Tuesday, January 29, 2013

ငြိမ်းချမ်းရေး အလှမ်းမဝေးပါ

Posted by drmyochit Tuesday, January 29, 2013, under | No comments

ကျွန်တော့စားပွဲပေါ်က အယ်လ်ဘမ်အဟောင်းလေးထဲမှာ ဓာတ်ပုံတစ်ပုံရှိသည်။ ဓာတ်ပုံက အခမ်း အနားတွေ အပြီးမှာ ရိုက် လေ့ရှိသည့် စုပေါင်းဓာတ်ပုံ Group Photo ဖြစ်သည်။ ပုံထဲမှာ စစ်ဝတ်စုံဝတ်ထား သူတွေ ပါသလို အရပ်ဝတ် အရပ်စား နဲ့သူတွေလည်းပါသည်။ တစ်ချို့ကထိုင်၍တစ် ချို့က ရပ်လျှက်။ နှစ်နှစ် ဆယ်နီးပါးကြာခဲ့ပြီဖြစ်သည့်အတွက် ဓာတ်ပုံ က အရောင်ပျက် ချင်ချင်၊အရွယ် အစား ကလည်း ဟိုတုံးက အသုံးများ သည့်ပို့စ်စကဒ် ဆိုက်ဆိုတော့ မျက်နှာတွေ ကမ ထင်ရှား။ တကယ်လို့ ပုံကြီးချဲ့ ကြည့် လိုက်မယ် ဆိုရင်တော့ ပုံထဲကလူတွေ အားလုံးရဲ့ မျက်ဝန်းတွေထဲမှာ ကြီးမားသည့် လုပ်ငန်း တာဝန်တစ်ခုကို အောင်မြင်အောင် ဆောင်ရွက်နိုင်သူတွေဆီမှာ တွေ့ရမြဲဖြစ်သည့် ကျေနပ်ခြင်း၊ ဂုဏ်ယူခြင်း အရိပ်လက္ခဏာတွေကို တွေ့ရမည်မှာ သေချာပါသည်။



ဓာတ်ပုံ ရိုက်ကူးသည့်နေ့မှာ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဖြစ်သည်။ ပုံထဲက လူတွေက တပ်မတော်နှင့် ကေအိုင် အိုအဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး အတွက်ဆွေးနွေး ခဲ့ကြ သည့် နှစ်ဘက် ကိုယ် စား လှယ် အဖွဲ့ဝင်တွေဖြစ်သည်။ အလယ် က တိုက်ပုံအမဲနှင့် ပုဂ္ဂိုလ်ကြီးက ကေအိုင်အို ဒုဥက္ကဌ လည်းဖြစ်၊ စစ်ဦးချုပ်လည်း ဖြစ်သည့် ဗိုလ်ချုပ် ဇော်မိုင်၊ သူ့ဘေးဝဲယာ က မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်း မှူး ဗိုလ်ချုပ်စောလွင်နှင့် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်အေးကျော်၊ ရှေ့တန်း ဘယ် အစွန်ဆုံးက မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီးမောင်ဘို ( နောင် ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ဘို) ဖြစ်သည်။ အရပ်ဝတ်နှင့် ပုဂ္ဂိုလ် အားလုံးက ကေအိုင် အိုကိုယ် စားလှယ်အဖွဲ့ ၀င်များနှင့် ကြားလူကြီးများဖြစ်သည်။

မှတ်မိသလောက်ဆို လျှင် ကေအိုင်အို ၊ကေအိုင် အေဘက်မှ ဒုဥက္ကဌ ဦး လမုန် တူးဂျိုင်၊ ဒေါက်တာလဂျာ ၊ဒေါက်တာတူးဂျာ၊ ကြားလူကြီးများဖြစ် သည့် သံအမတ်ကြီးဟောင်း ဦလ၀မ်၊ ဦးခွန်မြတ်၊ ကျန်တာကတော့ တပ်မတော်ထောက် လှမ်းရေးနှင့် တိုင်းစစ် ဌာနချုပ်နှစ်ခုမှ ဆွေးနွေး ပွဲအထောက် အကူပြု အဖွဲ့များဖြစ် သည်။ စာရေးသူကျွန်တော် က နောက်ဆုံးတန်း ယာဘက် ဒုတိ ယ မြောက်ဖြစ်သည်။ ထို့နေ့မနက်မှာ တပ်မတော်နှ င့် ကေအိုင်အို/ကေအိုင်အေကြား အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး စာချုပ်ပါ အချက် အ လက် များကို အပြီးသတ် သဘောတူ ခဲ့ကြသည်။ နောက်နေ့မှာ ထိုစဉ်က အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်လာပြီး ၎င်း၏ရှေ့ မှာ သဘောတူလက် မှတ်ရေးထိုး ရမည်ဖြစ် သည်။ ထို့ကြောင့် မနက်ပိုင်း အစည်းအဝေးပြီးချိန်တွင် အောင်မြင်မှု အထိမ်း အမှတ် အဖြစ် စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ခြင်းဖြစ် သည်။

တကယ်တော့ ဒီလိုသဘောတူဖို့အတွက်လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ခဲ့ခြင်းမဟုတ်။ ၁၉၉၃ခုနှစ် ဇန်န ဝါရီလ ၂၂ရက်နေ့မှ လက်မှတ်ထိုးသည့် ၁၉၉၄ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ အကြိမ်ကြိမ်ေ တွ့ ဆုံဆွေးနွေး ခဲ့ပြီးမှ သဘောတူနိုင်ခဲ့ခြင်း ဖြစ်သည်။ ပြီးတော့ ဆွေးနွေးပွဲ မစတင်ခင်က ပင် နှစ် ဘက် လုံးက ယာယီအပစ်အခတ်ရပ်စဲထားဖို့ ညှိရသည်။ သဘောတူတော့ နှစ်ဘက် တပ်များကို ညွှန်ကြား ရသည်။ ထိုအချိန်တွင် နှစ်ဘက်တပ်အားလုံးက လက်ရှိ နေရာအတိုင်း ပိုနေမြဲကျားနေမြဲနေကြ သည်။ အကြောင်းကြောင်း ကြောင့် တပ်တွေရွှေ့ပြောင်းသွားလာဖို့ရှိရင် အောက်ခြေ မှာဆက်သွယ်ပြီး သွားလာ ကြသည်။ ဒီတော့ အပစ်အခတ်ရပ်စဲ ရေးအတွက်စတင်ဆွေးနွေးချိန်တွင် ကချင်ပြည်နယ်မှာ သေနတ် သံတွေ၊ မိုင်းကွဲသံတွေယာယီအားဖြင့် ဆိတ်သုဉ်းနေပြီ ဖြစ်သည်။ ဒီလို တင်းမာမှုတွေ၊ စစ်ရှိန်တွေ လျော့ပါး သွားခြင်းကြောင့် လည်း ဆွေးနွေးပွဲစတင်ဖို့ ပိုပြီးလွယ်ကူစေခဲ့သည်။

ဒါတောင်မှ ဆွေးနွေးပွဲများစတင်ချိန်တွင် နှစ်ဘက်ပုဂ္ဂိုလ်များအကြားတွင် ခပ်တန်းတန်းဖြစ်နေဆဲဖြစ်သည်။ ဒါကလည်း သဘာဝကျပါသည်။ ကိုယ်စားလှယ်အများစုမှာ နှစ်ဘက်လုံးက စစ်ရေးခေါင်းဆောင်တွေဖြစ်ပြီး နှစ်ဘက် တိုက်ပွဲတွေ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူတွေဖြစ်ရာသူတို့ အသီးသီးမှာ ပုဂ္ဂလိကခံစား ချက်များရှိနေကြသည်။ ဒါပေမယ့် ကံကောင်း တာက ဆွေးနွေးပွဲများသည် ယခု ကေအိုင်အိုနှင့်ဆွေးနွေး သလို တစ်ရက်ထဲတွေ့ ဆုံခြင်းမဟုတ်။ ကေအိုင်အိုကိုယ်စား လှယ်များကို ရဟတ်ယာဉ်နှင့်မြစ်ကြီးနားမြို့ သို့ပို့ဆောင်ပြီး တိုင်းစစ်ဌာနချုပ်မလိခဧည့်ရိပ်သာတွင် တစ်ပတ် ဆယ်ရက် နေကာ ဆွေးနွေးကြခြင်းဖြစ် သည်။ ပြီးတော့ ဗိုလ်ချုပ်ဇော်မိုင်၊ ဒုဥက္ကဌ ဦးလမုန်တူးဂျိုင်၊ အထွေထွေအ တွင်းရေး မှူး ဦးဇင်း ဟေရားစ သည့် အဆုံးအဖြတ်ပေးနိုင်သည့်ခေါင်းဆောင် များကိုယ်တိုင် ဆွေးနွေး ပွဲဖြစ် စဉ် များတွင်အစထဲက ပါဝင် လာခဲ့ ခြင်း ဖြစ်သည်။ ဥက္ကဌကြီးဦးဘရန် ဆိုင်းပင် မြစ်ကြီးနား သို့လာရောက်ရန် စီစဉ်ခဲ့သော် လည်းနောက်ပိုင်းတွင် ဦးဏှောက် သွေးကြောပိတ်ဆို့ သည့် ရောဂါခံစား ရသဖြင့် မလာနိုင်ခြင်းဖြစ်သည်။

ထိုအချိန်က မလိခရိပ်သာတွင် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကိုယ်စား လှယ်အဖွဲ့၊ ကြားလူကြီးများနှင့် တပ်မတော်ထောက်လှမ်းရေး အဖွဲ့တွေအားလုံးအတူနေကြ သည်။ များသောအားဖြင့် နံနက် စာ၊ နေ့လည်စာ၊ ညစာအတူစားကြသည်။ အိမ်ရှင် မြောက်ပိုင်း တိုင်းစစ်ဌာန ချုပ်တိုင်းမှူးကလည်း လာစားသည်။ ဒီတော့ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့က လူကြီးများသည် ဆွေးနွေးပွဲ အတွင်းသာမက စားသောက်ချိန်များမှာပါ အပြန်အလှန် ဆွေးနွေးကြသည်။ လက်ရှိအခြေ အနေသာ မက သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ နိုင်ငံတကာရေးရာ တွေ ပါဆွေးနွေးကြ၊ အမြင်ချင်း ဖလှယ်ကြသည်။ မိသားစုတွေအကြောင်းလည်းပြောကြသည်။ သံအမတ်ကြီး ဦးလ၀မ် ဆိုလျှင် ပင်လုံစာချုပ် ကိုပါသိမှီလိုက်သူဖြစ်သောကြောင့် သမိုင်းနောက်ခံတွေကို စိတ်ဝင်စား ဖွယ်ပြောပြ တတ်သည်။ ကျွန်တော်တို့ လူငယ်တွေက နားထောင်သမားသက်သက်။ ဒီလိုပြောရင်း ဆိုရင်းနဲ့ နှစ်ဘက်ကြား မှာ ရင်းနှီးမှု၊ ပွင့်လင်းမှုတွေပိုရလာ သည်။ တစ်ချိန်ကျတော့ဆွေးနွေး ပွဲတက်ရောက် သည့် ကေအိုင် အိုခေါင်းဆောင်တစ်ဦးနှင့် တပ်မတော်ခေါင်းဆောင်တစ်ဦး တို့ မှာ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် တွင် အတူနေခဲ့ဖူးကြောင်း စကားစပ်မိသွားပြီး သူတို့သိသည့် သူငယ် ချင်းတွေ အကြောင်းပြန် အစဖော်ကာ ပြောမဆုံးနိုင်ဖြစ် သွားကြသည်။ နောက်နေ့တွေ ကျတော့ တစ်ယောက်နှင့် တစ်ယောက် သူငယ် ချင်း ဟု အာလုပ်သံဖြင့် စကားပြောသည့် အဆင့်သို့ရောက် သွားတော့ သည်။ ဒီလိုနဲ့ ဒုတိယ အကြိမ်၊ တတိယ အကြိမ် စသည်ဖြင့် တွေ့ဆုံ သည့်အကြိမ်တွေ များလာလေ နှစ်ဘက်ကြားမှာ နှင်းခဲတို့ အရည်ပျော်တာမြန်လေဖြစ်လာ တော့သည်။

လက်တွေ့ဆွေးနွေးရာတွင်လည်း ညှိရတာတွေအများကြီးဖြစ်သည်။ များသောအားဖြင့် လူငယ်တွေမပါ ဘဲ နှစ်ဘက် လူကြီးများ၊ ကြားလူကြီးများနှင့် တပ်မတော်ထောက်လှမ်းရေးက အရာရှိကြီးတွေပဲ တံခါးပိတ်ဆွေးနွေးကြ သည်။ တစ်ခါ တစ်လေတော့လည်း ဆွေးနွေးပွဲအပြီးတွင် ပြုံးပြုံးရွှင်ရွှင်၊ တစ်ခါ တစ်လေေ တာ့ လည်း မျက်နှာမသာမယာနှင့်။ သိတ်ပြီး အငြင်းအခုန်တွေများလာရင်တော့ တစ်ရက်နှ စ်ရက် နား၊ ပြီးတော့ပြန်ဆွေးနွေး၊ အဆင့်တစ်ခုအတွက် သဘောတူပြီးဆိုလျှင် ကေအိုင် အို ကိုယ်စားလှယ်အဖွဲ့ကလည်းဗဟိုကိုပြန်၊ ကျွန်တော်တို့ဘက်ကလည်း ရန်ကုန်ကို သတင်းပို့၊ ဒီလိုနဲ့ ဆွေးနွေး ပွဲတွေ ကြိမ်ဖန်များစွာလုပ်ခဲ့ရသည်။

သို့သော် ကံကောင်းတာက ထိုအချိန်က ဘယ်သူ့ဘက်ကမှ ဆွေးနွေးပွဲရပ်ပစ်ဖို့၊ မဖြစ်နိုင်သောတောင်း ဆိုချက်တွေ တင်ပြဖို့ မလုပ်ခဲ့၊ မဖြစ်ဖြစ်အောင်၊ မညီရင် ညီအောင် ညှိမယ်ဆိုသော စိတ်နှင့် ခရီးဆက်ခဲ့ခြင်း ဖြစ်သည်။ ခက်ခဲသော ကိစ္စတွေကို ဘေးဖယ်ထားပြီး အလွယ်တကူသဘောတူနိုင်မည့် ကိစ္စများကို စပြီး ကိုင်တွယ်ဖြေရှင်း ခဲ့ကြသည်။ အခြေခံသဘောတူညီချက်လေးတွေရလာတာနဲ့ လူတိုင်းစိတ်မှာ ဆွေးနွေးပွဲ လုပ်ငန်းစဉ် အပေါ် ပိုပြီး ယုံကြည်မှုရှိလာသည်။ အတူနေ အတူစား အတူဆွေးနွေးခြင်းကြောင့်နားလည်မှုတွေပိုပိုရလာသည်။ ဒီလိုနဲ့ နှစ်ဘက်ကြား အပစ်အခတ်ရပ် စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သဘောတူညီချက်ရရှိကြောင်း တရားဝင် ထုတ်ပြန် ချိန်တွင် ကချင်ပြည်နယ်သူ၊ပြည်နယ်သားတို့ ပျော်လိုက်ကြပုံတွေကို ယခုထိ မြင်ယောင် နေမိပါသေး သည်။

ဓာတ်ပုံဟောင်းလေးထဲက ပုဂ္ဂိုလ်အတော်များများမှာ ကွယ်လွန်သွားခဲ့ကြပြီဖြစ်သည်။ ဓာတ်ပုံမှာလည်း အရောင်ပျယ်လု လုဖြစ်နေပြီ။ သူတို့တည်ဆောက်ခဲ့သည့်ငြိမ်းချမ်းရေးမှာလည်း အသစ်ပြန်ဖြစ်လာသည့် တိုက်ပွဲသစ်တွေကြောင့် ပျက်ပြယ် ခဲ့ရပြီ။ တစ်နေ့က ကချင်ပြည်နယ်က ငယ်သူငယ်ချင်းနဲ့တွေ့တော့ သူက ငြိမ်းချမ်းရေးတော့ ဘယ်တော့မှ ရမယ် မထင် တော့ဘူးဟု စိတ်ပျက်စကားဆိုသည်။ ကျွန်တော်ကတော့ သူ့လိုမယူဆ။ ငြိမ်းချမ်းရေးသည် ထင်သလောက်အလှမ်းမဝေး ဟု ယုံကြည်သည်။ အဘယ်ကြောင့်နည်း။

၁၉၉၃- ၉၄ ကာလထက်စာလျှင် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့က ပိုပြီးအခြေအနေကောင်းသည်။ ၁၉၉၃ ခုနှစ် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများစတင်ချိန်တွင်ကေအိုင်အို/ကေအိုင်အေနှ င့်ဖြစ်ပွား ခဲ့သည့် လက်နက် ကိုင်ပဋိပက္ခသည် ၁၉၆၀ မှ ရေတွက် သော် နှစ်သုံးဆယ်ကျော်ခဲ့ပြီဖြစ်သည်။ ထို့ ကြောင့် ဆွေးနွေး ပွဲတွင်ပါဝင်ခဲ့သည့် နှစ်ဘက်ခေါင်းဆောင်များသည် လက်နက် ကိုင်ပဋိပက္ခကာလ သက်သက် ကိုသာဖြတ်သန်းခဲ့ရသည်ဟုဆိုနိုင်သည်။ ထိုနှစ်ပေါင်းသုံးဆယ်ကာလအတွက် တိုက်ပွဲ ကြီး ငယ်တွေများစွာရှိခဲ့သည်။

နှစ်ဘက်လုံးမှာ ၊ ပြည်သူတွေမှာထိခိုက်နစ်နာမှုတွေအများကြီး၊ ပုဂ္ဂိုလ်ရေးခံစားချက်တွေဖြစ်ဖို့ အကြောင်း အရာတွေ က တစ်ပုံတစ်ပင်၊ သံသယတွေ၊နာကြဉ်းမှုတွေက နှစ်ဘက်လုံးမှာ နက်နက်ရှိုင်းရှိုင်းရှိခဲ့သည်။ ဒါပေ မယ့်ဒါတွေအားလုံးကိုကျော်လွှားနိုင်ခဲ့သည်။အခု ပဋိပက္ခသစ်တွေပြန်ဖြစ်တာက တစ်နှစ်ကျော်သာ ရှိသေးသည်။ ပတ်သက် သူတွေက ငြိမ်းချမ်းရေးကာလရော၊ ပဋိပက္ခကာလကိုရောဖြတ်သန်း ခဲ့ကြပြီ။အကောင်း အဆိုး၊ သင်ခန်းစာယူစရာတွေ တွေ့ခဲ့၊မြင်ခဲ့ကြပြီ။ဆောင်ရန်ေ ရှာင်ရန်တွေ ကိုနားလည်ခဲ့ပြီ။ ဒါ့ကြောင့် ငြိမ်းချမ်းေ ရးပြန်လည် တည်ဆောက် ဖို့က မခဲယဉ်း ဟုဆိုချင်သည်။

ထို့ထက်အရေးကြီးတာက နိုင်ငံရေးအခြေအနေဖြစ်သည်။ ၁၉၉၃ မှာဆွေးနွေးတုံးက အပစ် အခတ်ရပ် စဲရေးသက်သက် ဆွေးနွေးခဲ့သည်။ နိုင်ငံရေးအတွက်လုံးဝမဆွေးနွေး။ နောက်အစိုးရ တာဝန် ယူချိန်မှသာ ဆွေးနွေးရန်ဟု တပ်မတော် အစိုး ရဘက်က ရပ်တည်ခဲ့ သည်။ နောင်မှာ မျှော်လင့် သည့်နိုင်ငံရေး ဆွေးနွေး မှု များဖြစ်မလာသည့် အခါ ပဋိပက္ခတွေဘက် သို့ ပြန်ရောက် သွားခဲ့ခြင်းဖြစ်သည်။ ယခုတစ်ကြိမ် တွင်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် အပစ်အခတ်ရပ်စဲ ရေး တည်ဆောက်ပြီးသည့်နောက် ထာဝရငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်မည် ဟု သမ္မတကြီးက ကတိပြုခဲ့ပြီးဖြစ်သည်။

နောက်ပြီးထိုဆွေးနွေးပွဲတွင် ပါဝင်အားဖြည့်မည့် နိုင်ငံရေးပါတီများ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်နယ်အစိုးရများနှင့် ပြည်နယ်လွှတ်တော်များ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ လည်း ရှိ နေပြီ။ မြန်မာနိုင်ငံသည်လည်း ၁၉၉၃ ခုနှစ်ကလို အထီးကျန်နိုင်ငံ မဟုတ်တော့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲများကို အားဖြည့် ကူညီပေးမည့် နိုင်ငံတကာအသိုင်းအ၀န်းကလည်း ရှိနေပြီ။ ဒါတွေအားလုံးက ထာဝစဉ်တည်တံ့မည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့ အခြေ ခံကောင်းေ တွပဲဖြစ်သည်။ တစ်ခုသာကျန်တော့သည်။

အဲဒါကတော့ဆွေးနွေး ပွဲစားပွဲဝိုင်း ဆီကိုအရောက် လာဖို့ပဲဖြစ်သည်။ထိုစားပွဲဝိုင်းကိုလာရမည့်ခရီးကား စစ်တိုက် သည် ထက် ပိုခက်ပါသည်။ ပုဂ္ဂိုလ်ရေးခံစားချက်တွေ၊ နာကြဉ်းချက်တွေ ကို ဘေးဖယ်ထား ဖို့လိုသည် ။ဒေါ်အောင်ဆန်းစုကြည်စကား အတိုင်းဆိုရလျှင် မေ့ပစ်ဖို့မ ဟုတ် ခွင့်လွှတ်ဖို့၊ သင်ခန်းစာဖော်ထုတ်နိုင်ဖို့ ဖြစ်သည်။ နောက်ပြီးငြိမ်း ချမ်းရေးဆွေးနွေးပွဲ ဟူ သည် မိမိမှန်ကြောင်း တစ်ဘက် က လက်ခံအောင် ငြင်းခုန်ဆွေးနွေးဖို့မဟုတ်၊ စကားစစ်ထိုးခြင်းမဟုတ်၊ နှစ်ဘက် သဘော တူနိုင် မည့် အချက်တွေကို ရှာဖွေဖို့ဆွေးနွေးဖို့ဆိုတာကို လက်ခံဖို့လိုသည်။ ဆွေးနွေးပွဲ လုပ်ငန်းစဉ်မှာ တစ်ရက်၊ တစ်မနက်နှင့် မပြီး စိတ်ရှည်သည်းခံပြီးရေရှည်ဆောင်ရွက်ရမည်ကို သဘောပေါက်ဖို့လိုပါသည်။ ဒါဆိုရင် ငြိမ်းချမ်းရေးက လက်တစ်ကမ်းမှာပဲရှိသည်။ ပထမဆုံးခြေတစ်လှမ်းကို စလှမ်းဖို့ သာလိုပါသည်။

လွင့်မျောနေသည့် အတွေးတွေကို ရပ်ပြီး ဓာတ်ပုံကို လက်နှင့်ဖွဖွလေးပွတ် သပ်မိသည်။ ငြိမ်းချမ်းရေး ပျက်ပြား သွားသည့်အတွက် ကွယ်လွန်သွားရှာသူတို့ကို အားနာမိသည်။ သို့သော် ထာဝစဉ် တည်တံ့ မည့် ငြိမ်းချမ်း ရေးကိုတည်ဆောက်ခြင်းအားဖြင့် သူတို့ကိုပြန်ပြီးကျေးဇူးဆပ်နို င်ခွင့်ရှိသေးသည် ဆိုသည့် အတွေးကြောင့် စိတ်ဖြေရာရခဲ့ သည်။

လောလောဆယ်ဆယ်တော့ ဒီဓာတ်ပုံလေးကို ပုံဟောင်းပြင်၊ ပုံကြီးချဲ့သည်ဆိုသည့် ဓာတ်ပုံဆိုင်ကို ပို့ပြီး ပြင်ဆင် ပုံကြီးချဲ့ ရဦးမည်။ ငြိမ်းချမ်းရေးအတွက် စိတ်ပူပန်ရတိုင်း ဓာတ်ပုံကိုကြည့်ပြီး အားတင်းရဦး မည်။ အခြားသူများကိုလည်း မျှဝေပြော ပြရဦးမည်။ မဝေးလှသောအနာဂတ် မှာတော့ မြစ်ကြီးနားမြို့ က ငြိမ်းချမ်းရေးပြတိုက်ကြီးမှာ ဒီဓာတ်ပုံကိုချိတ်ခွင့် ရမည် ထင်သည်။

From:ဦးရဲထွဋ်(သမ္မတပြောရေးဆိုခွင့်ရှိသူ) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်