Sunday, September 08, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD က တိုင်းရင်းသား ပါတီများအား ဖိတ်ကြားခဲ့ရာ အချိန်မမီသောကြောင့် ၁၄ ဖွဲ့တွင် ခြောက်ဖွဲ့သာ တက်ရောက်နိုင်ဟုဆို

Posted by drmyochit Sunday, September 08, 2013, under | No comments

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့်အတူ လာရောက်ဆွေးနွေးသော တိုင်းရင်းသားပါတီ ခေါင်းဆောင်များအား တွေ့ရစဉ် (ဓာတ်ပုံ-NLD)

NLD ပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီ ၁၄ ဖွဲ့အား ဖိတ်ကြားခဲ့သော်လည်း ဖိတ်ကြားသည့် အချိန်မှာ နီးကပ်လွန်းသဖြင့် ပါတီခြောက်ဖွဲ့သာ တက်ရောက်ခဲ့ကြောင်းကို NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက စက်တင်ဘာ ၇ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည့်ပွဲတွင် ပြောကြားသည်။

ဦးဥာဏ်ဝင်းက "ကျွန်တော်တို့ ၁၄ ဖွဲ့ကို ဖိတ်ကြားခဲ့ပါတယ်။ ဒီနေ့ခြောက်ဖွဲ့တက်ပြီး ကျန်တဲ့အဖွဲ့တွေက နယ်ကအဖွဲ့တွေ ဖြစ်တယ်။ စောစောက တင်ပြသလို Short Notice ပဲ၊ အချိန်နည်းနည်းလေး အတွင်းမှာ ဖိတ်လိုက်ရတာ။ တစ်ပတ်၊ ၁၀ ရက် အချိန်ယူပြီး ဖိတ်ရတာ မဟုတ်ဘူး။ အချိန်နည်းနည်းလေး အတွင်းမှာ ဖိတ်ရလို့ပါ" ဟု ပြောကြားသည်။

NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ အပတ်စဉ် စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး ရရှိလာမည့် ရလဒ်များကို NLD ပါတီမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရုံးခန်းတွင် စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲမှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီမှ ဗဟိုအလုပ် အမှုဆောင်များနှင့် တိုင်းရင်းသားပါတီ ခြောက်ပါတီမှ ကိုယ်စားလှယ်များ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရာတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသားများနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မည်ကဲ့သို့ လုပ်ဆောင်မည်၊ မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်ကြမည်ကို ဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ အားလုံးက NLD နှင့် ပူးပေါင်းညှိနှိုင်း ဆွေးနွေးပွဲများကို ထောက်ခံခဲ့ကြောင်း တွေ့ဆုံပွဲအပြီးတွင် NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

"ပြည်သူ့လွှတ်တော်မှာလည်း သုံးသပ်ရေး ကော်မတီ ဖွဲ့နေတယ်။ အဲဒီကော်မတီတွေကလည်း တစ်လနှစ်လအတွင်း Report Back လုပ်တော့မှာဖြစ်လို့ ကျွန်တော်တို့မှာ အချိန်အများကြီး မရပါဘူး။ ဒါကြောင့် အပတ်စဉ် စနေနေ့တိုင်း အဖွဲ့ချုပ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီ ခုနစ်ဦးနဲ့ တိုင်းရင်းသား ပါတီတွေက နှစ်ဦးစီ တက်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံ ထားပါတယ်။ ဒီအခြေခံ နားလည်မှုကိုလည်း သဘောတူကြပါတယ်" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ချင်းတိုးတက်ရေးပါတီ စသည့်ခြောက်ပါတီမှ ကိုယ်စားလှယ်များသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

"NLD ရော၊ အခြားပါတီတွေပါ ပြောနေကြတာက ဖက်ဒရယ်စနစ်ပဲ။ ဖက်ဒရယ်စနစ်ဆိုတာ အများကြီး ရှိတယ်။ ဘယ်လိုစနစ်မျိုး၊ ဘယ်လိုဖက်ဒရယ်လဲ။ ဒါကို ကျွန်တော်တို့က အဖြေထုတ်ဖို့ ဆွေးနွေးတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ တိုင်းရင်းသား ပါတီတွေကြား တစ်စုံတစ်ရာ နားလည်မှုရအောင် ဆွေးနွေးမယ်။ အသေးစိတ်ကိုတော့ လာမယ့်စနေနေ့မှ ဆွေးနွေးမှာပါ" ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သောကြောင့် နောက်လာမည့် ဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များတွင် ပြည်သူများသိရန် လိုအပ်သည့်အချက်များ ပါဝင်ပါက ချပြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ပြည်သူများပါဝင်ပြောဆို ဆွေးနွေးနိုင်ရန် လိုအပ်သည်ဟုလည်း ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

"ပင်လုံစိတ်ဓာတ်ဆိုတာ အေးအတူပူအမျှ အတူတကွ နေထိုင်နိုင်ဖို့ဆိုတာ ဘာဥပဒေက အကောင်းဆုံးလဲ၊ ဘယ်လိုနေထိုင်မှ အကောင်းဆုံးလဲဆိုတာ အားလုံးဆွေးနွေးပြီးတော့မှ သဘောတူခဲ့တယ်။ ငြိမ်းချမ်းရေး ပြေလည်သွားမှ ဒီအခြေခံ ဥပဒေက ရေးလို့ကောင်းမယ်။ ငြိမ်းချမ်းရေး မရသေးဘဲနဲ့ ငြိမ်းချမ်းရေးအတွင်းက လူတွေကချည်းပဲ သူ့သဘောနဲ့သူ ရေးဆွဲနေမယ်ဆိုရင်တော့ အပစ်အခတ် ခံစားနေရတဲ့သူတွေရဲ့ လျှာမပါတဲ့ သဘောမျိုး ဖြစ်နေတာပေါ့" ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည့် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အဓိက ရည်ရွယ်ချက် ခြောက်ချက်အား မည်သည့်အခါမျှ လက်ခံနိုင်လိမ့်မည် မဟုတ်ကြောင်းလည်း ဦးပူကျင့်ရှင်းထန်က ပြောကြားသည်။

"ကျွန်တော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကျွန်တော်တို့ လူမျိုးစုတွေအတွက် အာမခံချက် မရှိတဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပြင်ဖို့အတွက် မူကြမ်းအနေနဲ့ ရေးဆွဲထားတာ ရှိတယ်။ နောက်လာမယ့် အပတ်တွေမှာ ဒီမှာပဲ တခြားတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အတူ ပြင်ချင်တဲ့ အချက်တွေကို အကြိုဆွေးနွေးပြီး လွှတ်တော်ကိုတင်မယ်။ ပြည်သူလူထုကို ချပြမယ်။ အဓိကကတော့ ပြည်သူလူထုရဲ့ လက်ခံမှုပဲ။ လက်ရှိဖွဲ့စည်းပုံကတော့ ကျွန်တော်တို့လိုချင်တဲ့ အဆင့်ကို မှုန်ဝါးဝါးပဲ ရှိတယ်" ဟု ကမန်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်ဝင်းက ပြောကြားသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်