Wednesday, July 10, 2013

၁၉၄၉ခုနှစ်ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပြန် လည်ပြင်ဆင်ရေးဆွဲရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

Posted by drmyochit Wednesday, July 10, 2013, under | 1 comment


၁၉၄၉ ခုနှစ် ပြည့်တန်ဆာ   နှိပ်ကွပ်ရေးအက်ဥပဒေ အရ တစ်နှစ်လျှင် အရေးယူခဲ့သည့် မှုခင်း အရေအတွက်၊ အရေးယူခံရသည့် အမျိုးသမီးငယ်များအား ကျန်းမာရေး၊ လူမှုရေးရှုထောင့်မှ ကူညီထားခြင်းနှင့်၁၉၄၉ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပြန်လည်ပြင်ဆင် ရေးဆွဲရန် အစီအစဉ် ရှိ/မရှိတို့ နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ပြည့်တန်ဆာဆိုသည်မှ ဗုဒ္ဓခေတ်ကတည်းကရှိခဲ့ပြီး၊ ဒီနေ့ခေတ်မှာလည်း ကမ္ဘာနိုင်ငံအသီးသီးတွင် ပြည့် တန် ဆာ များ ရှိနေပါကြောင်း၊ ဘာသာရေး အထိန်းအကွပ်ကြောင့် ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုးတဲ့နိုင်ငံနှင့် မဖွံ့ဖြိုးတဲ့နိုင်ငံ သာလျှင် ကွာခြားလျှက် ရှိရာ ပြည့်တန်ဆာများနှင့် ပတ်သက်သော ဥပဒေတွေများကိုလည်း ကမ္ဘာနိုင်ငံအများစုတွင် ပြဋ္ဌာန်းထားကြပါကြောင်း၊ အာရှဒေသတွင် ဂျပန်၊ တရုတ်၊ ထိုင်း၊ စင်ကာပူနိုင်ငံတွင် ယင်းလုပ်ငန်းများကို တရားဝင်ဈေးကွက် အဖြစ်ကို သတ်မှတ်ပေးထားပါကြောင်း၊ ဤ ကိစ္စ ရပ်များမှာ မလွန်ဆန်နိုင်သော လူတန်းစားများအတွက် သီးခြား သတ်မှတ်ပေး ထားခြင်း လည်းဖြစ် ပါကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို ပြည့်တန်ဆာမှာ အနည်းနှင့် အများရှိနေကြပြီး၊ မြန်မာနိုင်ငံတွင်လည်း ပြည့်တန် ဆာ ဆိုသည်မှာ ခေတ်အဆက်ဆက်က ရှိခဲ့ပြီး ယခုအချိန်ထိ လျော့နည်းပပျောက်သွားခြင်း မရှိသေး ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဆင်းရဲမွဲတေမှုပြဿနာနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါး မှုကြောင့် လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိသော်လည်း လုံလောက်မှု မရှိသည့် အမျိုး သမီး များ ရရှိသော လုပ်အားခများကြောင့် လည်းကောင်း တချို့သော အမျိုးသမီးများမှာ ဤဘဝကို ရောက်ရှိသွား ခဲ့ရပါကြောင်း၊ ငွေကိုလွယ်လွယ်ရလိုမှု အလုပ်အကိုင်မရှိလို့ လုပ်ရာကနေ နစ်မွန်းသွားပြီး မထူး ဇာတ် ခင်းကြသော သူများလည်း အများကြီးရှိသလို၊ ကောင်းရာ ကောင်းကြောင်းလုပ်ကိုင်ပြီး ဒီဘဝက ရုန်းထွက် ချင်သူများလည်း အများကြီးရှိပါကြောင်း။

၁၉၄၉ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် အတည်ပြုခဲ့သော ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေသည် တချို့နေ ရာ များတွင် ဥပဒေကို လက်တစ်လုံးခြား ကျင့်သုံးနေသော တာဝန်ရှိသူ တချို့ကြောင့် ပြည့်တန်ဆာများ အနေဖြင့် လည်း ပိုမိုနစ်နာခဲ့ရပါကြောင်း၊ ဒီပြည့်တန်ဆာပပျောက်ရေးဥပဒေကို အလွဲသုံးသူတချို့ကိုလည်း ပြည့်တန် ဆာများအနေဖြင့် ရင်ဆိုင်နေကြပါကြောင်း၊ “စီမံချက်ရှိလို့ မကျေနပ်ရင် ကွန်ဒုံးဆောင် ထားလို့ဖမ်း၊ အဖမ်းခံ ရမှာစိုးလို့ ကွန်ဒုံးမဆောင် ဒါနဲ့ပဲ ကျွန်မတို့မြန်မာနိုင်ငံမှာ HIV ရောဂါသည်တွေ များပြား လာခဲ့ရပါတယ်။” အင်းစိန်ထောင်တွင် HIV ရောဂါသည်များမှာ ၂ ရက်ကို ၁ ယောက်နှုန်းဖြင့် သေ ဆုံးနေကြ ရသည်ကို မိမိ အနေဖြင့် သိမြင်ခဲ့ရပါကြောင်း၊ အခြေအနေဆိုးလို့ သေဆုံးခါနီးကျမှ ထောင် ကနေ တစ် ဆင့် ဆေးရုံကို တင်ကြရရာ ဆေးရုံရောက်မှ သေဆုံးသွားရသည့် သူများလည်းရှိပါကြောင်း၊ တချို့ထောင် ကိုရောက် လာပြီးမှ စစ်ဆေးလို့ HIV ရောဂါပိုးစစ်ဆေးတွေ့ရှိရသော လူများကို တွံတေးရှိ အမျိုး သမီး စောင့်‌ရှောက်ရေးစခန်းသို့ ပို့ထားသော်လည်း ရောဂါသည် အားလုံးမှာလည်း ဤနေရာသို့ မရောက် ရှိ နိုင်ပါကြောင်း၊ ဒါ့အပြင် ပြည့်တန်ဆာဥပဒေတွင် ကျူးလွန်တာချင်းအတူတူ အမျိုးသားများမှာ ၎င်းပြစ်မှု တွင် ဖက်စပ်ပါဝင်သည်လည်းဖြစ်ပြီး ပုဒ်မ ၁၄ အရ တရားသူကြီးရှေ့တွင် စုံလင်စွာ ဖော်ပြနိုင်ရင် ဤဥပဒေ အရ ပြစ်ဒဏ်မှ ကင်းလွတ်စေရမည်ဟု ဖော်ပြထားချက်အရ လိင်အရောင်းအဝယ် လုပ်သူချင်း အတူ တူ လိင်ကိုရောင်းစားသူ အမျိုးသမီးကတော့ ပြစ်မှုမြောက်ပြီး လိင်ကို ဝယ်ယူသူ အမျိုးသားမှာတော့ ပြစ်မှု မမြောက်ခြင်း ရှိသည်ကိုတွေ့ရှိရသည့်အတွက် ဤအချက်မှာ ပြန်လည်ပြုပြင်သင့်သော အချက် အဖြစ် ထင်မြင် မိပါကြောင်း၊ ထို့အတွက်ကြောင့် မိမိတို့အနေဖြင့် ပြည့်တန်ဆာများကို ထိန်းသိမ်းရန် စဉ်းစား ရ မည်ဖြစ်ပါကြောင်း၊ ယင်းအလုပ်လုပ်သူများကို ကျန်းမာရေးအရ စစ်ဆေးပြီး လိင်နဲ့ ပတ် သက်သော ရောဂါများ ကူးစက်ပြန့်ပွားမှု မရှိအောင် ကျန်းမာရေးစောင့်ရှောက်မှု များကို တရားဝင် ခွင်ပြုပေး မည်လား၊ သို့မဟုတ် ပြည့်တန်ဆာ ဆိုသော်လည်း နိုင်ငံသားတစ်ဦးဖြစ်သည့်အတွက် နိုင်ငံသား တစ်ဦး ရပိုင်ခွင့်‌ရှိသော တရား ဥပဒေနှင့် အခွင့်အရေးများကို ရနိုင်အောင်ဆောင်ရွက်ပေးနိုင်မည်လား၊ ထို့ပြင် ကလေး သူငယ် အရွယ်များ မုဒိမ်းကျင့်ခံရတာတွေ၊ မိကောင်းဖခင် အမျိုးသမီးလေးများအပေါ်တွင် ပစ်မှတ် ထားနိုင်သော အမျိုးသားများ၏ အန္တရာယ်မှ အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားပြီး မုဒိမ်းမှု အန္တရာယ် ကိုလည်း အတိုင်းအတာတစ်ခုအထိ လျော့နိုင်မည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါကြောင်း၊ ထို့အ တွက်ကြောင့် အောက် ပါမေးခွန်း များကို မေးမြန်းလိုပါကြောင်း-

    ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အစိုးရလက်ထက်တွင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအရ တစ်နှစ်လျှင် အရေးယူခဲ့သော မူခင်းအရေအတွက် မည်မျှရှိပါသနည်း။
    အဆိုပါ မူခင်းများဖြစ်ပွားရခြင်းမှာ နိုင်ငံတော်၏ ဆင်းရဲမွဲတေမှုပြဿနာနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာ တို့ကြောင့် ပြည့် တန်ဆာ မူခင်းအများစု ဖြစ်လာပြီး ဖမ်းဆီးပြစ်ဒဏ်ပေးရုံဖြင့် ပြည့်တန်ဆာ လုပ်ငန်း၊ ပြည့်တန် ဆာအရေအတွက်တွေ များပြားလာ ခြင်းကို ဟန့်တားနိုင်မည်လား။
    ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေအရ အရေးယူခံရသော အမျိုး သမီးများမှာ အကျဉ်းထောင် အတွင်းမှာ HIV,AIDS ရောဂါ ပပျောက်ရေးအတွက်လည်းကောင်း၊ ဘဝသစ်ပြန်လည် ထူထောင်ရေး အတွက် လည်းကောင်း ကျန်းမာရေး၊ လူမှုရေးရှု ထောင့်မှရှုမြင်ပြီး ထောင်မှ ပြန်လည် လွတ်မြောက် လာသည့် အခါ မည်ကဲ့သို့ ကူညီထားပါသနည်း။
    အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်သောအခါ မူလပြည့်တန်ဆာလုပ်ငန်းကို ပြန်လည်မရောက် ရှိနိုင်ရေး အတွက် နိုင်ငံတော်မှ မည်ကဲ့သို့ စီမံထားရှိပါသနည်း။
    ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအရ ယနေ့ခေတ် ကာလနှင့် လိုက်လျော်ညီထွေမှု မရှိသည့်  အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားချက် 



၁၉၄၉ ခုနှစ် ပြည့်တန် ဆာနှိပ်ကွပ်ရေး အက်ဥပဒေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အာဏာ သက်ရောက်ပြီး ယနေ့အထိ ကျင့်သုံးနေသော ဥပဒေဖြစ်ပါသည်။ ပြည့်တန်ဆာအဖြစ် အသက်မွေး ဝမ်းကျောင်းခြင်း ကို မြန်မာ့ ယဉ်ကျေးမှုအရ လူမှုရေး နယ်ပယ်တွင်လက်မခံသည့်အတွက် ထိရောက်စွာ အရေး ယူနိုင် ရန် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေး အက်ဥပဒေကို ပြဋ္ဌာန်း ခဲ့ရာ ပြည့်တန်ဆာ အဖြစ် အသက်မွေးခြင်းမှာ စီးပွားရေး၊ လူမှုရေးအကြောင်းတရားများနှင့် ဆက်စပ်ပေါ်ပေါက် ရခြင်းဖြစ် သည့် အတွက် ၁၉၅၆ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေး ပြင်ဆင်ချက် အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဥပဒေ၏ အမည်ကို ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအဖြစ် ပြင်ဆင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ရာဇဝတ်ပြစ်မှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် ပြည့်တန်ဆာ လုပ်ငန်း များကို ဖမ်းဆီးအရေးယူခဲ့ရာ ပြည့်တန်ဆာဖမ်းဆီးမှု၊ အရေးယူမှု အရေအတွက်မှာ ၂၀၁၁ ခုနှစ်မှာ ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ်မှာ ၃၂၂၆ မှုနဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ၆၄၀ မှုကို အရေး ယူခဲ့ ပါကြောင်း၊ ပြည့်တန်ဆာအမှုနှင့် ပြစ်ဒဏ်ကျခံရသူများမှာ အကျဉ်းထောင်မှာဖြစ်စေ၊ အမျိုး သမီးပြုပြင် ထိန်းသိမ်း သင်တန်းကျောင်းမှာဖြစ်စေ၊ ပြန်လည်ထူထောင်ရေး စခန်းများမှဖြစ်စေ ကျခံရသော ပြစ်ဒဏ် ကာလအတွင်းမှာ စည်းကမ်းတကျဖြင့် နေထိုင်ကြရပါကြောင်း၊ လူ့သဘာဝအရ လွတ်လပ်စွာနေ ထိုင်လို သည့်ဆန္ဒကို မခံစားရသည့် အတွက် နောင်ထပ်ပြစ်မှုကျူးလွန်ရန် မသင့်ကြောင်း အသိပညာ ရစေဖို့ ဖမ်းဆီးပြစ် ဒဏ်ပေးခြင်းအားဖြင့် ပြည့်တန်ဆာလုပ်ငန်းကို ထိုက်သင့်သော ပမာဏတစ်ခုအထိ ဟန့်တားနိုင် မှာဖြစ်ပါကြောင်း၊ ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်ရှားပါးမှုပြဿနာ တမှာ ပြည့်တန်ဆာ တိုး ပွားစေသော အကြောင်းများဖြစ်သည်ဟု ဆိုနိုင်သော်လည်း ကိုယ်ကျင့်တရားပေါ် မှာတန်ဖိုးထားမှု စံနှုန်းလျော့ ပါးခြင်း ပြောင်းလဲလာတဲ့ခေတ်အရ လူမှုဆက်ဆံရေးခြေအနေ လွတ်လပ် ကျယ်ပြန့်လာခြင်း စသည့် အခြား အကြောင်း တရားများလည်း ရှိနေသည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အလုပ် အကိုင် အခွင့် အလမ်း ရွေးချယ်နိုင်သော အခြေအနေများတွင် ရိုးသားကြိုးစားစွာ လုပ်ကိုင် စားသောက် လိုစိတ် မရှိဘဲ လွယ်လွယ်နှင့်ငွေရသော ပြည့်တန်ဆာ လုပ်ငန်းကိုသာ ရွေးချယ်ကြ သူများလည်း ရှိကြောင်းကို လေ့ လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ ပြည့်တန်ဆာလုပ်ငန်းနှင့် ပြည့်တန်ဆာတို့ကို ဥပဒေ ပြဋ္ဌာန်းပြီး အရေးယူ အပြစ်ပေးခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်း ပပျောက်သွားမည်ဟု မဆိုနိုင်သော်လည်း အတိုင်း အတာ တစ်ရပ်အထိ ဟန့်တားမှုဖြစ်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါကြောင်း၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက် ဥပဒေ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော အမျိုးသမီးများကို အကျဉ်းထောင်သို့ ရောက်ရှိနေသည့် အချိန် မှစပြီး အကျဉ်းထောင်လုပ်ထုံးလုပ်နည်းအရ မှတ်တမ်းတင် ဆောင် ရွက်ပြီး အကျဉ်းထောင် ဆရာဝန်နှင့် ကျန်းမာရေး စစ်ဆေးခြင်းကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန ခုခံကျကာလသား ရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေအရ အရေးယူခံရတဲ့ အမျိုးသမီးငယ်များကို HIV, AIDS ရောဂါ ပပျောက်ရေးအတွက် ကျန်းမာရေး ပညာပေးခြင်းနှင့် လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ နှစ်သိမ့် ဆွေးနွေးပညာပေးခြင်းနှင့် သွေး စစ်ဆေးခြင်း ကာလ သားရောဂါနှင့် HIV, AIDS ရောဂါပိုးတွေ့ရှိသူ များကိုဆေးကုသပေးခြင်း၊ ပြုစုစောင့် ရှောက်ခြင်း စသော လုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အကျဉ်းထောင်မှ လွတ်မြောက် ပြီး ပြည့်တန်ဆာလုပ်ငန်း ပြန်လည်မလုပ်ကိုင်နိုင်စေရေး အတွက် ပြစ်ဒဏ်ကာလအတွင်း စာကြည့် တိုက်မှာရှိ စာအုပ်များ ဖတ်စေခြင်း၊ အသိပညာပေးခြင်းနှင့် ဇာထိုး၊ ပန်းထိုးလုပ်ငန်းများ၊ စက်ချုပ် လုပ်ငန်းများ၊ မျက်တောင့်တုလုပ်ငန်းများ၊ ဆံကေသာအလှပြင် သင်တန်း၊ မျက်နှာအလှပြင်သင်တန်း၊ ကွန်ပျူတာ သင်တန်း၊ အကသင်တန်း၊ ဒီဇိုင်းနာသင်တန်း၊ ‘အ’ သုံးလုံးသင်တန်းပေးခြင်းများ ဆောင်ရွက်ပေး လျက် ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနသို့ ရောက်ရှိလာသော ပြည့်တန်ဆာနှိပ် ကွပ်ရေး အက်ဥပဒေအရ အရေးယူခံထားရတဲ့ အသက် ၁၈ နှစ် အောက် အမျိုးသမီးများကို အသက်မွေး ဝမ်း‌ကျောင်း ပညာများ သင်ကြားပေးပြီး လူမှုအသိုင်းအဝန်း အတွင်း ပြန်လည်ဝင်ဆံ့နိုင်ရန် မိမိဘဝရပ် တည်နေ ထိုင်ရေး လေ့ကျင့်ပေးရန် ဆေးဝါး ကုသမှု ခံယူရန် စိတ်ဓာတ်ကြံ့ခိုင်မှု ရှိစေရန်နှင့် သင်တန်း ကာလ အတွင်း ပျော်ရွှင်စွာ နေထိုင်နိုင်ရန် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာန တွံ့တေးကို ၂၀၀၂ ခုနှစ်၊ အော က်တိုဘာလ ၅ ရက်နေ့မှာလည်းကောင်း၊အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန မန္တလေးကို ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ လည်းကောင်း ဖွင့်လှစ်ခဲ့ပါကြောင်း၊ အမျိုးသမီး များပြုစု စောင့်ရှောက်ရေး ဌာနများတွင် လူမှုရေးနှစ်သိမ့် ဆွေးနွေးပညာပေးခြင်းများကို သင်တန်း သူများအား တစ်ဦး ချင်း အုပ်စုလိုက် ဆွေးနွေးပညာပေးခြင်း၊ လူမှု အသိုက်အဝန်းသို့ ပြန်လည် ဝင်ဆံ့နိုင်ရေး အတွက် စိတ်ပိုင်း ဆိုင်ရာ မြှင့်တင်ပေးခြင်း၊ တရားထိုင်၊ တရား နာစေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေး အနေဖြင့် စာမတတ်သူများကို အခြေခံ ‘အ’ သုံးလုံး သင်ကြားပေးခြင်းနှင့် ပြင်ပမှ ဘဝရပ် တည်နိုင်ရန် အသက်မွေးဝမ်းကျောင်း ပညာရပ်များအဖြစ် စိုက်ပျိုးရေး၊ စက်ချုပ်၊ ဇာထိုးပန်းထိုး၊ ကြိုး ကျစ်နှင့်‌ တက်တင်း ပညာရပ်တွေကို အသက် မွေးဝမ်းပြုနိုင်သည်အထိ သင်ကြားပေးလျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတွင် ကျန်းမာရေးဦးစီးဌာနမှ လေ့လာသုတေသနပြုချက်များအရ ပြည့်တန်ဆာများ မှာ HIV, AIDS ရောဂါဖြစ်ပွားနှုန်းက ၂၀၀၀ ပြည့်နှစ်မှာ ၃၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၂ ခုနှစ် ၇.၁ ရာခိုင် နှုန်းအထိ ကျဆင်း လာသည်ကို တွေ့ရှိရ ပါကြောင်း၊  ရောဂါ ပိုးကူးစက်မှုမရှိစေရန် ကာကွယ်ရေးအတွက် ဦးတည် အုပ်စုများ မှာ ရာနှုန်းပြည့် ကွန်ဒုံးအသုံးပြုရေး စီမံချက် လုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှ စတင် ဆောင်ရွက် ခဲ့ရာ ၂၀၁၃ ခုနှစ်မှာ မြို့နယ်ပေါင်း ၈၆ မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည့်တန် ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၆ မှာ မည်သူမဆို မိန်းမတစ်ဦး တစ်ယောက်ကို ပြည့်တန် ဆာဖြစ်စေ ရန် သော်လည်းကောင်း၊ ပြည့်တန်ဆာ ကိစ္စအလို့ငှာ ပြည့်တန်ဆာအိမ်တွင် သွားရောက်နေ ထိုင်စေရန် သော် လည်းကောင်း၊ သွေးဆောင်ခြင်း၊ အနိုင်အထက်ပြုခြင်း ခံရဖွယ်ရှိသည်ကို သိလျက် နဲ့ဖြစ်စေ ထိုမိန်း မကို ပြည့်တန်ဆာမဟုတ်သော လက်ရှိအိမ်တစ်ခုမှ ထွက်ခွာသွားရန်သွေးဆောင်လျှင် ၁ နှစ်အောက် မနည်း  ၃ နှစ်ထက်အပိုသည့် ထောင်ဒဏ်စီရင်နိုင်စေ ရမည်လို့ ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၃၊ ပုဒ်မခွဲ ၆ မှာ ကာလသားရောဂါ စွဲကပ်လျက်ရှိကြောင်း တွေ့ရှိရ သောမိန်းမကို ခရိုင် ရာဇဝတ် တရား သူကြီး ၏ သို့တည်းမဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီး၏ သို့တည်းမဟုတ် အထူး အာဏာ လွဲအပ်ခြင်း ခံရသော ပထ မတန်း ရာဇဝတ်တရားသူကြီး၏ အမိန့်အရ သတ်မှတ်ထားသည့် ဌာနသို့ ပို့နိုင်ပြီး ထိုမိန်းမ ကို ရောဂါပျောက်ကင်းကြောင်း သက်သေခံရသည့် တိုင်အောင် ထိုဌာန၌ နေထိုင်ရမည်ဟု ပြဋ္ဌာန်းထား သည်ကို တွေ့ရှိ ရပါကြောင်း၊ အထို့အတွက်ကြောင့် ပြည့်တန် ဆာနှိပ်ကွပ်ရေး အက်ဥပဒေမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် လိုက်နာ ကျင့်သုံးနိုင် မှု ရှိနေသေးကြောင်းတွေ့ ရှိရသည့်အတွက် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအား ပြန် လည်ပြင် ဆင်ရေး ဆွဲ ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။


ဖြေကြား သည့် ဌာန         ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
လွှတ်တော်                        ပထမအကြိမ် ပြည်သူ့လွှတ်တော်
အစည်းအဝေး                ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး
မေးမြန်းသူ                     ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိ)
အစည်းအဝေးရက်            ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ (၉.၇.၂၀၁၃)

From: ပြည်သူ့လွှတ်တော်

1 comments:

အဲဒီကောင် လည်းဖါချဖူးမှာပါ

အင်္ဂလိပ်ခေတ်ကဟာ

အကုန်ကိုပြင် ရမှာ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်