Monday, August 12, 2013

အမေရိကန်တွင် ကရင်လူငယ်တစ်ဦး နေအိမ်၌ ဆွဲကြိုးချသေဆုံး

Posted by drmyochit Monday, August 12, 2013, under | No comments



အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် သြဂုတ်လ ၈ ရက်နေ့က ဒေသစံတော်ချိန် ည ၁၂ နာရီခန့် အချိန်တွင် ကရင်လူငယ် အမျိုးသားတစ်ဦးသည် မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဆွဲကြိုးချသေဆုံးသူ ကရင်လူငယ်အမျိုးသား၏ အမည်မှာ ကညောစိုး(Ka Nyaw Soe) အသက် ၂၅ နှစ် (ဘ) ဦးရဲထူး (မိ) ဟာ့စ်အ်လဲအ်ပို (Hse Lae Paw)တို့၏သား ဖြစ်ကြောင်း သိရသည်။

မိမိကိုယ်မိမိ အဆုံးစီရင်သေဆုံးသွားသည့် ကိုကညောစိုး။ မိမိကိုယ်မိမိ အဆုံးစီရင်သေဆုံးသွားသည့် ကိုကညောစိုး။

ကညောစိုး ကြိုးဆွဲချ အဆုံးစီရင်သည့် အချိန်၊ နေ့ ၊ လမှာ ၄င်း၏ အသက် ၂၅ နှစ် ပြည့်မြောက်သည့် အချိန်၊ နေ့ ၊ လ တို့နှင့် ထူးခြားစွာ တိုက်ဆိုင်နေကြောင်း ဖခင်ဖြစ်သူ ကရင်အမျိုးသား ဦးရဲထူး ပြောကြားချက်အရ သိရသည်။

ကညောစိုး ယခုလို ဆွဲကြိုးချ အဆုံးစီရင်ရသည့် အဓိကအကြောင်းရင်းခံမှာ မင်နီဆိုးတားပြည်နယ်ရှိ ၄င်း၏ချစ်သူရည်းစားနှင့် လက်ထပ် အိမ်ထောင်ပြုမည့်ကိစ္စနှင့် ပတ်သက်၍ သူတို့အချင်းချင်း စကားများ အဆင်မပြေဖြစ်ရခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဖခင်ဖြစ်သူ ဦးရဲထူးက သုံးသပ်သည်။

"သူက မင်နီဆိုးတားပြည်နယ်မှာ အလုပ်လုပ်ပြီးနေတော့ အဲဒီက သူနဲ့ ရွယ်တူ အမျိုး သမီး တယောက်နဲ့ ချစ် ကြိုက်နေကြ ပါတယ်။ ကျနော့်သား ကျနော့်အိမ်ကိုရောက်ရှိပြီးတဲ့ခါ အဲဒီက သူနဲ့ ချစ်ကြိုက်နေတဲ့ အမျိုးသမီးကို လက်ထပ်ယူဖို့ ကျနော့် ဆီမှာ ငွေရေးကြေးရေး အကူအညီတောင်းပါတယ်။ ကျနော်ကလည်း တတ်အားသရွေ့ ကူညီပေးပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။ နောက်တနေ့ မှာ ကျနော့်တို့ သိရတာက သူ့ချစ်သူအမျိုးသမီးနဲ့  လက်ထပ်အိမ်ထောင်ပြုမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ချင်း စကားများ၊ အဆင်မပြေတော့ပါဘူးဆိုပြီး သိရပါတယ်။ ဒီအကြောင်းကိစ္စအပေါ်မှာ အခြေခံပြီးတော့ သူ စိတ်ဓာတ်တွေကျပြီး သူ့ကိုယ်သူ ဆွဲကြိုးချသေသွားတာလို့ ကျနော်တို့က ယူဆထားကြပါတယ်" ဟု ဦးရဲထူးက ဆိုသည်။

အဆိုပါ ဆွဲကြိုးချ ကရင်လူငယ်အမျိုးသားသည် အမေရိကန်ပြည်ထောင်စု မြောက်ဖက်ခြမ်း မင်နီဆိုးတားပြည်နယ် (Minesota) ပြည်နယ်တွင် အလုပ်လုပ်ကိုင်နေရာမှ လွန်ခဲ့သည့် သြဂုတ်လ ပထမအပတ်တွင် ၄င်း၏ မိသားစု အခြေချနေထိုင်နေသည့် တက္ကဆက်ပြည်နယ် အမာရီလိုမြို့ သစ်ပင်စိမ်းရပ်ကွက်(Green Tree)ရှိ နေအိမ်သို့ အလည်အပတ်ရောက်ရှိလာပြီးနောက် တပတ်အကြာတွင် ထိုသို့ မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးရဲထူးက ပြောသည်။

ကညောစိုး ဆွဲကြိုးချ အဆုံးစီရင်သည့်အိမ်မှာ အမာရီလိုမြို့၊ သစ်ပင်စိမ်းရပ်ကွက် (GreenTree) ဆာ့ရာ့လမ်း၊ တိုက်အမှတ် ၂၊ အိမ်အမှတ် ၅၃၁၇၊ ၄င်း၏ဖခင် ဦးရဲထူး၏နေအိမ် အိပ်ခန်းအတွင်းရှိ အင်္ကျီ၊ ဘောင်းဘီနှင့် အ၀တ်အစားများ ချိတ်ဆွဲသည့် သစ်သားတန်းတွင် ၀ါယာကြိုးငယ်ဖြင့် လည်ပင်းစွပ်ကာ ခြေဖျားဆန့်ထိုင်ချလိုက်သည့်ပုံစုံဖြင့် ဆွဲကြိုးချ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

ကညောစိုး ဆွဲကြိုးချသတ်သေသည့် အင်္ကျီ၊ ဘောင်းဘီနှင့် အ၀တ်အစားများ ချိတ်ဆွဲသည့် သစ်သားတန်းမှာ အမြင့်ပေ ၃ ပေခွဲခန့်၊ အလျား ၅ ပေခွဲ ခန့်နှင့် လုံးပတ် ၁ လက်မခန့်ရှိပြီး၊ ဆွဲကြိုးမှာ တီဗွီနှင့်ဗွီဒီယိုအောက်စက်ကို ဆက်သွယ်အသုံးပြုသည့် ၀ါယာကြိုးငယ်ဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

ကညောစိုး ဆွဲကြိုးချ အဆုံးမစီရင်မှီ ညနေ ၁၁ နာရီခန့် အချိန်တွင် မင်နီဆိုးတားပြည်နယ်ရှိ ၄င်း၏ ချစ်သူနဲ့  အရုပ်မြင် အသံကြားနိုင်သည့် အိုအိုဗွီအိုအို (OOVOO-Chat Room) ဖြင့် ကွန်ပျူတာ အင်တာနက်မှနေ ဆက်သွယ်စကားပြောကြားခဲ့ကြောင်း ကညောစိုး ဆွဲကြိုးချ အဆုံးစီရင်ထားသည်ကို ပထဆုံးတွေ့ မြင်သည့် တစ်အိမ်တည်းနေထိုင်ကြသော အသက် ၁၈ နှစ်အရွယ်ရှိ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

"ကညောစိုးဟာ အိပ်ခန်းထဲကို ကြာသပတေးနေ့ ည ၁၁ နာရီအချိန်လောက်မှာ ၀င်သွားပါတယ်။ သူဝင်သွားပြီး ၁ နာရီလောက်အကြာ ၁၂ နာရီအချိန်လောက်မှာ ကျမသူ့ကို သွားကြည့်တော့ သူဆွဲကြိုးချ အဆုံးစီရင်ထားတာကို တွေ့ပါတယ်။ သူ့ရဲ့ရှေ့က လက်တော့ကွန်ပျူတာ အင်တာနက်ထဲမှာ မင်နီဆိုးတားပြည်နယ်မှာရှိတဲ့ သူ့ချစ်သူအမျိုးသမီးနဲ့ အိုအိုဗွီဗွီအို ချတ်ရုန်း (Chat Room) ကနေ ဆက်သွယ် စကားပြောခဲ့တာကိုလည်း ကျမတို့ တွေ့ရပါတယ်။ ကညောစိုးဟာ သူ့ကိုယ်သူ ဆွဲကြိုးချ အဆုံးစီရင်သွားတာကို အင်တာနက် အိုအိုဗွီအိုအို ချတ်ရုန်း ကနေတဆင့် သူ့ချစ်သူအမျိုးသမီးကို ပြသွားပုံရပါတယ်။ " ဟု ၄င်းအမျိုးသမီးငယ်က ဆိုသည်။

အခင်းဖြစ်ပွားပြီးနောက်တွင် မိသားစုဝင်များက အရေးပေါ်တယ်လီဖုန်းနံပါတ် နိုင်းဝမ်းဝမ်း ၉၁၁ ကို ဆက်သွယ်တိုင်ကြား ခေါ်ဆိုပြီးနောက် တာဝန်ရှိရဲဌာနမှ ရောက်ရှိလာခဲ့ပြီး သေဆုံးသူ ကညောစိုး၏ မိသားစုဝင်များထံမှ မေးမြန်းစစ်ဆေးချက်များရယူကာ ကညောစိုး၏ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးချက် ရယူရန်အတွက် အမာရီလိုမြို့၏ တောင်ဖက် ၁၂၃ မိုင်ခန့် ကွာဝေးသော လာ့ဘို့ခ်ဆေးရုံကြီး (Lubbock Hospital) သို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

ယခုအခါ ကညောစိုး၏ ရုပ်အလောင်းကို ရဲဌာနမှ လိုအပ်သည်များကို ဆရာဝန်၏ ခွဲစိတ် ဆေးစစ်ချက်မှတ်တမ်းများရယူလျက်ရှိနေပြီး၊ ရုပ်အလောင်း ပြန်ရရှိသည့်အခါမှသာ မည်သို့မည်ပုံ သင်္ဂြိုလ်သွားမည်ကို ကျန်ရစ်သူမိသားစုများက ၄င်းတို့ သက်ဝင်ယုံကြည်ကိုးကွယ်သော ခရစ်ယန်ဘာသာ အသင်းတော်၏ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ကာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
မြန်မာတိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့ စည်းတည်ထောင်ထားသော အမာရီလိုမြို့ "နာရေးကူညီမှုအသင်း" မှလည်း ကညောစိုး၏ ဈပနကို ငွေကြေးထောက်ပံ့မှုများနှင့် အခြားသော လိုအပ်မှုများကိုလည်း တတ်နိုင်သည့်ဖက်မှ ကူညီပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ ဦးကျော်သူရက ပြောသည်။

သေဆုံးသူ ကညောစိုးနှင့် သူ၏ မိသားစုမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က ထိုင်းနိုင်ငံ Maelahoo ဒုက္ခသည် စခန်းမှနေ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့သို့ ရွေ့ပြောင်းအခြေချ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူ ကညောစိုး၏ မိမိသားစုတွင် ကညောစိုးအပါအ၀င် မိသားစု ၉ ယောက်ရှိပြီး ကညောစိုးမှာ သားသမီး ၇ ယောက်အနက် တစ်ဦးတည်းသော သားအကြီးဆုံးဖြစ်သည်။ ကညောစိုး သေဆုံးချိန်တွင် ညီမ ၆ ယောက်နှင့်အတူ အဘ ဦးရဲထူး+အမိ ဒေါ်ဟာ့စ်အ်လာ့အ်ပို (Hse Lae Paw)တို့  ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ကညောစိုး၏ ဆွဲကြိုးချ အဆုံးစီရင်မှုမှာ အမာရီလိုမြို့ မြန်မာကွန်မြူနတီထဲတွင် တတိယမြောက် ဆွဲကြိုးချ အဆုံးစီးရင်မှုဖြစ်ပြီး ယင်းမတိုင်မှီ ၂၀၁၂ ခုနှစ်တွင် ဆယ်ကျော်သက်အရွယ် မြန်မာအမျိုးသမီးပျိုတစ်ဦးနှင့် သက်ကြီးပိုင်းအရွယ် ကရင်အမျိုးသားတစ်ဦးလည်း အလားတူ ဆွဲကြိုးချ အဆုံးစီရင်မှုမျိုး ဖြစ်ပွားခဲ့ကြောင်းလည်း မြန်မာအသိုင်းအ၀ိုင်းထံမှ သိရသည်။

arakan time

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်