Wednesday, September 11, 2013

ဓာတုလက်နက်များ လွှဲပြောင်းပေးရေး ရုရှားအစီအစဉ်ကို ဆီးရီးယား လက်ခံ

Posted by drmyochit Wednesday, September 11, 2013, under | No comments

ရုရှား၏ အဆိုပြုချက်ကို ဆီးရီးယားက လက်ခံလိုက်ခြင်းအပေါ် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် အစရှိသည့် အင်အားကြီးနိုင်ငံများက သတိဖြင့်သာ တုံ့ပြန်ခဲ့ကြ

ဆီးရီးယားအစိုးသည် ၎င်း၏ ဓာတုလက်နက်များအား နိုင်ငံတကာထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းပေးခြင်းဖြင့် အမေရိကန်ဦးဆောင်သည့် စစ်ရေး တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရေး ရုရှားနိုင်ငံ၏အစီအစဉ် အဆိုပြုချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး၏ အဆိုကို ကိုးကား၍ Interfax သတင်းဌာနက ပြောကြားသည်။ တနင်္လာနေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အလွန်ကောင်းမွန်သော ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ခဲ့ကြောင်း၊ ထိုနေ့ညနေပိုင်းမှာပင် ဓာတုလက်နက်များနှင့် ပတ်သက်၍ ရုရှား၏ အဆိုပြုချက်ကို မိမိတို့ လက်ခံလိုက်ပြီးဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ်ဒ် မူလမ်က အင်္ဂါနေ့တွင် ပြောကြားသည်။ ယခု သဘောတူညီမှုမှာ အမေရိကန်၏ ရန်လိုမှုမှ ရှောင်ထွက်လိုက်ခြင်းပင်ဖြစ်ကြောင်းလည်း ဝါလစ်ဒ်က ဖြည့်စွက်ပြောကြားသည်။

ရုရှားသည် ဆီးရီးယားအစိုးရအား ဓာတုလက်နက်များကို နိုင်ငံတကာထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းပေးပြီး နောက်ပိုင်းတွင် ဖျက်သိမ်းသွားရန် အဆိုပြုခဲ့သည်။ ဆီးရီးယားအစိုးရ၏ ယခုသဘောတူညီမှုကြောင့် အမေရိကန်လွှတ်တော်တွင် ဆုံးဖြတ်ရန်ရှိနေသော သမ္မတ အိုဘာမားက တင်ပြထားသည့် အကန့်အသတ်ဖြင့် စစ်ရေး တိုက်ခိုက်မှုပြုရန် အစီအစဉ်ကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ရုရှား၏ အဆိုပြုချက်ကို ဆီးရီးယားက လက်ခံလိုက်ခြင်းအပေါ် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် အစရှိသည့် အင်အားကြီးနိုင်ငံများက သတိဖြင့်သာ တုံ့ပြန်ခဲ့ကြသည်။ အမေရိကန်သမ္မတ အိုဘားမားက အကောင်းဘက်သို့ အသင့်အတင့် တိုးတက်မှုတစ်ခုဟု သုံးသပ် တုံ့ပြန်ပြောကြားလိုက်သည်။

ဓာတုလက်နက်များနှင့် ပတ်သက်၍ ရုရှား၏အဆိုပြုချက်ကို ဆီးရီးယားအစိုးရ အနေဖြင့် လက်ခံပါက စစ်ရေးအရ တိုက်ခိုက်မှုကို ဆိုင်းငံ့ထားနိုင်မည့် ၎င်း၏ သဘောထားကို အိုဘားမားက အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။ အိုဘားမားသည် ဆီးရီးယား၏ ဓာတုလက်နက်များနှင့် ပတ်သက်၍ ရုရှား၏ အစီအစဉ်ကို ကုလသမဂ္ဂတွင် ကြားနာဆွေးနွေးသွားရန် လိုလားကြောင်း ပြောကြားသည်။ ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့သည် ဆီးရီးယားအရေး ကုလသမဂ္ဂ၏ ကြားဝင်ဖြေရှင်းမှု ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်ရန် လာမည့်သီတင်းပတ် အင်္ဂါနေ့တွင် ဆွေးနွေးမည်ဖြစ်သည်။

ဆီးရီးယားအစိုးရက ဓာတုလက်နက်များကို နိုင်ငံတကာထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းပေးရန် သဘောတူညီခဲ့ပြီ ဖြစ်သော်လည်း ကလေးငယ် အများအပြားပါဝင်သော ဆီးရီးယားပြည်သူ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအပေါ် မည်သည့်အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း ရှင်းလင်းစွာ မသိရှိရသေးချေ။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကလည်း ယခု ကြားဝင်ဆောင်ရွက်မှုမှာ ဆီးရီးယားတွင် ဖြစ်ပွားခဲ့သည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုများအားလုံးအပေါ် စုံစမ်းစစ်ဆေးရေးအတွက် အဓိကလိုအပ်ချက် မပါဝင်ကြောင်း ပြောကြားသည်။ ကုလသမဂ္ဂ လက်နက်ကျွမ်းကျင်သူများ အနေဖြင့် ဆီးရီးယားသို့ ပြန်လည်သွားရောက်ကာ ၎င်းတို့၏ လုပ်ငန်းစဉ်ကို အပြီးသတ် ဆောင်ရွက်သင့်ကြောင်း၊ အမှန်တရားကို တွေ့ရမည်ဖြစ်ကြောင်းနှင့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုတွက် မည်သူတို့တွင် တာဝန်ရှိကြောင်း ဖော်ထုတ်တွေ့ရှိလာနိုင်မည်ဟု လက်ဗ်ရော့ဗ်က ဆက်လက် ပြောကြားသည်။

ထိုအတောအတွင်း ရုရှားနှင့် ဆီးရီးယားတို့ အနေဖြင့် ဓာတုလက်နက်များနှင့် ပတ်သက်၍ သမ္မတ ဘရှား အာဆဒ်ထံ အဆိုပြုခဲ့မှုနှင့် သဘောတူညီခဲ့မှုမှာ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြစေလိုသည်ဟု ဗြိတိန်နိုင်ငံက ပြောကြားလိုက်သည်။ ဆီးရီးယားအရေး ယခု ထွက်ပေါ်လာသည့် ကနဦးအခြေအနေများနှင့် ပတ်သက်၍ စစ်မှန်သည့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်းနှင့် ရရှိခဲ့သည့် သဘောတူညီချက်အတိုင်း ဆက်လက် အကောင်အထည်ဖော်ရန် ရုရှားနှင့် ဆီးရီးယားတို့တွင် အဓိက တာဝန်ရှိသွားပြီဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်၏ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။ ထို့အပြင် ဆီးရီးယားအရေး မေးခွန်းများစွာ ကျန်ရှိနေသေးကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားက ဆီးရီးယားကို ကမ်းလှမ်းခဲ့သည့် အဆိုပြုချက်မှာ အကောင်အထည်ဖော်ရန် အလွန်ခက်ခဲလိ့မ်မည်ဖြစ်ကြေင်း သတိပေးသည်။ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဆီးရီးယားက ရုရှား၏ အဆိုပြုချက်ကို အမှန်တစ်ကယ် လက်ခံခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အနေဖြင့် ရှင်းလင်းစွာ သိလိုကြောင်း ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အဗစ်ဂ်ဒေါ လီဘာမန်ကလည်း ရုရှား-ဆီးရီးယား သဘောတူညီချက်၏ ဓာတုလက်နက်များအား လွှဲပြောင်းမည့် အစီအစဉ်မှာ ရှင်းလင်းမှုမရှိကြောင်း တုံ့ပြန်မှတ်ချက်ပြုလိုက်သည်။ ဆီးရီးယားသမ္မတ အာဆတ်က ရုရှား၏အဆိုပြုချက်အား ၎င်းအတွက် အချိန်ဆွဲသည့်နည်းလမ်းအဖြစ် အသုံးချနေခြင်းသာဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲလိုက်သည်။ အစ္စရေးသမ္မတ ရှီမွန်ပီရက်စ်ကလည်း ဆီးရီးယားသည် ယုံကြည်စိတ်ချရမှု မရှိကြောင်း အစောပိုင်းက ပြောကြားထားခဲ့သည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်