Saturday, July 20, 2013

အပျိုစင်လေးများအတွက် သိကောင်းစရာ (၂)

Posted by drmyochit Saturday, July 20, 2013, under | No comments


"ဒေါ်လေး.. ဟိုတစ်ခေါက်က သမီးမေးထားတာ ဖြေပေးဦးလေ။ ကလေးမွေးတယ်ဆိုတာ ရာသီလာ တာကြောင့်လား ဆိုတာ..."

"သြော်... ဟုတ်သားပဲ ပြောပြမှာပေါ့ သမီးရယ်၊ သမီး စိတ်ဝင်စားတာကိုဘဲ ဒေါ်လေးက ၀မ်းသာနေတာ။ အမျိုး သမီးတွေဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ် အကြောင်းကို သိဖို့လည်း လိုတယ်။ စိတ်ဝင်စားဖို့လည်း လိုတယ်လေ။ ဒီလို သမီးရဲ့၊ ရာသီလာတိုင်း သားအိမ်ပါတိုင်းလည်း ကိုယ်ဝန်ရှိတာ၊ ကလေးမွေးတာ မဟုတ်ပါဘူး"

"ဟင်... ဒေါ်လေးပြောတော့ သားအိမ်ရှိရင် ရာသီလာမယ်၊ ရာသီလာတယ်ဆိုတာ ကိုယ်ဝန်ဆောင်ဖို့ဆို..."

"ဟုတ်တယ်လေ သမီးရဲ့၊ တချို့ အမျိုးသမီးတွေကတော့ ကျန်းမာရေး မကောင်းတာကြောင့် သားအိမ်ရှိလို့ ရာသီလာပေမယ့် ကလေးမမွေးနိုင်ကြဘူး"

"ဘယ်လို ကျန်းမာရေး မကောင်းတာကြောင့်လဲ ဟင်"

"ကဲ သမီးကို ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးရတဲ့ အကြောင်းကို အရင်ရှင်းပြမယ်၊ ပြီးမှ ဘာကြောင့် ကလေး မမွေးနိုင်တာလဲဆိုတာကို ပြောပြမယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့"

"ရာသီလာတဲ့ အရွယ်ကနေစပြီး အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့် ဖြစ်နေတတ်ကြတယ်။ အမျိုးသားတွေနဲ့ လိင်ဆက်ဆံမိတဲ့အခါ ချက်ချင်း ကိုယ်ဝန်ရသွားတတ်တယ် သမီးရဲ့။ အခုခေတ် အမျိုး  သမီးငယ်လေးတွေက မသိကြတော့ သမီးရည်းစားတွေ ထားပြီးရင် အလွယ်တကူ လိင်ဆက်ဆံ လိုက်ကြရော၊ ဟော ကိုယ်ဝန်ရှိလာပြီဆိုရင် မရှူနိုင် မကယ်နိုင် ဖြစ်ရတာက မိန်းကလေးတွေ ဘဲ သမီးရဲ့"

"ဒီလို အမျိုးသမီးတွေက ကဲလွန်းလို့ ဖြစ်တာပေါ့နော် ဒေါ်လေး"

"အင်း အဲဒီလိုလည်း တဖက်သတ် ပြောလို့မရဘူးပေါ့ သမီးရယ်။ အမျိုးသမီးရော အမျိုးသားရော နှစ်ယောက်ပေါင်းမှ ကိုယ်ဝန်ရှိတာ မဟုတ်လား။ ဒီနေ့ လူငယ်တွေက အတွေ့အကြုံ အသစ်တွေ အလွယ် တကူ လိုချင်တတ်ကြတယ်။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုတော့ သေသေချာချာ မလေ့လာ ထားကြဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် စလုံးမှာ တာဝန်ရှိတာပေါ့ ကွယ်။ အမျိုးသမီးတွေကတော့ ဒီအတွက်ကြောင့် ကိုယ်ဝန်ရသွားတတ်တော့ လူပြောစရာ ပိုဖြစ်တာပေါ့။ တကယ်တော့ သမီးမိန်း ကလေးတွေ အပျိုဖော်ဝင်ပြီဆိုတာနဲ့ မိခင်တွေက ပညာပေးတာတွေ၊ လေးလေးနက်နက် သတိပေး  တာတွေ လုပ်ထားသင့်တာပေါ့။"

"တချို့ မိန်းကလေးတွေဆိုရင် သူတို့ အလိုမတူပဲ၊ သူတို့ ဆန္ဒ မပါပဲ အတူနေလိုက်ရတာမျိုးတွေ၊ လိင်ဆက်ဆံ ခံလိုက်ရတာတွေလည်း အများကြီး ရှိတယ်။ မုဒိန်းမှု လိုမျိုးဆိုရင်လည်း ဗိုက်ကြီးသွားတတ်တာပဲလေ သမီးရဲ့။"

"ဟင် မုဒိန်းမှုဆိုတာ ဘာကြီးလဲ ဒေါ်လေး။ အဲဒါလည်း ဗိုက်ကြီးနိုင်တယ်.. ဟုတ်လား"

"ဒီလို သမီးရဲ့။ မုဒိန်းမှုဆိုတာ မိန်းကလေးကို ခွင့်ပြုချက် မရဘဲ အတင်းအဓမ္မ လိင်ဆက်ဆံတာမျိုးကို ပြောတာ၊ အဲဒီလို လိင်ဆက်ဆံ ခံလိုက်ရတော့ ကိုယ်ဝန်ရှိသွား နိုင်တာပေါ့"

"သြော်.. ခုမှပဲ သိတော့တယ်။ အဲဒါကို မုဒိန်းမှုလို့ ခေါ်တာပေါ့နော်"

"အေး... ဟုတ်တယ်၊ ကဲ သမီး ဖြတ်ပြီး မေးနေတာနဲ့ ဒေါ်လေးလည်း တောင်ပြော မြောက်ပြော ဖြစ်ပြီး ရှုတ်ကုန်ပြီ၊"

"ဟင်း ဟင်း... ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုယ်ဝန် ဘယ်လိုဆောင်သလဲဆိုတာဘဲ ပြောပြပါတော့ ဒေါ်လေးရယ်"

"အင်း သမီးကို ဟို တစ်ပတ်က အကြောင်း ပြန်ဆက်ပြောရမယ် ဆိုရင်တော့ သားဥအိမ်ကနေ သားဥပြွန် ထဲကို သားဥလေးတွေက အရည်ကလေးတွေနဲ့အတူ တဖြည်းဖြည်းနဲ့ သားအိမ်ထဲကို ၀င်လာတာ သိ တယ်နော်"

"ဟုတ်"

"အေး.. အဲဒီအချိန်မှာ အမျိုးသားတယောက်နဲ့ လိင်ဆက်ဆံလိုက်တဲ့အခါ၊ အမျိုးသားမှာလည်း သုတ်ရည်ဆိုတာ ရှိတယ်လေ၊ အဲဒီသုတ်ရည်ထဲကနေ သုတ်ကောင်တွေ သန်းပေါင်းများစွာ ပါလာတယ်"

"ဟင်.. သုတ်ကောင် ဟုတ်လား ဒေါ်လေး၊ ကြောက် စရာကြီးနော်"

"ကြောက်စရာတော့ မဟုတ်ပါဘူး သမီးရယ်၊ လူတွေမှာ မျိုးဆက်ပြန့်ပွားဖို့ဆိုတာ ဒီသုတ်ကောင်တွေ ရှိမှ ဖြစ်တာပါ။ ဒီသုတ်ကောင်လေးတွေဟာ လူတွေမျိုးဆက် ပြန့်ပွားဖို့အတွက် အရေးကြီးတယ် သမီးရဲ့၊ အဲဒီထဲက သုတ်ကောင်တစ်ကောင်နဲ့ အမျိုးသမီးရဲ့ သားအိမ်ကနေ ဆင်းလာတဲ့ သားဥတစ်ခုနဲ့ သွားပေါင်း ဆုံလိုက်တဲ့အခါ အဲဒီ အမျိုးသမီးမှာ ကိုယ်ဝန် ရသွားတောပေါ့ကွယ်။"

"သုတ်ရည်ဆိုတာကကော ဘာလဲ ဒေါ်လေး"

"ဒီလို သမီးရဲ့"

"ဟုတ်ကဲ့ ဒေါ်လေး"

"ဟို... ဒီလိုလေ"

"ဟင် ဒေါ်လေးကလည်း လုပ်ပြန်ပြီ။ ဒီလိုဆိုတာ ဘယ်လိုလဲလို့"

"ဟင်းဟင်း... ဒီလိုပါ သမီးရယ်၊ သမီးနားလည်အောင် ဘယ်လိုရှင်းပြရရင် ကောင်းမလဲလို့ စဉ်းစားနေလို့ပါ။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ အတူတူနေကြတဲ့အခါ ဟိုလေ လိင်ဆက်ဆံကြတဲ့အခါကို ပြောတာသမီး ရဲ့။ အမျိုးသားတွေရဲ့ လိင်တံကနေ အရည်ဖြူဖြူလေးတွေ ထွက်လာတယ်၊ အဲဒါကို သုတ်ရည်လို့ ခေါ် တာပေါ့"

"ဟုတ်ကဲ့"

"အဲဒီ သုတ်ကောင်လေးတွေက ၂ ရက် ကနေ ၇ ရက်အထိ အသက်ရှင်နိုင်တယ်လို့ ဒေါ်လေး လေ့လာဖူး တယ်၊ အမျိုးသမီးတွေရဲ့ မမျိုးဥလေးတွေကတော့ ၁၂ နာရီကနေ ၇၂ နာရီ အထိ အသက်ရှင်တယ်လို့ ဆိုတယ် သမီးရေ၊ ဒါကြောင့် အမျိုးသမီးတွေ မမျိုးဥ ကြွေတဲ့အချိန် အမျိုးသားတစ်ယောက်နဲ့ လိင်ဆက် ဆံလိုက်တာနဲ့ ကလေးရသွားနိုင်တာပေါ့"

"ကိုယ်ဝန်ဆောင်တာ အန္တရာယ်ရှိလားဟင်၊ လူတွေကပြောတာ သမီးကြားဖူးတယ်၊ ဗိုက်ကြီးသည်ဆိုတာ သင်္ချိုင်းကို တနေ့သုံးခါ မျက်စောင်းထိုးတယ်တဲ့၊ အဲဒါ ဘာပြောတာလဲဟင်၊ အသက်နဲ့ ရင်းရတယ်လို့လည်း ပြောကြတယ်။ သမီးတော့ စိတ်ရှုပ်သွားတာပဲ။ အသက်နဲ့ရင်းရရင်တော့ ကလေးမမွေးတော့နဲ့ပေါ့ နော်။"

"ကိုယ်ဝန်ဆောင်တယ်ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ လူသားတိုင်းက ကိုယ့်ထက်ငယ် တာလေးတွေကို ပိုချစ်တတ်ကြတယ်မဟုတ်လား။ အိမ်ထောင်ကျသွားရင် သားသမီးလိုချင်တယ်။ ချစ်ချင်တယ်၊ ပြုစုချင်တယ်၊ ယုယချင်တယ်၊ အိမ်ထောင်မကျပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန် ရသွားရင်လည်း ကိုယ့်ရင်သွေးလေးပဲ ကိုယ့်ဝမ်းထဲမှာ နေနေတော့ မွေးချင်ကြတာပဲလေ။ တချို့ဆိုရင် ကိုယ့်ဝမ်းထဲမှာ မလွယ်ရတဲ့ ကလေးတွေကိုတောင် မွေးစားကြတာလေ။ အဲဒါကို မိခင်စိတ်ဓါတ်လို့ ခေါ်တယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ကိုယ်ဝန်ဆောင်တယ် ကလေးမွေးတယ်ဆိုတာ မျိုးဆက်တွေ မပျက်စီးသွားအောင် မလွဲမသွေလုပ်ရမယ့် လူသားတာဝန် တစ်ခုပဲ သမီး"

"အင်း ဒါလည်း ဟုတ်တာဘဲနော်"

"အဲဒီ စိတ်ဓါတ်နဲ့ ကိုယ်ဝန်ဆောင်လိုက်တာကနေစပြီး တချို့ဆို ခံစားမှု စရတော့တာပဲ အစားအသောက်ေ တွ ပျက်တယ်၊ အိပ်ရေးပျက်တယ်၊ ဒီတော့ မူးတော့တာပေါ့၊ တနေကုန်လည်း နေလို့ ထိုင်လို့ မကောင်းတာ မျိုးတွေ ဖြစ်တော့တာပဲ"

"ဟုတ်တယ် ဒေါ်လေး၊ ဟုတ်တယ်၊ သမီးတို့အိမ် လာလာလည်နေတဲ့ ဆံပင်ရှည်ရှည်နဲ့ မမလေ၊ အခု ဗိုက်ကြီးနေလို့တဲ့။ မစားနိုင် မသောက်နိုင်၊ မအိပ်နိုင်ဖြစ်တာ အတော်လေး ပိန်သွားတယ် အန်တီ"

"အဲဒီလို ဖြစ်တဲ့အခါမှာတော့ မနက်ပိုင်းကို ရေမသောက်ဘဲ မုန့်ခြောက်လေးတွေ စားရင် သက်သာနိုင် တာပေါ့။ ရေသောက်လိုက်ရင် ပိုအန်ချင်ပြီး အစာလည်း မစားချင်တော့ဘူး၊ အနံ့တွေလည်း မခံနိုင်တော့ ဘူးပေါ့။ ဒေါ်လေးတို့ မေမေတုန်းကတော့ ဟင်းနံ့တောင် မခံနိုင်ဘူးလို့ ပြောတာပဲ။"

"ကလေးတစ်ယောက်မွေးဖို့ သတ္တိကတော့ အများကြီး လိုတယ်နော် ဒေါ်လေး"

"သေချာတာပေါ့သမီးရယ်၊ ဒါပေမဲ့ မိခင်စိတ်ဓါတ်ရှိနေတဲ့ အမျိုးသမီးတွေဟာ ဒါကို မငြိုငြင်ရှာဘူး။ ကိုယ်ဝန်ရှိတာကို ဂုဏ်ယူနေကြတာ။ အဲဒီဒဏ်ကို အနည်းဆုံး ၃ လ လောက် ခံစားနေရတာ များတယ်။ ကိုယ်ဝန်ရင့်လာရင်တော့ ပြန်ကောင်းလာတယ်လေ။ ဒါပေမဲ့ တချို့ကတော့ မွေးဖွားခါနီးအထိ ခံရတာမျိုး ဖြစ်ရှာတယ်။ ကိုယ်ဝန်ဆိပ်တက်တယ်လို့ ခေါ်တာပေါ့ သမီးရယ်၊ ဒါကြောင့် မိခင်ရဲ့ မေတ္တာ တရားကို ဘာသာ တရားတွေကပါ အလေးပေး တန်ဖိုးထားပြီး ပြောကြတာပေါ့။"

"အရင်ခေတ်ကဆို အမေတစ်ယောက်ထဲနဲ့ ကလေးတစ်ဒါဇင်လောက် မွေးကြတယ်နော်။"

"အခုခေတ်မှာလည်း ကလေးတွေ အများကြီး မွေးနေတာတွေ ရှိနေသေးတာပဲ။ နည်းတော့ နည်းသွား ပြီပေါ့။ လူတစ်ယောက် လူ့လောကကို ရောက်လာဖို့ဆိုတာ မလွယ်ဘူး သမီး၊ လွယ်လွယ်လေး မွေးလာ ရတာ မဟုတ်ဘူးကွဲ့၊ သမီးကိုလည်း သမီးအမေက အဲဒီလိုပဲ မွေးဖွားခဲ့တာပေါ့။ ဒါကြောင့် ဗိုက်ကြီးတာနဲ့ ကလေးမွေးရမယ့် ကြားတွေမှာ ဘယ်အချိန် မိန်းမတွေ အသက်ပါသွားမလဲဆိုတာကို တင်စားပြီးမှ ပြောထားတာလေ။ နေ့တိုင်း သင်္ချိုင်းကုန်းကို မျက်စောင်း ထိုးနေရတယ် ဆိုတာပေါ့။ အခန့်မသင့်ရင် ကလေးပျက်ကျပြီးတောင် ကလေးရော အမေရော ဆုံးသွားနိုင်တယ်။ တချို့ ကလေးပဲ အဖတ်မတင်တာ၊ အမေက ကံကောင်းပြီး အသက်မဆုံးတာမျိုးလည်း ရှိတာပေါ့"

"ကလေး ပျက်ကျတတ်တယ် ဟုတ်လား"

"သြော်... သမီးရယ်၊ ပျက်ကျတတ်တာပေါ့။ ချော်လဲသွားတဲ့ အခါမှာဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန် ဆောင့်မိတာမျိုး၊ ဒါမှမဟုတ် သားအိမ်မခိုင်တဲ့ အခါမှာ သွေးပြန်ဆင်းသလိုမျိုး ဖြစ်တာလေ။ ကိုယ်ဝန်ရင့်ရင် ရင့်သလို ပိုပြီး ခံစားရတာပေါ့။ ဒါကြောင့် အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ကိုယ့်အသက်ကို ပြန်လွယ်ထားရသလို ဖြစ်နေတတ်တယ်။"

"မွေးဖွားပြန်တော့လည်း တချို့တွေကတော့ မွေးပြီး ကလေးဆုံးတာမျိုး၊ ဒါမှမဟုတ် အမေဆုံးတာမျိုးလည်း ဖြစ်တတ်တယ်လေ၊ ကိုယ်ဝန်ကို အချိန်မတန်ပဲ မွေးတာလည်း ဖြစ်နိုင်တယ်၊ ဥပမာ ၇ လနဲ့ ကလေးမွေး တာမျိုးပေါ့။ အဲဒီအချိန်မျိုးမှာ မွေးရင် အမျိုးသမီးတွေအတွက် သိပ်ထိခိုက်တာလေ။ ဒါကြောင့် မိခင်စိတ်နဲ့ ဘဲ စဉ်းစားပြီး ကမ္ဘာကြီးကို အလှဆင်ဖို့အတွက်သာ ကလေးမွေးနေကြရတာပါ သမီးရယ်၊ ကိုးလလွယ် ၁၀ လဖွားဆိုတာ လက်တွေ့မှာတော့ လွယ်တာမှ မဟုတ်ဘဲ"

"ပြီးတော့ ကလေးဆိုတာကလည်း မွေးရုံနဲ့ မပြီးသေးဘူး။ ကလေးတွေ ကျန်းမာသန်စွမ်းအောင်လည်း မိဘတွေက ကြည့်ရှုစောင့်ရှောက်ကြရတယ်။ ဒါပေမဲ့ မိခင်တွေက ဘယ်တော့မှ မငြိုငြင်ပဲ သူတို့ ဘ၀တွေ ထက် ကလေးငယ်ရဲ့ ဘ၀ကို ပိုတန်ဖိုးထား၊ အလေးပေးပြီး ရှင်သန်နေကြတာ မဟုတ်လား။ မိခင်တွေရဲ့ စိတ်ဓါတ်ကို ဘယ်သူမှ လိုက်မှီတာ မဟုတ်ဘူး။"

"ဟယ်... ဒေါ်လေးက အပျိုကြီး လုပ်နေပေမယ့် အမေတွေရဲ့ စွန့်စားမှုတွေကို တော်တော်သိတာပဲနော်။ သမီး အမေက သမီးကို အခုလို ဘယ်တော့မှ မပြောပြဘူး ဒေါ်လေးရဲ့"

"ဒေါ်လေးတို့ အသိုင်းအ၀ိုင်းမှာ ဒီကိစ္စမျိုးတွေနဲ့ ပါတ်သက်လာရင် သမီးပျိုလေးတွေကို မပြောပြရဘူးလို့ လူတွေက ယူဆကြတယ်လေ။ အဲဒီလို ပြောပြရင် ကလေးတွေ လက်တည့်စမ်းပြီး လျှောက်လုပ်ကုန်မှာ စိုးလို့တဲ့။"

"အမလေး မလုပ်ချင်ပါဘူး ဒေါ်လေးရယ်။ အချိန်မတန်ခင် ကိုယ်ဝန်တွေ ဘာတွေ ရသွားလို့ကတော့ သမီးဖြစ်ချင်တဲ့ အင်ဂျင်နီယာမကြီး ဖြစ်တော့မှာ မဟုတ်ဘူး။ အခုလို နားလည်သွားတော့ ပိုပြီးတော့ ထိန်းသိမ်းရမယ်ဆိုတာ သမီး သိလာပါတယ် ဒေါ်လေးရယ်"

"အေးကွယ်၊ သမီးက အင်မတန် ပါးနပ်ပြီး သိတတ်လိမ္မာတဲ့ မိန်းကလေး တစ်ယောက်ပါ။ ကဲ နောက်လ ကျမှ တချို့ အမျိုးသမီးတွေ ဘာကြောင့် ကိုယ်ဝန်မဆောင်ကြတာလဲဆိုတာ ဒေါ်လေး ဆက်ပြောပြ မယ်နော်"

"ဟုတ်ကဲ့ပါ ဒေါ်လေး၊ သမီး စာပြန်ကျက်လိုက် ဦးမယ်နော်"

အပျိုစင်ကလေးများ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

(အမှတ် ၄/၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီလ တွင် ထုတ်ဝေသည်။ )
ဒေါ်လေးမာန်(ချိုလင်းပြာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်