မောင်အေးချမ်း (ယင်းမာမြေ)
“မလေးရှားနှင့် စင်ကာပူတို့တွင် အလုပ်သမား သံအရာရှိများ ထားတော့မည်။ အလုပ်သမား များ၏ ဒုက္ခ အခက်အခဲ များကို ဖြေရှင်း ပေးနိုင်ရန် ဖြစ်သည်။”
ထိုသတင်းကို The Voice Weekly မှာ ဖတ်ရတော့ ၂၀၀၃မှ ၂၀၀၈ အထိ မလေးရှားတွင် နေထိုင် လုပ်ကိုင်ဖူးသော ကျွန်တော် ယင်းအကြောင်း အနည်းငယ် ဆွေးနွေးလိုပါသည်။ သက်ဆိုင်ရာ လူကြီးမင်းတို့ ပမာဒလေခမှာ စိုး၍ ဖြစ်ပါသည်။
ရွှေမြန်မာ တို့သည် မိမိဌာနေတွင် ဘဝဝမ်းရေး အဆင်မပြေကြ ၍သာ အခြားနိုင်ငံ တစ်ခုသို့ သွားရောက် လုပ်ကိုင်ကြခြင်း ဖြစ်သည်။ ပြန်လာကြတော့လည်း ဒုံရင်း၊ ဒုံရင်းပင်။
ထိုသို့ ဖြစ်ကြရသည်မှာ မြန်မာနိုင်ငံ၏ စနစ်များ အားနည်းခြင်းကြောင့် အဓိက ဖြစ်ကြောင်း တွေ့ရ သည်။ ပြည်ပအလုပ်အကိုင် အေဂျင်စီတို့သည် ဒါရိုက်တာ၊ မန်နေဂျာ ရာထူး ရယူထားသူများ ပင်လျှင် မိမိ ပို့ဆောင်ပေးနေသော နိုင်ငံများသို့ ရောက်ဖူးသူ အလွန် နည်းပါလိမ့်မည်။ ရလဒ်မှာ မသိ နားမလည်သော အလုပ်သမား တို့ကို လုပ်ငန်းခွင် အကြောင်း အလွဲများသာ (စာအုပ်ကြီး ထဲက အတိုင်း) ပြောဆိုခြင်း၊ သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေ၊ ပတ်ဝန်းကျင် အနေအထား ကို အကောင်းနှင့် အလွဲချည်းသာ ပြောမိခြင်းတို့ ဖြစ်ပေါ်လာသည်။ ဒုက္ခ အပေါင်းတို့၏ ရေသောက်မြစ်ကြီးပင်။
အေဂျင်စီ တစ်ခုက အလုပ်သမား တစ်ဦးကို မလေးရှားသို့ ပို့ဆောင် လိုက်သည်။ ထို အလုပ်သမားသည် စာရွက်စာတမ်း၊ ပတ်စ် ပို့နှင့် မလေးရှား လေဆိပ် ရောက်လျှင် လာခေါ်မည့် အလုပ်ပွဲစား သို့မဟုတ် သူဌေး၏ အမည်ကို ရေးထားသော ကတ်ပြားတို့ကို ကိုယ်နှင့် မကွာ ဆောင်ထားရသည်။ တိကျ မှန်ကန်သော ပွဲစား သို့မဟုတ် သူဌေး ဖြစ်ပါလျှင် မလေးရှား လေဆိပ်၌ နာရီ အနည်းငယ် စောင့်ရုံပင်။ ခပ်ပေါ့ပေါ့ပွဲစားနှင့် တွေ့ကြုံရသဖြင့် ငါးရက်မှ တစ်လ အထိ မလေးရှား လေဆိပ်တွင် စောင့်မျှော်ရင်း ဒုက္ခမျိုးစုံနှင့် လူမျိုးစုံ တို့ကိုလည်း တွေ့မြင်နိုင်သည်။
ပွဲစား သို့မဟုတ် သူဌေး လာခေါ်ပြီ ဆိုသည်နှင့် ပတ်စ်ပို့အား တုံးထုရန် (တံဆိပ်တုံး) သူ၏ လက်သို့ ထည့်ပေး လိုက်ရသည်။ ဤအချိန်မှစ၍ သုံးနှစ်တာ (ထိုစဉ်က) အတွင်း မိမိအသက်နှင့် မိမိ၏ အရိပ် (ပတ်စ်ပို့) အား နှုတ်ဆက် လိုက်ရခြင်းပင်။ လုပ်ငန်းခွင် သို့ရောက်၍ နှစ်ရက်ခန့်တွင် ဆေးစစ် ရသည်။
မြန်မာပြည်တွင် ဆေးအောင်၍ မလေးရှား ရောက်မှ ဆေးကျပြီး လှည့်ပြန် ရသူများ လည်း ဒုနှင့်ဒေး။ မြန်မာ ဆရာဝန်၏ ထောက်ခံချက် များလည်း မကယ်နိုင်။ ရွှေဉာဏ်တော် စူးရောက်သူများ ဖြေရှင်းစရာ ပြဿနာ တစ်ခု။ ဆေးအောင်လျှင် အလုပ်ပါမစ်ကို ပတ်စ်ပို့တွင် တုံးထုပေး လိုက်သည်။ မိတ္တူကို အလုပ်သမား ကိုင်၍ မူရင်းကို အလုပ်ရှင်မှ သိမ်းထား လိုက်သည်။ ထိုအလုပ်သမား ကိုင်ဆောင်ထားသော မိတ္တူ သည် ထိုလူ၏ အသက်ပမာ။ သို့မဟုတ်ပါက ရကောက် (ရဲ) ကိုသာ လုပ်ကျွေး ပေရော့။ လမ်းတွေ့လျှင်ဖမ်း အလုပ်ပြန်လျှင် ဖမ်း။ အနည်း ဆုံး လက်ဖက်ရည်ဖိုး ပေးကြရသည်။
မလေးရှားရှိ အလုပ်ရှင်များကို အကြမ်းဖျင်းအားဖြင့် သုံးမျိုး ခွဲခြားနိုင်သည်။
(၁) ဟိုတယ်၊ စားသောက်ဆိုင် ပိုင်ရှင်များ ထိုသူ တို့မှာ ကိုရွှေမြန်မာ တို့၏ အိမ်နီးချင်း ပေါက်ဖော် လူမျိုးများသာဖြစ်၏။
(၂) ဆူပါမားကက်နှင့် အခြားဝန်ဆောင်မှု လုပ်ငန်းရှင်များ
ဒေသခံ အိမ်ရှင်တို့သာ လွှမ်းမိုးထား၏။
(၃) စိုက်ပျိုးရေးနှင့် စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်များ
ဒေသခံ အိမ်ရှင်မှလွဲ၍ ကျန်အာရှ လုပ်ငန်းရှင် များသာ အများဆုံး ပိုင်၏။
ကျွန်ုပ်တို့ ရွှေမြန်မာများသည် နံပါတ် (၁) နှင့် (၃) တို့ထံတွင် အလုပ်လုပ်ကြရ၏။ နံပါတ် (၂) အလုပ်ရှင် ထံတွင်ကား မရှိ သလောက်ရှား၏။ ဆိုလိုရင်းမှာ ဒေသခံ အိမ်ရှင်နှင့် ထိပ်တိုက် မတွေ့ ဘဲ အခြားဧည့် နိုင်ငံသားများနှင့်သာ တွေ့ကြရသဖြင့် ၄င်းတို့၏ ဘာသာစကားမှ အစ မူဝါဒများနှင့် အဆုံး၊ သံအရာရှိတို့ ကျွမ်းဝင်စေ လိုခြင်း ဖြစ်ပါသည်။ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာလျှင် လူမှုရေး အရဖြစ်စေ၊ ဥပဒေအရဖြစ်စေ ဖြေရှင်းရာတွင် အသုံးဝင်စေမည့် နည်းလမ်းများ ထဲတွင် တစ်ဖက်လူ၏ အကြောင်းကို ကြိုတင်လေ့လာ ခြင်းသည် အောင်မြင်မှုကို အထောက်အပံ့ ဖြစ်စေပါသည်။
ဦးနုသည် “မိတ္တဗလဋီကာ၊ လူပေါ်လူဇော် လုပ်နည်း” စာအုပ်များကို ရေးသား သကဲ့သို့ ကိုယ်တိုင်လည်း လိုက်နာ ကျင့်သုံးသဖြင့် ဝန်ကြီးချုပ်ရာထူး ကိုပင် ရယူနိုင်ခဲ့သည်ဟု ဆိုကြပါသည်။ ဆိုလိုရင်းမှာ ပေါင်းသင်း ဆက်ဆံမှုဖြင့် အခက်အခဲများကို ပြေလည်စေနိုင်ပါသည်။
အထက်ပါလုပ်ငန်းရှင် သုံးမျိုးစလုံးသည် မြန်မာဆိုလျှင် အထင်ကြီးလေ့မရှိ။ မည်သည့်ဘွဲ့ရဖြစ်စေ၊ နိုင်ငံတကာသုံး ဘာသာ စကားကို အဘယ်မျှ ကျွမ်းကျင်သူဖြစ်စေ စိတ်မဝင်စား။ ယင်းတို့၏ စိတ်တွင် မြန်မာတို့၏ နိမ့်ကျနေသော ပညာရေးကိုသာ တစ်နည်း အားဖြင့် စံချိန်မမီ ဟူ၍သာ စွဲမြဲထားပြီးဖြစ်သည်။ အခြေခံ အလုပ် သမားချင်း အတူတူပင်လျှင် မြန်မာတို့သည် မလေးရှား နိုင်ငံတွင် ယင်းတို့၏ သုံးပုံတစ်ပုံသာ လုပ်ခလစာကို ရရှိကြ၏။ ယုတ်စွအဆုံး အခြေခံ အလုပ်သမားချင်း အတူတူ သူတို့၏ ခိုင်းစေသော အမိန့်ကိုပင် နာခံရတတ်ပါသည်။ တစ်လောက ဂျာနယ် တစ်ခုတွင် ဖတ်လိုက်ရ သည်။
မလေးရှားနိုင်ငံရှိ စားသောက်ဆိုင်တွင် လုပ်ကိုင်နေသူ (မြန်မာ) ကို ရေတစ်ခွက် မပေးသဖြင့် စားသုံးသူက ထိုးကြိတ်ရိုက်နှက် သည့်ကိစ္စ။ ဆိုခဲ့ပါအတိုင်း ၄င်းတို့၏ စိတ်အစဉ်တွင် မြန်မာဆိုလျှင် ဂရုစိုက်ရန် မလိုဟူ၍ တွေးတောထားပြီးဖြစ်သည်။ တာဝန်ရှိ ပုဂ္ဂိုလ် များ၏ ဖြေရှင်း ပေးနိုင်စွမ်းကိုလည်း ထိရောက်မှုမရှိဟု မှတ်ယူ ထားပြီးဖြစ်သည်။
မြန်မာ အလုပ်သမားများ ၏ လုပ်ငန်းခွင်အန္တရာယ်၊ ခွဲခြားဆက်ဆံခံရမှု၊ ဥပဒေပြင်ပခိုင်းစေ ခြင်းစသည့် ပြဿနာမျိုးစုံကို မြန်မာသံရုံး၊ အလုပ်သမား ဝန်ကြီးဌာန စသည့် တာဝန်ရှိသူများ၏ ဖြေရှင်းမှုများစွာ လိုအပ် နေပါသည်။
ဆိုခဲ့ပါအတိုင်း စနစ်၏ အားနည်းချက်များကို အနည်းငယ် တင်ပြလိုပါသည်။ မလေးရှား နိုင်ငံရှိ မြန်မာအလုပ်သမား တို့သည် အားလပ်ရက်ဟူ၍ တစ်လလျှင် နှစ်ရက်သာ ရရှိသူက များပါသည်။ စက်ရုံများတွင် တနင်္ဂနွေနေ့တိုင်း အလုပ်နားရက် ဖြစ်သော်ငြား လည်း လစာတွက်ခြေ ကိုက်ရန်ဖြစ်စေ၊ လုပ်ငန်း သဘောအရ လိုအပ် ၍ဖြစ်စေ အချိန်ပို ဆင်းကြရသည်။ ထို့ကြောင့် ပတ်စ်ပို့ သက်တမ်း တိုးလျှင်ဖြစ်စေ၊ ပြဿနာတစ်ခု ပေါ်ပေါက်လျှင်ဖြစ်စေ မြန်မာသံရုံး သို့သွားကြရသည်။ ထုံးစံအတိုင်း တစ်ရက်တည်းနှင့် ကိစ္စမပြီးလျှင် ဒုက္ခ တွေ့ကြရသည်။ တစ်ရက်တည်းနှင့် မပြီးသည်ကသာ များသည်။
ထိုသို့ဖြစ်လျှင် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ များနှင့် ပွတ်တိုက်မှု ဖြစ်ပေါ်လာသည်။ ယင်းမှစ၍ ပြဿနာ ကြီးထွားလာကာ အိမ်ပြန်ကြရသူလည်း မနည်း တော့ပါ။
ဆူပါမားကက်တွင် လုပ်ကိုင်နေသော မန္တလေးသူ တစ်ယောက် အစာအိမ် ပေါက်၍ ဆေးရုံတက် ဗိုက်ခွဲရသည်။ လုပ်ငန်းခွင်တွင် ဖြစ်ပါသည်။ တရားဝင် လုပ်ကိုင်နေသူလည်း ဖြစ်ပါသည်။ အလုပ်ရှင် က ဆေးကုသစရိတ် ဟူ၍ လုံးဝမထောက်ပံ့ပါ။ ဝေဒနာပျောက်ကင်း ၍ လုပ်ငန်းခွင် ဝင်သောအခါ လိုလားဟန် မပြတော့ပါ။ စာချုပ်အရ သာ လက်ခံရခြင်းဖြစ်ပြီး လူမှုရေး အရတော့ အလုပ်ဖြုတ်ချင်ပုံရ သည်။ ထို့ကြောင့် အလုပ်သမားအား ဖိအားမျိုးစုံ ပေးတော့သည်။ မကြာခင်မှာပင် ထိုမန္တလာသူ လည်း မလေးရှားနှင့် ခွဲခွာ ရပါသည်။
မည်သည့်လူမျိုး အလုပ်ရှင်ဖြစ်စေ မြန်မာ အလုပ်သမား များကို သဘောကျတာချင်းတော့ တူညီကြသည်။ အကြောင်းပြချက်မှာ လုပ်အားခ ဈေးပေါခြင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး လုပ်ငန်းခွင် တွင် စိတ်ချရခြင်း၊ နာခံသင်ယူ လွယ် တတ်မြောက်လွယ်သော လူမျိုး ဖြစ်ခြင်း တို့ကြောင့်ဖြစ်ပါသည်။ အလုပ်သမား သံအရာရှိများ အနေ ဖြင့် ယင်းအားသာချက်ကို အခွင့်ကောင်းယူ၍ လုပ်ငန်းရှင်ကြီးများ ကို မီးဝါပြထားဖို့ လိုအပ် နေပါသည်။
နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က မီဒီယာ တစ်ခုတွင် လက်ရှိဝန်ကြီး၊ ဒုတိယဝန်ကြီးများ အနေဖြင့် အောက်ခြေအထိ ဆင်းပြီး ပြည်သူတွေနှင့် ထိတွေ့ရန် လိုအပ်ကြောင်း ပြောကြားထားသည်။ ဆင့်ကဲဆင့်ကဲ အစီရင်ခံစာတွေ ဖတ်ရုံနဲ့ အောက်ခြေက ပြည်သူတွေရဲ့ အကျပ် အတည်း အမှန်တရားကို မသိနိုင်ကြောင်းလည်း သူကဆိုပါသည်။ သွေးထွက်အောင် မှန်သော စကားဖြစ်ပါသည်။ အလုပ်သမား သံအရာရှိ များအနေဖြင့်လည်း အောက်ခြေအထိ အလုပ်သမားတို့၏ ဒုက္ခအဝဝ ကို ဖြေရှင်းပေးဖို့ လိုပါသည်။
မလေးရှားနိုင်ငံ၏ သဘောသဘာဝ အရ အင်္ဂလိပ်စကား၊ မလေးစကားနှင့် တရုတ်စကား (ကန်တုံ) တို့ကိုလည်း တီးမိခေါက်မိဖို့ လိုအပ် ပါလိမ့်မည်။
အတွင်းစည်းမှ လျှံကျလာသော ဥပဒေပြင်ပ လုပ်ငန်းများ လည်းရှိပါသေးသည်။ ယင်းမှာ ယခင်က ပတ်စ်ပို့သက်တမ်း သုံးနှစ် ပြည့်ခါနီး၊ သက်တမ်းကုန်ခါနီး အလုပ်သမားများကို ငါးဆယ်တန် တုံး ထုပေးသော လုပ်ငန်းဖြစ်ပါသည်။ ထပ်မံ ရှင်းပြလိုပါသည်။
အလုပ်သမားတစ်ဦး ပတ်စ်ပို့သက်တမ်း ကုန်၍ သက်တမ်း တိုးလိုလျှင် ယခင်ကုန်ခဲ့ပြီးသော လုပ်သက်ကို ကြည့်သည်။ မြန်မာသံရုံးမှ အခွန် အနေဖြင့် (ထိုစဉ်က) တစ်လလျှင် ရင်းဂစ် ၄၈ ကျပ် ကောက်ယူကာ အလုပ်သမားမှ ရင်းဂစ် ၁၅၀၀ ခန့် ၂ နှစ်ခွဲတာ ကာလကို ပေးဆောင် ရသည်။ သို့မှသာ နောက်ထပ်သုံးနှစ်တာ ဗီဇာကို ရရှိပါသည်။ ဆိုခဲ့ ပါ ငါးဆယ်တန်တုံး (ရင်းဂစ် ၅၀ တန် တံဆိပ်တုံး) ပြုလုပ်ပေးသူ များက ထိုသံရုံးမှ သံအမတ်၏ လက်မှတ်၊ တံဆိပ်တုံး တို့ကို အတု (အစစ်နီးပါး) ပြုလုပ် ပေးပါသည်။ ရင်းဂစ် ၅၀ ကျပ်သာ ပေးရသည်။
အကျိုးနှင့် အပြစ်တော့ ခံစားရပါလိမ့်မည်။ အကျိုးကျေးဇူး အနေဖြင့် ငွေကုန်ကြေးကျ လွန်စွာ သက်သာသွားပါသည်။ ထို့ပြင် မလေးရှား တွင် တရားဝင်ဆက်လက် လုပ်ကိုင်နိုင်ပါသည်။ အပြစ် အနေဖြင့်မူ ထိုငါးဆယ်တန်တုံး ထုထားသူသည် အိမ်အပြန် မလှတော့ပါ။ အောက်လမ်း (တရားမဝင်) မှ သာ ခိုးပြန်ကြရသည်။
မသိ နားမလည် ၍ အပေါ်လမ်း (တရားဝင်) မှ ပြန်လာပါမူ မြန်မာပြည် လေဆိပ်၌ လက်ထိတ်နှင့် အိပ်ရ ပါတော့သည်။ ခြွင်းချက် အနေဖြင့် ထိုငါးဆယ် တန် တံဆိပ်တုံး ထုထားသူသည် လူပါးလူနပ် ဖြစ်ခဲ့ပါမူ မြန်မာပြည် မှ ပွဲစားကို ချိတ်ဆက်၍ ထိုပွဲစားမှတစ်ဆင့် တာဝန်ကျ လေဆိပ် ဝန်ထမ်းနှင့် ပူးပေါင်းကာ "နေ့စွဲမှန်၊ ဖလိုက်မှန်၊ ကောင်တာမှန်" ဟူသော အမှန်သုံးချက်၊ စည်းဝါးရိုက်၍ ပြင်ပထွက်ပြီးလည်း ပြန်နိုင်ပါသည်။
အချုပ်အားဖြင့် အစိုးရသစ်၏ ဒီမိုကရေစီ စနစ်အပြောင်းအလဲ များသည် နိုင်ငံတွင်း သာလျှင် ပြောင်းလဲရန် မဟုတ်ဘဲ တိုင်းတစ်ပါး ရှိ မြန်မာတို့နှင့် သက်ဆိုင်သည့် နေရာဒေသ၊ ကိစ္စ အားလုံးပါမကျန် လိုက်ပါပြောင်းလဲရန် အရေးကြီးကြောင်း တင်ပြ လိုက်ရပါသည်။
0 comments:
Post a Comment