အခုပြုလုပ်တဲ့ ပညာပေး ပို့ချချက် အစီအစဉ်မှာ အပိုင်းငါးပိုင်း ပါဝင်ပြီး၊ အားလုံးကို သမာဆပ် ကျောင်း သားတွေ ပုံစံချပြီး ပို့ချခဲ့ကြတာပါ။
လိင်ကွဲပြားမှု၊ ကာမဆက်ဆံခြင်းနှင့် ဆက်စပ်ပြီး ကိုယ်ဝန် ရရှိလာနိုင်မှု၊ ကြုံတွေ့လာနိုင်မယ့် အခက်အခဲ များ၊ ကွန်ဒုံးကို စနစ်တကျ ဘယ်လို စွပ်ရမယ်၊ လိင်ဆက်ဆံမှုကနေ ရလာနိုင်တဲ့ ကူးစက်ရောဂါများ အကြောင်းနှင့် ဘယ်လို ကာကွယ်နိုင်မယ် ဆိုတဲ့ အချက်များ၊ လိုအပ်လို့ ပဋိသန္ဓေတားဆေး သုံးရတဲ့အခါ သုံးစွဲရပုံ၊ ကိုယ့် ရည်စား ယောက်ျားလေးက လိင်ဆက်ဆံဖို့ စည်းရုံးလာရင်၊ အဆင်သင့် မဖြစ်သေးေ ကြာင်း၊ မဖြစ်နိုင်ကြောင်း ဘယ်လိုငြင်းဆန် ရမလဲ စတာတွေ ပါဝင်တဲ့ ဆွေးနွေးပို့ချမှု တွေကို ပျော်စရာ ကစားနည်းတွေ၊ သရုပ်ပြ သင်ခန်းစာ တွေနဲ့ ပြုလုပ်ပညာပေးပါတယ်။
ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့လိုတဲ့ လိင်မှုဆိုင်ရာ ကိစ္စရပ်တွေကို တကယ့် ဆရာတွေ အစား အသက်အရွယ် သိပ်မကွာတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေက ဆရာတွေ အဖြစ် ပို့ချဆွေးနွေးတဲ့ အခါမှာ၊ သင်ယူတဲ့ ကျောင်းသားလေးတွေ အနေနဲ့ ပြောဆိုဆွေးနွေးဖို့ ပိုအဆင်ပြေပြီး၊ ပိုမိုနားလည် သဘောပေါက် လွယ်စေ ပါတယ်။
တွဲဖက်ပါမောက္ခ ကလျာကွန်က "ကျမတို့ ကျောင်းသားတွေက အခုမှ ၂၁၊ ၂၂ နှစ် လောက်ပဲ ရှိကြသေးတော့၊ သူတို့ ဆယ်ကျော်သက် အရွယ် လွန်ခဲ့တာ သိပ်မကြာကြသေးဘူး။" "ဒီတော့ သူတို့ ဆယ်ကျော်သက်မှာ တွေ့ကြုံခဲ့ရတဲ့ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ခံစား သိမြင် ခဲ့တာတွေကို အခုပညာပေး အစီအစဉ်မှာ ကျောင်းသားတွေ ထိထိရောက်ရောက် နားလည်နိုင်ဖို့ ဘယ်လို တင်ပြမလဲ ဆိုတာကို ကောင်းကောင်း သိကြတာပေါ့"
စူဝမ်ခိုလတ်ဝီထိရာလိုင်ကျောင်းက ၁၄ နှစ် အရွယ်၊ ရှစ်တန်း ကျောင်းသူ ဂျစ်ထရင်နတ်က အခုလို တက္က သိုလ်ကျောင်းသူ ကျောင်းသားတွေက လိင်မှုဆိုင်ရာ ပညာပေးကို လာသင်ကြ၊ လာဆွေးနွေးကြတဲ့ စိတ်ကူး ကို နှစ်သက်ကြောင်း ပြောပါတယ်။ အခု သင်ကြားမှု အစီအစဉ်ဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းရုံ တင်မက၊ ကျောင်းကဆရာတွေ သင်တာထက် ပိုထိရောက် ပါတယ်တဲ့။
"ကျောင်းက ဆရာ/ဆရာမတွေနဲ့ သင်ရင်တော့ အမြဲလိုလို သူတို့ ပြောတာ နားထောင် နေရတာဆိုတော့၊ ဘယ်လိုလုပ် ပြန်မေးခွန်း ထုတ်ရဲမှာလည်း" လို့ ဂျစ်ထရင်နတ်က ဆက်ပြောပါတယ်။ ဆယ်ကျော် သက်တွေ တွေ့ကြုံရနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက် ခံရမှု၊ မလိုလားတဲ့ ကိုယ်ဝန် ပြဿနာတွေ ဟန့်တားနိုင်ဖို့ရာမှာ မိသားစုဝင်တွေကြား ပွင့်လင်းတဲ့ ဆက်ဆံရေးက အရေးပါတဲ့ အချက်တချက် ဖြစ်ပြီး၊ ယင်း အလေ့အကျင့်ကို အားပေးဖို့သင့်ကြောင်း သင်တန်းပို့ချသူ ကူဘာရူဘီရာက ဆိုပါတယ်။
"ကောက်ခံရရှိတဲ့ အချက်အလက်တွေအရ ကျမတို့ဆီမှာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်နှုန်း က မြင့်လွန်းနေတယ် ဆိုတာကို အားလုံးသိနေကြတယ်။ တကယ်လို့များ ဖြစ်တဲ့ကိစ္စကို ကိုယ့်အိမ်မှာ၊ သား သမီးနဲ့ မိဘ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး နိုင်ခဲ့မယ် ဆိုရင်၊ အခုလို ဆယ်ကျော်သက် ကိုယ် ဝန်ဆောင်မှု အရေအတွက် ပိုနည်းပါလိမ့်မယ်။ ဒီတော့ ပြောဆိုဆက်ဆံရေးဆိုတာ အဓိကကျ မနေဘူး လား" လို့ သည်အစီအစဉ်မှာ ပါဝင်သူ မာဂျာကလည်း ပြောပါတယ်။ သမာဆပ်နဲ့ ပလန် ထိုင်းနဲ့ လက်မှတ် ထိုး သဘောတူညီချက်နဲ့ အလုပ်လုပ်ရာမှာ အချင်းချင်း အပြန်အလှန် ပူးတွဲ လုပ်ဆောင်ဖို့နှင့် ထိုင်း ကလေးတွေ အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းပေါင်းစုံ ရှာဖွေသွားဖို့ပါလို့ သူမကဆိုပါတယ်။
အခြားက ယဉ်ကျေးမှုပုံစံစုံ ရောယှက်လာတာနဲ့ အမျှ အမူအကျင့်ပေါင်းစုံနဲ့ ထိတွေ့ရမှုတွေ ပိုများလာတဲ့ အခြေအနေမှာ အသက်ငယ်ငယ်နဲ့ အတူနေတဲ့ကိစ္စ၊ လိင်ဆက်ဆံတဲ့ကိစ္စ တွေကို သာမန် ဖြစ်ရိုးဖြစ်စဉ်လိုမျိုး သဘောထားလာကြတယ်။ အခုလို သဘောထားမျိုးနဲ့ အံဝင်ဖို့ ဆိုရင်တော့ ကိုယ့်မိသားစုဝင် အချင်းချင်းကြား ဆွေးနွေးတိုင်ပင်မှုကို အခုထက်မက စောစော လုပ်သင့်ပါတယ်။
"ကလေးတွေ အိမ်မှာ အချိန်ပြည့်မရှိသလို၊ မိဘတွေကလည်း သူတို့ကို အချိန်ပြည့် ကြည့်မနေနိုင်ကြဘူး။ ဒီတော့ ကလေးတွေ ကျောင်းပြန်ချိန်၊ ကျောင်းပိတ်ရက်တွေမှာ ဘာလုပ်နေကြလဲ ဆိုတာ ကျမတို့ တကယ် မသိကြဘူး"။
"ကျမကတော့ သူတို့ကို အကာအကွယ် မပါပဲ ဆက်ဆံမိရင် ဘာဖြစ်နိုင်တယ်၊ ကိုယ်ဝန်ရနိုင်တယ်၊ ဒါတွေကို ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာ သူတို့ကို ပညာပေးထားခဲ့ရင် သူတို့အတွက် အကောင်းဆုံး ဖြစ်စေ လိမ့်မယ်။"
လိင်နှင့် ပတ်သက်တဲ့ ပညာပေးမှုမှာ ထိုင်းအစိုးရက ပိုပွင့်လင်းလာပါတယ်။ ပလန် အနေနဲ့ ချင်းရိုင်း၊ ချင်းမိုင်မြို့က ကျောင်းအချို့မှာ လိင်မှုဆိုင်ရာ ပညာပေး အစီအစဉ်တွေ လုပ်နေပါတယ်။ ကျောင်းတွေ ကိုယ်၌က သူတို့ ကလေးတွေကို ပွင့်ပွင့်လင်းလင်း ပညာပေးစေလိုကြတယ်။"
"ဒီပညာပေး အစီအစဉ်တွေကို မြို့ကြီးတွေနဲ့ ဆင်ခြေဖုံး ကျောင်းတွေမှာ လုပ်လာကြတာကို တွေ့နေရပါပြီ။ အခု ကျမစိုးရိမ်နေတာက တောင်ပေါ် တိုင်းရင်းသားတွေနဲ့ ကျောင်းမနေရတဲ့ ကလေးတွေပါ။ သူတို့တွေက ဘာမှအသိပညာ မရှိပဲ နေချင်သလို နေမိကြမှာပဲ။ ကျမတို့ သူတို့ကို ထိစပ်ဖို့၊ အသိပညာပေးဖို့ တကယ့်ကို လိုအပ်နေတယ်။"
ကနေ့ ထိုင်းဆယ်ကျော်သက်တွေကြား လိင်ပညာပေးမှု အောင်မြင်ဖို့ဆိုရင် နားလည်မှုနဲ့ လိုအပ်ချက်တွေ ကို ပံ့ပိုး နိုင်မှုက အခရာကျတာကို သူနှစ်နှစ်ကာကာ ယုံကြည်တယ်လို့ တက္ကသိုလ်ကျောင်းသူ မန်တနာက ပြောပါတယ်။
သူမကပဲ "မင်္ဂလာ မဆောင်ခင် အတူမနေသင့်ဘူး ဆိုတဲ့ အတွေးအခေါ်ကို နားလည်ပေးနိုင် ပါတယ်။ နောက်ထပ် စဉ်းစားမိတာက ကမ္ဘာပုံစံကလည်း အတော့်ကို ပြောင်းနေပြီ ဆိုတာပါ။"
"ဒီကနေ ဆယ်ကျော်သက်တွေကြား အကာအကွယ်မပါပဲ အတူနေ၊ အတူအိပ်ကြတဲ့ ကိစ္စက တကယ့်ကို နက်နက်ရှိုင်းရှိုင်း ဖြစ်နေတဲ့ ကိစ္စပါ။ ဒါကို လျစ်လျူရှု ပစ်မထားသင့်ဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ ကျမမြင် တာကတော့ ဖြစ်လာတဲ့ အပေါ် နားလည်မှုပေးနိုင်အောင် ကြိုးစားပေးပါ။ သူတို့ အပေါ် အပြစ် တင်နေ တာထက် စာရင်တော့ အဲဒီကလေးတွေကို ဘာလုပ်သင့်တယ်ဆိုတာကို လမ်းညွှန်သင်ပြပေးပါ။"
(Bangkok Post သတင်းစာပါ Arusa Pisuthipan ရေးသားသော Sex from Students' Perspective ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
http://www.bangkokpost.com/news/health/338826/sex-from-students-perspectives
မောက္ခ
0 comments:
Post a Comment