Wednesday, July 10, 2013

မန္တလေးကျုံးပတ်လည် ညအချိန် မိန်းမလျာများကို စတင်အရေးယူ

Posted by drmyochit Wednesday, July 10, 2013, under | No comments





မန္တလေး၊ ဇူလိုင် ၉

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေ အနှစ်များတွင် တစ်ခုအပါအဝင်ဖြစ်သော မန္တလေးမြို့တော် ကျုံးဘေး ပတ်ဝန်း ကျင် လမ်းမများတွင် ညအချိန် လာရောက် စုဝေးလေ့ရှိသည့် မိန်းမလျာများကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်း ရဲအက်ဥပဒေအရ စတင် အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ် ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကျုံးဘေးပတ်လည်တစ်လျှောက် တွင် မိန်မလျာများသည် အမျိုးသားများနှင့် ဖက်လှဲတကင်း ပြုလုပ်ခြင်း၊ မြှူ ဆွယ်ခြင်း၊ အများသူငါ သွားလာသည့် လမ်းပေါ်တွင် စိတ်အနှောင့်အယှက် ဖြစ်စေရန် ပြုလုပ်လျက် ရှိခြင်း တို့ကြောင့် ဇူလိုင်လ ၇ ရက်နေ့ ည ၉ နာရ်ီခန့်က မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တိုင်းမှုခင်း အကူ ဌာန တာဝန် ရှိသူများနှင့် သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေးမှူး များဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ မိန်းမ လျာ ကိုးဦး ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိ ရသည်။

"ဒါက လူအခွင့်အရေး ချိုးဖောက်ခံရတာပါ၊၊ ယူနီဖောင်းဝတ်ပြီးတော့ ဖမ်းတာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ သတိလာပေး ခြင်းလည်း မရှိဘူး။ လူထုကြားထဲမှာတင် ဆံပင်အတုတွေကို ဆွဲဖြုတ်တယ်။ ရိုင်းပျတဲ့ အမူအရာတွေနဲ့ ဆက်ဆံတယ်။ ဒါပေမဲ့ ဒီနေရာကို မလာနဲ့လို့ ပြောလို့တော့ရမယ်။ တခြားနေရာမှာတော့ ထပ်ရှိနေမှာပဲ။ ကျွန်မတို့တွေ အတွက် နေရာတစ်ခု သတ်မှတ်ပေး စေချင်တယ်" ဟု မြန်မာနိုင်ငံ လိင်တူချစ်သူ များကွန်ရက်မှ မန္တလေးတိုင်းဒေသကြီး ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

အဆိုပါ မိန်းမလျာများကို ဖမ်းဆီးစဉ် ထွက်ပြေးကြ၍ ၄င်းတို့ကို ဖမ်းမိစေရန် ကြိုးပမ်းရ သည့်အတွက် ဆံပင်တုကျွတ်ခြင်း၊ ထိခိုက်မိခြင်းတို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ၇ ရက်နေ့ညက ဖမ်းမိသည့် မိန်းမလျာများကို ကိုယ်တိုင်ဝန်ခံ ကတိထိုး ခိုင်း၍ ပြန်လွှတ်လိုက်ပြီး နေ့စဉ် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း မှုခင်းအကူဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
"ခေါ်သွားတုန်းက ဆိုရင် ပါးရိုက်တယ်။ ဖားခုန် ခုန်ခိုင်းတယ်။ မဖွယ်မရာတွေ လုပ်တယ်။ မော်ဒယ်လ်ရှိုး လျှောက်ခိုင်း တယ်။ ကပြခိုင်းတယ်။ ဖိနပ်တိုက်ခိုင်းတယ်။ ဘယ်သူ့ကို သွားတိုင်ရမလဲ မသိဘူး။ တစ်ကိုယ်လုံး နာကျင်နေတာပဲ" ဟု အဆိုပါ နေ့တွင် ဖမ်းဆီးခံရသူများ၌ ပါဝင်သူ မိန်းမလျာတစ်ဦးက ဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသည့် မိန်းမလျာ ကိုးဦးကို တစ်ဦးချင်းအလိုက် မှတ်တမ်း ဓာတ်ပုံရိုက်ကြောင်း၊ မိဘများထံသို့ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူ၍ နောင်တွင် ယင်းကဲ့သို့ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ခံဝန်လာရောက် ထုတ်ယူသည့်မိဘ/အုပ်ထိန်းသူများ အနေနှင့် မိမိတို့၏ သားသမီးများကို အများသူငါ သွားလာသည့်လမ်းပေါ်တွင် အနှောင့်အယှက် ဖြစ်စေရန် မပြုလုပ်ရန် အတွက် ဆိုဆုံးမကြရန် မှာကြားပြီး လေးဦးကို ကိုယ်တိုင်ဝန်ခံချက်ဖြင့် လွှတ်ပေးကာ ငါးဦးကို မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း အဆိုပါရုံးထံမှ ထပ်မံသိရသည်။

ဇူလိုင်လ ၇ ရက်နေ့ ည ၁၁ နာရီ အချိန်ကလည်း ကျုံးဘေး ၂၆၊ ၆၆ x ၆၈ လမ်းကြားတွင် မိန်းမလျာများကို ရှင်းလင်းရာ မိန်းမလျာနှစ်ဦးကို တွေ့ရှိရပြီး ၄င်းတို့ကို မှောင်ရိပ်ခိုမှု ရဲအက် ၃၅ (ဂ) အရ နယ်မြေ ရဲစခန်း (အမှတ် ၃) တွင် အမှုဖွင့်ဆောင် ရွက်ခဲ့ကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

"ကောင်းပါတယ်။ ကျွန်မတို့တောင် ညနေခင်း၊ ညဘက် ကျုံးဘေး သွားမထိုင်ရဲဘူး။ ရာသီဥတုကလည်း ပူတော့ သွားချင်တယ်။ မသွားရဲဘူး။ နောက်မိန်းမလျာတွေရဲ့ နားမှာကို ပြည့်တန်ဆာလုပ်တဲ့ သူတွေလည်း တွေ့ရတယ်။ ဒီနေ့ညနေ စောင်းလေးမှာတောင် တွေ့မိသေးတယ်။ အခုလို လုပ်လိုက်တာ အရမ်းကို ကောင်းပါတယ်" ဟု အသက်၂၅ နှစ်အရွယ်ရှိ မန္တလေး မြို့ခံ အမျိုးသမီးတစ်ဦးက ဇူလိုင်လ ၈ ရက် နေ့တွင် ပြောဆိုသည်။

အဆိုပါ မိန်းမလျာများကို ဖမ်းဆီးမှု များအရ ဇူလိုင်လ၈ရက်နေ့ ည၁၀နာရီခန့် ကလည်း ချမ်းအေးသာစံမြို့နယ် ဆီဒိုနားထောင့် ကျုံးဘေးတွင် ကျုံးဘေး မှောင်ရိပ်ခိုမှုဖြင့် မိန်းမလျာသုံးဦးကို နယ်မြေရဲစခန်း အမှတ်(၃) က ရဲအပ် ၃၅ (ဂ) အရ အမှုဖွင့် အရေးယူခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်