Saturday, October 26, 2013

လာအိုဆည်က ငါးဖမ်းသမားများ၏ ဘ၀ကို ခြိမ်းခြောက်နေပြီ

Posted by drmyochit Saturday, October 26, 2013, under | No comments


အောက်တိုဘာ ၂၆။

ကမ္ဘောဒီယားအစိုးရ မဟုတ်သော အဖွဲ့အစည်းများဖိုရမ်မှ အလုပ်မှုဆောင်ချုပ် Chit Sam Ath သည် လာ အိုမှ ဆည်တည်ဆောက်မှုကို ဦးဆောင်က န့်ကွက်နေသူများထဲမှ တစ်ဦးဖြစ်သည်။ သူက အကယ်၍ ဆည်တည်ဆောက် ပြီး လျှင် မဲခေါင်မြစ်အောက်ပိုင်းသည် ဆိုးရွားသည့် ပြောင်းလဲမှုများနှင့် အကြီးအကျယ် ရင်ဆိုင်ရ လိမ့်မည်ဟု ဆိုလိုက်သည်။

မကြာသေးမီက မီတာ၃၀အမြင့်ရှိပြီး လျှပ်စစ်ဓာတ်အား၂၅၆ မဂ္ဂါဝပ် ထုတ်နိုင်သော Don Sahong ဆည် ကို ၂၀၁၈တွင် အပြီးတည်ဆောက်ရန် လုပ်ငန်းများ စတင်ခဲ့သည်။ ထို့အတွက် ဒေသခံ ငါးဖမ်းသမား တို့၏ ငါးဖမ်း ပိုက်များ အပြည့်အ၀ ဖယ်ရှားခံရမည့်ကိန်း ဆိုက်လာလာ၏။ သိပ္ပံပညာရှင်များနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး သမားတို့က ဆည်သည် ငါးဖမ်းသမားများ၏ ဘ၀ ကိုသာမက မဲခေါင်မြစ်အောက် ဘက်ပိုင်း တစ်ခုလုံးပါ ဆိုးကျိုးများစွာ ပေးလိမ့်မည်ဟု ဆိုကြသည်။

မဲခေါင်မြစ်သည် ကမ္ဘာပေါ်တွင် အမေဇုံဒေသပြီးလျှင် ငါးမျိုးစိတ် ဒုတိယအများဆုံး မြစ်ကြောင်းဖြစ်၏။ လွန်ခဲ့သော ဆယ်စုနှစ်က မဲခေါင်မြစ်ဝှမ်း တစ်လျှောက်တွင် သစ်ပင်မျိုးစိတ်သစ်၊ ငါးမျိုးစိတ်သစ် စုစုပေါင်း ၁၀၀၀ကျော် တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ငါးသုတေသန စင်တာက ဆိုသည်။ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီယား နိုင်ငံတို့မှ စုစုပေါင်း သန်း၆၀သော လူများသည် သူတို့၏ အသက်မွေးဝမ်းကျောင်းရေး အ တွက် မဲခေါင်မြစ် ကို အဓိက မှီခိုနေရကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့က သုံးသပ်ထားသည်။

ယခုတည်ဆောက်မည့် Don Sahong ဆည်သည် မဲခေါင်မြစ်တစ်လျှောက် ထက်အောက်စုန်ဆန် ကူးခတ်ကာ ရွှေ့ပြောင်း ကျက်စားလေ့ရှိသည့် ၇၅ရာခိုင်နှုန်းသော မဲခေါင်ငါးတို့ကို တံတိုင်းဆိုး တစ်ခုသဖွယ် ပိတ်ဆို့ထားတော့မည်။

ဆည်တည်ဆောက်မှုကို ကြီးကြပ်နေသည့် မလေးရှား ကုမ္ပဏီ Mega First Corporation ကမူ ငါးများသည် အခြားရေစီး ကြောင်းများမှ ပြောင်းရွှေ့ကျက်စား နိုင်သည်ဟု ပြောရုံမျှမက ဒေသခံများနှင့် ငါးဖမ်းသမားများ၏ ဘ၀သည် ဆည်ကြောင့် ပိုမိုတိုးတက်လာမည်ဟုပင် ဝေေ၀ဆာဆာ ပြောလျက်ရှိသည်။ Dan Shong ပရောဂျက်မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ Yeong Chee Neng ကလည်း အလားတူ စကားမျိုးလုံးကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိ စစ်ဆေးလေ့လာချက် အစီရင်ခံစာက ဖော်ပြနေသည်ဟု ပြောခဲ့ဖူးသည်။ ဆည်ပြီးစီးလျှင် ငါးများသည် အခြားရေစီးကြောင်းများမှ ယခုထက်ပိုမို သွားလာနိုင်ကြောင်းကို သူတို့၏ ကျွမ်းကျင်ပညာရှင်များ၊ အကြံပေးပညာရှင်များက အခိုင်အမာ သက်သေပြနိုင်ကြောင်း Chee Neng ကဆို၏။ သို့သော် သူ အခိုင်အမာ ကိုးကားပြနေသည့် အစီရင်ခံစာကိုမူ ပြည်သူများထံ ချပြခဲ့ခြင်း မရှိပေ။

ထိုမျှမက ငါးများသည် အသစ်ဖြစ်ပေါ်လာမည့် ရေကြောင်းသစ်တွင် ကူးလူးကျင်လည်နိုင်ရန် မိရိုးဖလာ ငါးဖမ်းနည်း များကိုလည်း တားမြစ်သွားမည်ဟုလည်း ဆိုထားပြန်သည်။ လာအို ရေလုပ်သားတို့၏ဘ၀မှာ ဆည်ကြောင့် ငါးများစွာ ဆုံးရှုံးမည့် အရေးတွင် ငါးဖမ်းခွင့်ကိုပါ ထပ်ပိတ်မည်ဆို၍ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ကြီးစွာအခက်တွေ့တော့မည့် အခြေအနေမျိုးတွင် ရှိနေသည်။

သိပ္ပံပညာရှင်များနှင့် ငါးလုပ်ငန်း ကျွမ်းကျင်သူ အများစုကလည်း ငါးများသည် ရေလမ်းကြောင်းသစ်များမှ ကျင်လည်ကြ လိ့်မ်မည် ဆိုသော အချက်မှာ အထောက်အထား ကင်းမဲ့ကြောင်း၊ မည်သူမျှ အာမခံပေးနိုင်သည့် အချက်မဟုတ်ကြောင်း ထောက်ပြလာကြသည်။

လာအိုနိုင်ငံ အထက်ပိုင်းတွင် မဂ္ဂါဝပ် ၁၂၈၅ထွက်မည့် Xayaburi ဆည်ကြီး တည်ဆောက်မှုထက် ယခုဆည်က ဆိုးကျိုးပိုမို များလာမည့် အချက်မှာ Don Sahong ဆည်သည် မဲခေါင်မြစ်ကြောင်း တစ်လျှောက်လုံးတွင် ငါးများရွှေ့ပြောင်း ကျင်လည်ရေး၌ အရေးပါဆုံးနှင့် အဓိကကျသော ရပ်ဝန်းကို ၀ါးမြိုဖျက်ဆီးမည့် အသွင်ဆောင် နေသောကြောင့် ဖြစ်သည်။

Ref: AP, Al Jazeera
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်