္စတာအဲလန်လိုကော့စ် (အမေရိကန်နိုင်ငံသား)
၂။ မစ္စစ်ဆူဆန်နာစီဝေ့စ် (အမေရိကန်နိုင်ငံသူ)
၃။ မစ္စမောအယ်ဗလင် (အင်္ဂလန်နိုင်ငံသူ)
၎။ မစ္စစ်တာဘိုဒတ်ဂျရက် (အင်္ဂလန်နိုင်ငံသား)
၅။ မစ္စတာဟန်ကျောင်းလူ (ကိုရီးယားနိုင်ငံသား)
၆။ လေယာဉ်မှူး ဦးမောင်မောင်ထွေး
၇။ တွဲဖက်လေယာဉ်မှူး ဦးနေလင်းထွန်း
၈။ မခင်အေးလှိုင်
၉။ ကိုမြင့်ထွေး
၁၀။ ကိုစိုးမိုးသူ
၁၁။ မတိုးတိုးခင်

မှတ်ချက် ။ ။ နိုင်ငံခြားသား ခရီးသည်တစ်ဦးမှာ ဒဏ်ရာမရရှိဘဲ အဖော်ဖြစ်သူ ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့လိုက်သွား၍ ယခုစာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။ သို့သော် ၎င်း၏အမည်ကို ယခုစာရင်းပြုစုသည့်အချိန်အထိ မသိရှိရသေးပေ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်