Wednesday, December 12, 2012

ငါးပိရေကျိုတွင် ဓာတ်မြေသြဇာ ထည့်သွင်းထား၍ ပြည်သူများ သတိထား စားသုံးသင့်ဟု စားသုံးသူ ကာကွယ်ရေး အသင်းပြော

Posted by drmyochit Wednesday, December 12, 2012, under | No comments



ငါးပိ ရေကျိုတွင် ယူရီးယား ဓာတ်မြေသြဇာများ ထည့်သွင်း၍ ပြုလုပ်လာ သောကြောင့် စားသုံးသူ ပြည်သူ များ သေချာ လေ့လာပြီးမှသာ ၀ယ်ယူ စားသုံး သင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က တောင်သူကြီးများ ဂျာနယ်ကို ပြောကြားသည်။

 
“ကျွန်တော်တို့ စားသုံးသူကာကွယ် ရေးအသင်းကို လွန်ခဲ့တဲ့ တစ်လလောက် တုန်းက မအူပင် မြို့နယ် ကနေ ဆက်သွယ် လာပါတယ်။ ငါးပိ ထုတ်လုပ်မှု အများဆုံး ကလည်း ဧရာဝတီတိုင်းဘက် ဖြစ်တယ်။ သူတို့တွေ ဘက်မှာ က ငါးပိရည်ကျို လုပ်တဲ့အခါမှာ ငါးရဲ့အရိုးတွေ မြန်မြန်နူးအောင် ဆိုပြီးတော့ ယူရီးယား ဓာတ်မြေသြဇာကို အသုံးပြုပြီး လုပ်လာကြတယ်။ ပုံမှန်ဆိုရင် ငါးပိပြုလုပ်ပြီး နှစ်လလောက် နှပ်ထားရမှာ။ ဒီတော့ ငွေပေါ်ကလည်း ကြာတယ်။ ဒါကို လုပ်ငန်းရှင်တွေက ငွေမြန်မြန် ပေါ်ချင်တော့ ယူရီးယား မြေသြ ဇာကို သုံးပြီး ငါးပိကို နှပ်တော့ သုံးရက်ကနေ ခုနစ်ရက် လောက်ပဲ ကြာတယ်။ အရိုးတွေ အကုန်လုံး နူးကုန် တယ်။ ဒီတော့ ဈေးကွက်ကို တင်ပြီး ရောင်းချလို့ ရပြီလေ။ ပြုလုပ်တဲ့ အဆင့်တွေ ကိုကျော်ပြီး မြန်မြန်ငွေ  ပေါ်ချင်တော့ စား သုံးတဲ့ ပြည်သူတွေ မှာလည်း ကျန်းမာရေး ရှုထောင့်က ကြည့်ရင် ရောဂါ ပိုင်းတွေက ပိုဖြစ်လာတာပေါ့”ဟု ၎င်းကပြောသည်။

ယူရီးယား ဓာတ်မြေသြဇာ ပါဝင်သော ငါးပိရည်ကျိုကို စားသုံးခြင်းဖြင့် အသည်းကင်ဆာ၊ အစာအိမ် ကင်ဆာ၊ လည်ချောင်း ကင်ဆာတို့ကို ဖြစ်ပေါ် စေနိုင်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

“ငါးပိရည်ကျို စားသုံးတဲ့ ပြည်သူတွေ ကလည်း ကိုယ်က ၀ယ်ယူ သုံးစွဲ တော့မယ် ဆိုရင် ဈေးနှုန်း ပိုင်းကို မကြည့် ပါနဲ့။ ဈေးပေါ တယ်ဆိုရင် ရောဂါပို ဖြစ်နိုင်တယ်။ ငါးပိရည် ကျိုမှာ ဓာတ်မြေသြဇာ ပါမပါ ဆိုတာက လည်း ခန့်မှန်းဖို့ ခက်တယ်။ သိပ်ထားတဲ့ ငါးပိနဲ့လည်း ပုံစံခြင်း ကလည်း တူတူပဲ။ ဒါပေမယ့် ယူရီးယား ပါဝင်တယ် ဆိုရင် အညိုရောင်ဘက်ကို ပိုသန်းတယ်။ ဈေးကလည်း ပေါတယ်ဆိုတော့ စားသုံးသူ တွေ အနေနဲ့ သတိထားဖို့လိုတယ်။ အခုချိန်မှာက ပြည်ပ ၀င်တာမပြောနဲ့ ကိုယ့်ပြည်တွင်းက ထုတ်လုပ် နေ တာတောင် မသမာတဲ့ နည်းလမ်းတွေက ပါလာပြီ။ အန္တရာယ်တွေလည်း အများကြီး ရှိလာနိုင်တယ်။ စားသုံး သူ တွေအနေနဲ့ စားသောက်ကုန်တွေ အပေါ်မှာ သတိထားဖို့ ရှောင်ကြဉ်ဖို့ လိုအပ်လာပြီ” ဟု ၎င်းကဆို သည်။

သို့သော် စားသုံးသူကာကွယ်ရေး အသင်းသည် ဈေးကွက်အတွင်းရှိ ငါးပိရည်ကျို များကို လတ်တလောတွင် ဓာတ်ခွဲခန်း ပို့ဆောင် စစ်ဆေးမည့် အစီအစဉ် မရှိသေးသော်လည်း ဒီလထဲမှာတင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ ဈေးများအတွင်း စစ်ဆေး ပညာပေးခြင်းများ လုပ်ဆောင် သွားမည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။

စားသုံးသူ ကာကွယ်ရေး အသင်းတွင် ဓာတုဗေဒ ပညာရှင်များ၊ ရှေ့နေများ၊ အနုပညာရှင်များ၊ စာရေးဆရာများလည်း ပါဝင်ပြီး မကြာသေးမီက ဈေးကွက် အတွင်းမှ အချဉ်ရည်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်