Wednesday, July 10, 2013

ခြောက်လအတွင်း ထိုင်းသို့ လူကုန်ကူးခံရသူ ၁၂၀ ကျော်ရှိပြီး ဒုက္ခသည် စခန်းများတွင် နေထိုင်ကာ အမှုရင်ဆိုင် နေရသူများရှိ

Posted by drmyochit Wednesday, July 10, 2013, under | No comments



မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လူကုန်ကူး ခံရသည့် ဦးရေမှာ ယခုနှစ် ခြောက်လအတွင်း ၁၂၀ ကျော် ရှိကြောင်း သိရပြီး အချို့မှာ ဒုက္ခသည် စခန်းများတွင် နေထိုင်ပြီး အမှုရင်ဆိုင် နေရမှုများရှိကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြီးတန်း အကြံပေး ဦးထူးချ စ် က ပြော ကြားသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး အသင်းနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး ဖောင်ဒေးရှင်း(ထိုင်းနိုင်ငံ)တို့မှလူကုန်ကူးခံရမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင်ကူညီစောင့်ရှောက် မှုများ ပေးပြီး ပြုစုထားသည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ ယခုနှစ် ခြောက်လအတွင်း လူကုန်ကူး ခံရသည့် ဦးရေမှာ ၁၂၇ ဦး ရှိကြောင်း အကြီးတန်း အကြံပေး ဦးထူးချစ်က Daily Eleven သတင်းစာ သို့ ပြောကြားသည်။

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် မြန်မာလူမျိုးများနှင့် ပတ်သက်၍ ''ယခုနှစ် ခြောက်လအတွင်းမှာ ကူညီဆောင်ရွက် ပေးခဲ့တာ ၂၆ ကြိမ် ရှိပါတယ်။ လူကုန်ကူးခံရတဲ့ ဦးရေဟာ ၁၂၇ ဦး ရှိပါတယ်။ အဲဒီလို လူကုန်ကူးခံရတဲ့ သူတွေထဲမှာ မြန်မာပြည်ကို ပြန်ရောက်နေတဲ့ သူတွေလည်း ရှိပါတယ်။ အချို့က ဒုက္ခသည် စခန်းတွေမှာ နေထိုင်ရပြီးတော့ အမှုရင်ဆိုင် ရတာတွေလည်း ရှိတယ်'' ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) မှ အကြီးတန်း အကြံပေး ဦးထူးချစ်က ပြောကြားသည်။

ထိုင်းနိုင်ငံသို့ လူကုန်ကူး ခံရသူအများစုမှာ ငါးဖမ်းလှေများပေါ်တွင် ရှိပြီး တချို့ သူများမှာ စက်ရုံ၊ အလုပ် ရုံများတွင် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားခြင်း၊ လူကုန်ကူးသည့် ပွဲစားများ ၏ ခေါင်းပုံဖြတ်မှုများကြောင့် တရားမ၀င်လမ်းမှ ပြည်ပသို့ သွားရောက် လုပ်ကိုင်နေသူ အများစုသည် လူကုန်ကူးမှု အန္တရာယ် ရင်ဆိုင်နေရကြောင်း သိရသည်။

''လူကုန်ကူးခံရသူ အများစုဟာ ငါးဖမ်းလှေတွေထဲမှာ များတယ်။ စက်ရုံတွေမှာလည်း ရှိတယ်။ သူတို့တွေ ကျွန်တွေလို နှိပ်စက်ခံရတယ်။ ပင်လယ်ထဲမှာပဲ နေရတာ များတယ်။ နေထိုင်စားသောက် ရတာတွေက ဘယ်လိုမှ အဆင်မပြေဘူးလို့ ပြောကြတယ်။ စိတ်မထင်ရင် မထင်သလို နှိပ်စက်ခံရတယ်'' ဟု အကြီးတန်း အကြံပေး ဦးထူးချစ်က ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ သွားရောက် လုပ်ကိုင်သူများမှာ လူကုန်ကူးသည့် ပွဲစားများနှင့်တွေ့ ကာ ရောင်းစားခံရမှုများ ရှိနေပြီး ထိုင်းနိုင်ငံသို့ အများဆုံး ရောင်းစားခံရ သူများမှာတရားမ၀င်လမ်းကြောင်း များမှသွား၍ ရောင်းစားခံရခြင်းမျိုး ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ လူကုန်ကူး ခံရသူများအနက် အများစု အမျိုးသားများဖြစ်ပြီး ငါးဖမ်းလှေများတွင် အများဆုံး ရောင်းစားခံရကာ အမျိုးသမီးများမှာ ပြည့် တန်ဆာနှင့် အိမ်ဖော် အလုပ်များတွင် ရောင်းစားခံရကြောင်း သိရသည်။

ဦးထူးချစ်က''လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေမှာ အကူအညီပေးရာမှာ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် ခဲ့တာတွေလည်း ရှိပါတယ်။ အဓိကကတော့ ထိုင်းနိုင်ငံ အစိုးရနဲ့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ရတာ များပါတယ်'' ဟု ဆိုသည်။

၂၀၁၂ ခုနှစ်တွင် လူကုန်ကူးမှုပေါင်း ၁၁၉ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ ၂၅၉ ဦးရှိကြောင်း သိရသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်