Sunday, September 08, 2013

မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေး အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သွားရောက်ဆွေးနွေးမည်

Posted by drmyochit Sunday, September 08, 2013, under | No comments

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်
မလေးရှားနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေးအတွက် စက်တင်ဘာ ၉ ရက်တွင် အလုပ်သမား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သွားရောက်ဆွေးနွေးမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ကနောင်ခန်းမတွင် ပြုလုပ်သည့် အလုပ်သမား ၀န်ကြီးဌာန အလုပ်ရှင်အလုပ်သမား တွေဆုံပွဲအပြီး၌ ဦးမျိုးအောင်မှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အလုပ်သမား ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး အပါအ၀င် ကျွန်တော်ရယ်၊ ပြည်ထဲရေးက တာဝန်ရှိသူတွေရယ် ပါမယ်။ နောက်နိုင်ငံခြားရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ ပါမယ်။ အဓိကကတော့ ဟိုမှာရှိနေတဲ့ အထောက်အထားမဲ့ အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေးကြမှာပါ။ ဒါနဲ့ပတ်သက်ပြီး သဘောတူညီချက် တစ်ခုရအောင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နောက်ဖမ်းဆီးထားတဲ့ အလုပ်သမားတွေကို ဘယ်လိုပြစ်ဒဏ်တွေ ပေးမလဲ၊ ဒဏ်ကြေးတွေကို လျှော့ပေါ့ပေးဖို့ စသဖြင့် ဖမ်းဆီးခံရတဲ့ ကိစ္စတစ်ခုတည်း မဟုတ်ဘဲ ရေရှည်အတွက်ပါ ဆွေးနွေးကြမှာပါ" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ သွားရောက်မှုတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေဖြင့် မလေးရှားနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မလေးရှားနိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများနှင့်လည်း တွေ့ဆုံသွားရန်ရှိကြောင်းလည်း သိရသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများမှ အထောက်အထားမဲ့ အလုပ်သမားများအား စက်တင်ဘာ ၁ ရက်မှစ၍ မလေးရှား အစိုးရက အထူးစီမံချက်ဖြင့် ဖမ်းဆီးကာ နေရပ်သို့ ပြန်လည်ပို့ဆောင်လျက်ရှိပြီး စက်တင်ဘာ ၄ ရက်အထိ စာရင်းများအရ အထောက်အထား မရှိသည့် မြန်မာအလုပ်သမား ၅၅၀ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်