Saturday, July 20, 2013

တောင်ကုတ်မြို့၌ အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား သတ်ဖြတ်မှုအတွက် သံသယရှိသူ ခြောက်ဦးကို တစ်နှစ်ကျော် အကြာတွင် နေပြည်တော် မှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ) ဖမ်းဆီး စစ်ဆေးနေ

Posted by drmyochit Saturday, July 20, 2013, under | No comments

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ၂၀၁၂ ခုနှစ် ဇွန် ၃ ရက်က ဖြစ်ပွားခဲ့သော အစ္စလာမ် ဘာသာဝင် ၁၀ ဦးအား သတ်ဖြတ်မှုတွင် သံသယရှိသူ ခြောက်ဦးအား နေပြည်တော် မှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ)က ဖြစ်စဉ်ဖြစ် ပွားပြီး တစ်နှစ်ကျော် အကြာတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိပါသည်။ သံသယရှိသူ ခြောက် ဦးကို နေပြည်တော် မှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ)မှ ရဲမှူးစိုးမြင့် ဦးစီးပြီး ဇူလိုင် ၁၇ ရက်ညတွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့မှ (၁) ကိုလေးမောင်(ခေါ်)ထွန်းနိုင် (၃၃နှစ်)၊ (၂)ကိုစန်းကျော် (၃၂နှစ်)၊ (၃) ကိုဝင်းနိုင် (ခေါ်)မောင်ပု (၃၂နှစ်) (၄) ပေါက်စီ (ခေါ်) ကိုမင်းသိုက် ထွန်း (၃၀နှစ်)၊ (၅)ဦးထွန်းဝင်း (ခေါ်)ဘကြီး(၄၂နှစ်)၊ (၆)ကိုသိန်းရွှေမောင် (၃၃နှစ်)တို့ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ''လောလောဆယ်တော့ ကျွန်တော်တို့ အဲဒီအကြောင်းတွေ ဘာမှမသိသေးဘူး။ ရဲနဲ့သက်ဆိုင်တဲ့ အမှုဖြစ်တဲ့အတွက် မသိသေးတာပါ'' ဟု ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

''အခု ခြောက်ယောက် ဖမ်းသွားတယ် ဆိုတာကိုလည်း မိသားစုတွေဆီက သိရတယ်။ ညအချိန် ဖမ်းသွားတာဖြစ်လို့ ကျွန်တော်တို့ ဘာမှမသိလိုက်ဘူး'' ဟု တောင်ကုတ်မြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အဆိုပါ အဖမ်းခံထားရသူ ခြောက်ဦးအား သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်းလည်း စုံစမ်းသိရသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်ပြီး သိရှိမှု မရှိကြောင်း တာဝန်ကျသူ တစ်ဦးက ဇူလိုင် ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ပြောကြားသည်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှ ရခိုင်တိုင်းရင်းသူ မသီတာထွေးအား ဘင်္ဂါလီသုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်ကာ ပစ္စည်းများပါ လုယက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားအပြီး ခြောက်ရက်အကြာ သံတွဲမှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ရိုးမသစ္စာ ခရီးသည်တင် ဘတ်စကားပေါ်မှ ခရီးသွား အစ္စလာမ် ဘာသာဝင် ၁၀ ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

လူသတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး တစ်နှစ်ခန့်အကြာ သံသယရှိသူများကို ယခုကဲ့သို့ ပထမဆုံးအကြိမ် ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ''၂၀၁၂ ခုနှစ် မေ ၂၈ ရက်တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှ ရခိုင်တိုင်းရင်းသူ တစ်ဦးအား ဘင်္ဂါလီလူငယ် သုံးဦးမှ ရက်စက်စွာ မုဒိမ်းကျင့်၊ သတ်ဖြတ်ကာ ပစ္စည်းများပါ လုယက်ခဲ့သည့် ဖြစ်စဉ်မှ အစပြု၍ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများကြား၊ ပဋိပက္ခများ စတင်ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထိုသို့ ဖြစ်ပွားခဲ့ပြီး မကြာမီမှာပင် ထိုမှုခင်း ဓာတ်ပုံများသည် Internet Website များပေါ်သို့ ရောက်ရှိလာရာမှ သတင်းများ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့ပါသည်။ သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်၊ စာသား အသုံးအနှုန်းများနှင့် Online ပေါ်မှ မည်သူရေးသားမှန်း မသိနိုင်သည့် မှတ်ချက်များသည်လည်း မီးလောင်ရာလေပင့် ဖြစ်စေခဲ့ပါသည်။ ဤသတင်းများသည် အင်တာနက် အသုံးမပြုနိုင်သည့် မြို့ပြနှင့် ကျေးလက်ဒေသရှိ ရခိုင်လူထု အကြားသို့ပါ တောမီးပမာ မြန်ဆန်စွာ ပျံ့နှံ့ရောက်ရှိ သွားပါသည်။
    ထိုအခြေအနေ မတိုင်မီ ရက်ပိုင်းအတွင်းက တာဘလစ် ခေါ် အစ္စလာမ်နယ်လှည့် တရားဟောအဖွဲ့ တစ်ဖွဲ့သည် ရသေ့တောင်မြို့နယ်၊ စေတီပြင် ကျေးရွာသို့ ရောက်ရှိစဉ် ဗလီတစ်လုံး အမြန်ဆောက်လုပ်ရန်နှင့် လိုအပ်သည့် ထောက်ပံ့မှုများကိုလည်း စီစဉ်ပေးမည် ဖြစ်ကြောင်းကို တိုက်တွန်းပြောကြား သွားသည်ဟု သိရှိရပါသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသား အတော်များများက ထိုတာဘလစ်များအပေါ် လုံးဝကျေနပ်မှု မရှိခဲ့ကြကြောင်း ပြောဆိုကြပါသည်။ နဂိုမူလတည်းကပင် ဘင်္ဂါလီများအပေါ် စိုးရိမ်စိတ်၊ သံသယစိတ်တို့ဖြင့် စောင့်ကြည့်နေခဲ့သည့် ရခိုင်လူမျိုးများ၊ အထူးသဖြင့် ရခိုင်မျိုးချစ်စိတ် ပြင်းထန်တက်ကြွ သူများ၏ အမျက်ဒေါသကို ထိုအခြေအနေ အရပ်ရပ်က အထွတ်အထိပ်သို့ ရောက်အောင် တွန်းပို့လိုက် သကဲ့သို့ ဖြစ်သွားခဲ့ပါသည်။ ထိုအကြောင်းရပ်များသည် တစ်ဖက်တွင် ပြဿနာကို ဖန်တီးလိုသူများအား အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်စေခဲ့ပါသည်။ ထိုသို့ လူမျိုးရေး၊ ဘာသာရေးအသွင် လှုံ့ဆော်မှုများ ပြင်းထန်နေစဉ် (၃-၆-၂၀၁၂) ရက်နေ့၌ သံတွဲမှ ရန်ကုန်သို့ ထွက်ခွာလာသော ရိုးမသစ္စာ ခရီးသည်တင် ဘတ်စကားပေါ်တွင် ခရီးသွား အစ္စလာမ်ဘာသာဝင် ၁၀ ဦး ပါရှိလာသည်ဟု ဆိုပါသည်။ တောင်ကုတ်မြို့တွင် လူထုအုံကြွနေသည့် အခြေအနေများကို သိရှိထားသည့် (၂၁) မိုင်စခန်းမှ ရဲအကြပ်တစ်ယောက်က တောင်ကုတ်မြို့၌ အခြေအနေ မကောင်းသောကြောင့် ဆက်လက် မသွားသင့်ကြောင်း တားဆီးခဲ့သည်ဟု သိရပါသည်။ သို့ရာတွင် ၎င်းရိုးမသစ္စာ ဘတ်စကားမှာ တောင်ကုတ်သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်ဟု ဆိုပါသည်။ တောင်ကုတ်မြို့ အ၀င်တွင် ဘီးခွန်စခန်းမှ လူတစ်ယောက်က မြို့ထဲသို့ မ၀င်ရန်နှင့် သံတွဲသို့ ပြန်လှည့်မောင်းနှင်ရန် သတိပေးခဲ့ သေးသည်ဟု သိရှိရပါသည်။ သို့သော်လည်း ၎င်းဘတ်စကား ဆရာက တောင်ကုတ်မြို့ထဲသို့ အတင်းမောင်းဝင် လာခဲ့ရာ အဝေးပြေးကားဝင်းသို့ အရောက်တွင်မှ အခြေအနေ မကောင်းသည်ကို သိရှိသွားသဖြင့် ကားဝင်းမှ ပြန်လည် ထွက်ခွာလာစဉ် တောင်ကုတ်မြို့ထဲတွင်ပင် စိတ်ခံစားမှု ပြင်းထန်နေသော လူစုလူဝေးမှ အကျိုးအကြောင်း ဆင်ခြင်စဉ်းစားခြင်း မပြုနိုင်တော့ဘဲ ကားပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား ရက်စက်စွာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ် လိုက်ကြပါသည်။ ထိုဖြစ်စဉ်မှ အစပြု၍ ရခိုင်ပြည်နယ်ရှိ မြို့ရွာဒေသ အများအပြားတွင် ရခိုင်နှင့် ဘင်္ဂါလီ လူမျိုးစု နှစ်စုအကြား အခြေအနေများမှာ ပိုမို တင်းမာ လာခဲ့ပါသည်'' ဟု ဖော်ပြထားသည်။
   
အဆိုပါ ဖြစ်စဉ်များ ဖြစ်ပေါ်ပြီးနောက် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဇွန်လနှင့် အောက်တိုဘာလတွင် နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉၂ ဦးသေဆုံးကာ ၂၆၅ ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့သည်။ ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ် ဖြစ်ရပ်အမှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး တို့အတွက် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၁၂ ခုနှစ် ဇွန် ၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်