Saturday, February 09, 2013

ပြောင်းရွှေ့ပေးရမည့် သန်လျှင်မှ ရွာခံများ အဆင်သင့်မဖြစ်သေး

Posted by drmyochit Saturday, February 09, 2013, under | No comments


သီလ၀ါ အထူး စီးပွားရေး ဇုန်ဧရိယာ အတွင်းရှိ ကျေးရွာ(၄)ရွာမှာ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နောက်ဆုံး ထားကာ အပြီး ရွှေ့ပြောင်းပေး ရမည်ဖြစ်ကြောင်း ရွာခံတို့က ဆိုသည်။ 

ဂျပန်နိုင်ငံနှင့် မြန်မာ နိုင်ငံတို့ ပူးပေါင်း အကောင် အထည် ဖော်မည့် သီလ၀ါ စက်မှုဇုန် စီမံကိန်းမှာ သန်လျင် မြို့နယ် သီလ၀ါဆိပ်ကမ်း ရှိ မြေအကျယ် ၂၄၀၀ ကျော်တွင် တည်ဆောက် မည်ဖြစ် သောကြောင့် ၄င်းမြေပေါ်ရှိရွာ ၄ ရွာအား ရွှေ့ပြောင်း ခိုင်းခြင်းဖြစ်သည်။ 

“ဘာမှလည်း ကြိုတင်အကြောင်းကြားထားတာမျိုးလည်း မရှိဘူး။ (၁၄)ရက်နေ့အပြီးရွှေ့ပေးရမယ်ဆိုပြီး အိမ်တိုင်းအိမ်တိုင်းကို စာတွေလာကပ်သွားတယ်။ အခုက ကလေးတွေရဲ့ ပညာရေးကလည်း တစ်ပိုင်းတစ် စကြီး။ မရွှေ့ပြောင်းချင်လို့ မဟုတ်ပါဘူး။ အချိန်ကာလတစ်ခုတော့ သတ်မှတ်ပေးစေချင်တာပါ” ဟု သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ဦးရာဂျူးက ပြောသည်။ 

သီလ၀ါစီမံကိန်းဟုဆိုကာ ၁၉၉၅-၉၆ခုနှစ်ကတည်းကလည်း အလွမ်းဆွတ်ရွာ၊ ကရက်ရွာ၊ ဘုရားကုန်းရွာ၊သီလ၀ါကကျေးရွာနှင့် ဖလမ်းရွာရှိ ဒေသခံများအား လယ်တစ်ဧကလျှင် သီးနှံရှိပါက ၂သောင်းနှုန်းဖြင့် နစ်နာကြေးပေးခဲ့ကြောင်း၊ အိမ်တစ်အိမ်လျှင် အစားထိုးနေစရာအဖြစ် သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်သစ်၌ ပေ(၄၀-၆၀ )မြေတစ်ကွက်နှင့် ရွှေ့ပြောင်းစရိတ်ကျပ် ၅ ထောင် ပေးခဲ့သော်လည်း ရွာတွင်မနေဘဲ လယ်ထဲ၌နေထိုင်သူ၊ အိမ်ပိုင်ဆိုင်ကြောင်းနှင့် မိသားစုအချက် အလက်မပြည့်စုံသောသူများအား အစားထိုးမြေကွက် မပေးခဲ့ကြောင်း ရွာခံတို့က ဆိုသည်။ 

ထို့သို့ရွှေ့ပြောင်းခိုင်းခဲ့သော်လည်း စီမံကိန်းများ အကောင်အထည်ဖော်ခြင်းမရှိခြင်းကြောင့် ဒေသခံများမှာ သက်ဆိုင်ရာဌာနအသီးသီးတွင် လယ်တစ်ဧကလျှင် စပါးခုနှစ်တင်းနှုန်းဖြင့် သီးစားခပေး၍ အနှစ်နှစ်ဆယ်ဝန်းကျင်ခန့် ၄င်းစီမံကိန်းနယ်မြေ၌ ပြန်လည်လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။ 

“ ၉၆ လောက်ထဲက စီမံကိန်းနယ်မြေထဲမှာ အစိုးရကို လယ်ခွန်၊ မြေခွန်ပေးပြီး ပြန်လုပ်ကိုင်လာခဲ့တာ ၂၀၁၁ ခုနှစ်ထိပါပဲ။ သီးစားခလည်း စပါးခုနှစ်တင်းနှုန်းပေးရတယ်။ ပြေစာတွေလည်းရှိတယ်။ အခုက ဗြုန်းစားကြီး ဖယ်ဆိုတော့ ကျွန်တော်တို့မှာ နေစရာမရှိ လုပ်စရာမရှိဖြစ်နေပြီ။ မြေခွန်တွေဆောင်ထားရတဲ့အတွက် နစ်နာမှုတွေကို လယ်ယာကော်မရှင်အဖွဲ့က ဆင်းပြီး ဖြေရှင်းပေးစေချင်ပါတယ် ” ဟု အလွမ်းဆွတ်ကျေးရွာမှ လယ်(၁၀)ဧကသမား ဦးလှရွှေက ပြောသည်။ 

၎င်းစီမံကိန်းအတွက် ရွှေ့ပြောင်းရမည့် အလွမ်းဆွတ်ကျေးရွာရှိ အိမ်ထောင်စုပေါင်းမှာ (၇၀၀)၀န်းကျင်ခန့်ရှိကာ ရွာလယ်မြေ ဧကပေါင်း (၂၆၀၀)ကျော်ရှိကြောင်း၊ ဒေသခံများမှာ ဖေဖော်ဝါရီ(၁၄)ရက်နေ့၊ ချစ်သူများနေ့တွင် ရွှေ့ပြောင်းပေးရမည့် ကိစ္စရပ်နှင့် ပတ်သတ်၍ နိုင်ငံတော်သမ္မတကြီးထံသို့ အသနားခံစာ တင်ရန် အစီအစဉ်ရှိကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။ 

ဇန်န၀ါရီလ(၃၁)ရက်နေ့က ရွှေ့ပြောင်းပေးရမည့် အကြောင်းကြားစာများ ကပ်ခြင်းကိစ္စရပ်နှင့် ပတ်သတ်၍ သန်လျင်မြို့နယ်ရှိ မြေစာရင်းရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများသို့ သွားရောက်မေးမြန်းခဲ့သော်လည်း တာဝန်ခံမရှိဟု ဆိုကာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။ 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်