Monday, January 14, 2013

KIA အဖွဲ့၏ မပြီးဆုံးသေးသော အကြမ်းဖက်မှုများ

Posted by drmyochit Monday, January 14, 2013, under | No comments

ယခု ရက်ပိုင်း အတွင်း မန္တလေး -မြစ်ကြီးနား လမ်းပိုင်းတွင် KIA အဖွဲ့၏ မိုင်းခွဲ တိုက်ခိုက် မှုများ ပိုမို စိတ်လာ သည်ကို သတိထား မိခဲ့သည်။ ယခင်က ရထားလမ်း တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း ရထား သံလမ်းများကို မိုင်းခွဲ ဖျက်ဆီးခြင်းသာ ရှိခဲ့သော်လည်း ယခုအခါ ညအချိန်တွင် သွားလာသော ခရီးသည်တင်ရထားများကိုပါ တိုက်ခိုက် လာတာကိုတွေ့ရှိရပါသည်။

ယခင်က ရထားလမ်းများ မိုင်းခွဲတိုက်ခိုက်တိုင်း KIA အဖွဲ့ မှ ပြောဆိုခွင့် ရှိသူ ဦးလနန်းမှ အစိုးရတပ်များ ရထားလမ်းကိုအသုံးပြုချီတက်လာသည့်သတင်းကြောင့် မိုင်းခွဲတိုက်ခိုက်ခဲ့ ကြောင်း ပြောဆိုခဲ့သည်။ ခုတ်မောင်းနေသောရထားကို ပထမဦးဆုံးအကြိမ် မိုင်းထောင်ဖောက်ခွဲမှုအဖြစ် (၁-၁-၂၀၁၃)ရက်နေ့တွင် မန္တလေးမှ မြစ်ကြီးနားသို့ တက်လာသော အမှတ်(၄၃)အဆန် ကုန်ရထားအား ဟိုပင်မြို့နယ်ခွဲဘူတာမှ တစ်မိုင်ခန့်အကွာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ဦးလနန်း၏ တာဝန်မဲ့သည့် အကြောင်းပြချက်၊ အကြမ်းဖတ်ဆန်သည့်အ အကြောင်းပြချက် ကတော့ ၎င်းကုန် ရထားတွင် စစ်လက်နက် ပစ္စည်းများ သယ်ဆောင် လာသည် ဟူ၍ အကြောင်းပြသည်။ သို့သော် မိုင်းခွဲ ခံရသည့် ရထားနေရာသို့ ရောက်ရှိ သွားသော သတင်းထောက်များ မြို့မိမြို့ဖများနှင့် တာဝန်ရှိ သူများ၏ မျက်မြင် သက်သေများ၏ တွေ့ရှိ ချက်များအရ ၎င်းကုန်ရထားတွင် မည်သည့်စစ်ပစ္စည်းမျှမပါ။ ကချင်ပြည်နယ် အတွက် လိုအပ်သည့် စားနပ်ရိက္ခာများ ဖြစ်နေခဲ့သည်။ 

ထို့အပြင် (၉-၁-၂၀၁၃) ရက်နေ့ (၁၀၁၅)ချိန်တွင် နဘားမှ မြစ်ကြီးနားသို့ ထွက်ခွာလာသော ခေါက်ပြန် လော်ကယ် ရထားကို ဟိုပင်ဘူတာနှင့် နန်းခွင်ဘူတာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြန်သည်။ မိုင်းခွဲ တိုက်ခိုက်ရာ တွင်လည်း သံလမ်းတွင်ထောင်ထားသည့် မိုင်းပေါ်သို့ မီးရထားစက်ခေါင်း ဖြတ်သွားပြီး လူစီးတွဲဖြတ်သည့် အခါကြမှ Remote Control နှင့် မိုင်းကို ချိန်ကိုက်ခွဲခဲ့သောကြောင့် ပါလာသော ရထား တွဲများ လမ်းချော်ကာ တွဲအားလုံးနီးပါး မှောက်သွားခဲ့သည်။ 


မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရထားပေါ်တွင် လုံခြုံရေးလိုက်ပါလာသည့် မီးရထားရဲတစ်ဦးသေဆုံးပြီး ခရီးသည် ၅ ဦး ဒါဏ်ရာရခဲ့သည်။ ဒီတစ်ခါတော့ ဦးလနန်း တစ်ယောက် အကြောင်းပြချက် မပေးတော့ပါ။ 

မိုင်းခွဲ တိုက်ခိုက်ခံရ၍ မှောက်သွားသောရထားပေါ်တွင် မည်သည့် စစ်ပစ္စည်းမျှမပါ ကုန်စိမ်းတွေ၊ နွားတွေ၊ ၀က်တွေ သာပါသည်။ မိုင်းခွဲခံရသည် ရထားလမ်းချော်သည်နှင့် အနီးအနားရှိ မြို့များမှ သတင်းထောက်တွေ ချက်ခြင်းရောက်လာကြသည်။ သို့သော် KIA ပြောသလို စစ်ပစ္စည်းတွေ မတွေ့ ။ ရထားပေါ် တွင် ကုန်စိမ်းနှင့် နွားတွေ ၀က်တွေ ပါလာသောကြောင့် စစ်တပ်အတွက် သယ်လာသော ပစ္စည်း များ ဟု KIA အကြောင်းပြ မလားတော့ မသိပါ။ KIA များပြောသည့် သဘောအရ စစ်တပ်အတွက် သယ်လာသော ပစ္စည်းများဟု အကြောင်းပြ ချက်ကတော့ မခိုင်လုံဘူးထင်ပါတယ်။ ဒါကတော့ တမင်သက် သက် မိုင်းခွဲတာပဲဖြစ်မယ်ထင်ပါတယ်။

အဆိုး ဆုံးကတော့ ဇန်န၀ါရီ ၁၃ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မြစ်ကြီးနားမှ ထွက်ခွာ လာသော အမှတ်(၃၄)အစုန် အိပ်စင်အထူးရထား နန်းစီးအောင်နှင့် မော်လူးဘူတာကြားတွင် မိုင်းခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စက်ခေါင်ား မှောက်သွားပြီး အခြားတွဲများလည်း လမ်းချော်သွား ကြောင်း သိရှိရပါသည်။ လူစီးအမြန်ရထားကို ယခုကဲ့သို့ မိုင်းခွဲတိုက်ခိုက်ခြင်းသည် ပထမဦးဆုံး အကြိမ်ဟုလဲ သိရှိရသည်။ 

ယခင်က မန္တလေးမှ မြစ်ကြီးနားသို့သွားသည့် အဆန်ရထားကိုသာ တိုက်ခိုက်ခဲ့သော်လည်း ယခုအခါ မြစ်ကြီး နားမှ မန္တလေးသို့လာသည့် အစုန်ရထားကိုပါ တိုက်ခိုက်လာခဲ့သည်။ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ခရီးသည် ၁၀ ဦး ဒါဏ်ရာရရှိပြီး မော်လူးတိုက်နယ်ဆေးရုံတွင် ဆေးကုသနေကြောင်း သိရှိရသည်။ 

ဤကိစ္စနှင့် ပတ်သက်၍ KIA က မည်သို့ အကြောင်းပြမည်တော့မသိပါ။ ယခု မြစ်ကြီးနား-မန္တလေး ရထားလမ်းကို အသုံးပြုနေသော ပြည်သူများသည် ကချင်ပြည်နယ်သားများ သာမက တစ်နိုင်ငံလုံးမှ လူမျိုးပေါင်းစုံ ဖြစ်နိုင်သည်။ တိုက်ခိုက်မှုကြောင့် ဒါဏ်ရာရသူများထဲတွင် ကချင်လူမျိုးတွေ လည်း ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ရထားနှင့်ခရီးသွားရသည့် သူများမှာ မရဏလမ်းကို ဖြတ်သန်းရသလို ဘုရားတရား တနေရသည်။ 

ညဘက်ခုတ်မောင်းသည့် ခရီးသည်တင်ရထားများသွားလာသည့်အခါ နယ်မြေလုံခြုံရေးအရ ခရီးသည်တင် ရထားအရှေ့တွင် စစ်ရထားတစ်စီး မှသွား၍ လုံခြုံရေးလုပ်ပေးသည်။ KIA အနေဖြင့် စစ်ရထားကို မတိုက်ခိုက်ဘဲ လူစီးရထားကို ရွေးချယ်တိုက်ခိုက်နေတာကို စဉ်းစား၍မရပါ။ ဘာဗျူဟာတွေ ဘယ်လို နည်းပရိရာယ်တွေနှင့် တိုက်ခိုက်နေမှန်း ကျွန်တော်တို့ မခန့်မှန်းတတ်တော့ပါ။ 


ယခု တိုက်ခိုက်ခံရသော နေရာအများစုသည် ကချင်ရွာများမဟုတ် ရှမ်းနီလူမျိုးများနေထိုင်ကြသော ဒေသများဖြစ်သည်။ ကျွန်တော် ရှမ်းနီပါတီ၏ ကြေငြာချက်ထဲမှ အချက်တစ်ချက်ကို သတိရမိသည်။ ၎င်းအချက်မှာ KIA အဖွဲ့အနေဖြင့် ရှမ်းနီရွာ များအနီးတွင် အစိုးရတပ်များအား ခြုံခိုတိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်းတို့ဖြင့် ရှမ်းနီရွာများကို အစိုးရမှ အထင်အမြင်လွဲမှားအောင် လုပ်နေသည်ဟူသော အချက်ပင်ဖြစ်သည်။ ၎င်းကြေငြာချက်ကဲ့သို့ KIA ၏ ယခုလုပ်ရပ်က အလွန်နီးစပ်နေ သည်ကို တွေ့ရပါသည်။

အချုပ်အားဖြင့်ဆိုရလျင် အစိုးရနှင့် KIA စစ်ပွဲများဖြစ်ပွားနေသည့် လိုင်ဇာဌာနချုပ်ကို စစ်ရေးအရ ၀ိုင်းပတ်ပိတ်ဆို့ထားသဖြင့် စစ်ဗျူဟာအရ မြို့တွင်းရှိ စစ်တပ်ပစ်မှတ်များကို KIA မှ တိုက်ခိုက်ပါက အပြစ်မပြောလိုပါ။ သို့သော် ယခုလို ကချင်လူမျိုးများအပါအ၀င် ကချင်ပြည်နယ်တစ်ခုလုံး အားကိုးအားထား ပြုနေရသည့် ရထားလမ်းနှင့် ခရီးသည်တင်ရထားများကို ဖျက်ဆီးတိုက်ခိုက်ခြင်းကတော့ လုံးဝအဓိပ္ပါယ် မရှိသော လုပ်ရပ်ဖြစ်ပါသည်။ ထိုအပြစ်မဲ့တိုင်းရင်းသားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသည်တင် ရထားအား ရည်ရွယ်ချက်ရှိရှိ မိုင်းခွဲတိုက်ခိုက်ခြင်းကိုတော့ မည်သူမှ လက်ခံမည်မဟုတ်ပါ။ KIA ကို မည်သို့ နားလည်ရမည် မသိတော့ပါ။ KIA ခေါင်းဆောင်တွေ ဘီလူးစီးနေပြီလား။ မိုင်းထောင်တဲ့သူတွေကရော လူစိတ်မရှိတော့ဘူးလားဟု ကျွန်တော်တွေးမိပါတော့သည်။

မော်လူးသား
ဓာတ်ပုံ - သစ်ထူးလွင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်