Thursday, August 15, 2013

နိုင်ဂျီးရီးယား မွတ်ဆလင် အစွန်းရောက်များ ဗလီတွင်း ဝင်ရောက်ပစ်ခတ်၊ ဝတ်ပြုသူ ၄၄ ဦး သေဆုံး

Posted by drmyochit Thursday, August 15, 2013, under | No comments



နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နို ပြည်နယ်ရှိ ဗလီ တစ်လုံးတွင်း နံနက်ခင်း ဝတ်ပြု ကိုး ကွယ်ခြင်း ဆောင်ရွက်နေစဉ် ဒေသတွင်း အကြမ်းဖက် အဖွဲ့အစည်းမှဟု ယူဆရသူများက သေနတ်များဖြင့် ဝင်ရောက် ပစ်ခတ်သွားမှုကြောင့် ဘုရား ရှိခိုးသူ ၄၄ ဦး သေဆုံးသွားခဲ့ကြောင်း ပြည်နယ် အရာရှိများကို ကိုးကား လျက် BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။
ယင်းတိုက် ခိုက်မှု ဖြစ်ရပ်သည် သြဂုတ်လ ၁၁ ရက်နေ့ကတည်းက ဖြစ်ခဲ့ခြင်း ဖြစ်ပြီး နောက်တစ်ရက်မှ သတင်း များ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

သေနတ်သမားများသည် ဒေသတွင်း အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်မှ ဖြစ်သည်ဟု အာဏာပိုင်များက ယူဆကြပြီး အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းသည် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ၂၀၀၉ ခုနှစ်ကတည်းက လူထောင်ပေါင်းများစွာ သတ်ခဲ့ပြီး ဖြစ်သည်။

တိုက်ခိုက်မှုသည် ပြည်နယ် မြို့တော် မာဒူဂူရီ၏ ၂၂ မိုင် အကွာတွင် ရှိသော ကွန်ဒူဂါ အမည်ရှိသည့် မြို့လေးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူ ၄၄ ဦး သေဆုံးသွားသည့်အပြင် နောက်ထပ် ဘုရား ဝတ်ပြုသူ ၂၆ ဦးလည်း ဒဏ်ရာများ ရရှိထားကာ မြို့တော် မာဒူဂူရီ ဆေးရုံတွင် တင်ပို့ ကုသမှု ခံယူစေလျက် ရှိကြောင်း နိုင်ဂျီးရီးယား ပြည်တွင်း သတင်းစာ Daily Post က ဖော်ပြထားသည်။

ဗလီတွင်း တိုက်ခိုက်မှုကြောင့် အကူအညီခေါ်စဉ် သွားရောက်သည့် အရပ်သား ကင်းစောင့် လုံခြုံရေး အဖွဲ့မှ လေးဦးလည်း သေဆုံးသွားခဲ့ကြောင်း ယင်း အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

မာဒူဂူရီမြို့တော်နှင့် နီးသော ကျေးရွာ တစ်ရွာတွင်လည်း အလားတူ ဝင်ရောက် တိုက်ခိုက်မှု များကြောင့် အရပ်သား ၁၂ ဦး သေဆုံးသွားခဲ့ကြောင်း သတင်း ဖော်ပြချက်များက အတည်ပြု ထားသည်။

နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ်ခ် ဂျိုနသန်က နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်များကို အရေးပေါ် အခြေအနေ ကြေညာထားကာ အစ္စလာမ္မစ် စစ်သွေးကြွများကို ထိုးစစ်များဖြင့် နှိမ်နင်းခြင်းများ ပြုလုပ်လျက် ရှိသည်။

ဘိုကိုဟာရမ် အကြမ်းဖက် အဖွဲ့အစည်းသည် နိုင်ဂျီးရီးယား အစိုးရကို ဖြုတ်ချလိုပြီး မြောက်ပိုင်း ဒေသတွင် အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်လိုကြခြင်း ဖြစ်သည်။

ဘိုကိုဟာရမ် အကြမ်းဖက် စစ်သွေးကြွများသည် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကို တိုက်ခိုက်ခြင်း များ မကြာခဏ ပြုလုပ်တတ်ပြီး၊ ရံဖန်ရံခါ မွတ်ဆလင် ဗလီဝတ်ကျောင်းများကိုလည်း တိုက်ခိုက်လေ့ ရှိကြောင်း နိုင်ဂျီးရီးယားမြို့တော် လေဂို့စ် အခြေစိုက် BBC သတင်းထောက်က မှတ်ချက်ပြုသည်။

From : .. the voice

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်