Saturday, October 26, 2013

မကျွတ်မလွတ်တို့ မြူးတဲ့ည

Posted by drmyochit Saturday, October 26, 2013, under | No comments

အချိန်ကား ည ၁၁ နာရီ ရှိနေပြီ ဖြစ်သော်လည်း ကောင်းကင်တွင် ဝိုင်းစက် ပြည့်ဝန်းသော သော်တာလမင်းထံမှ လရောင်နှင့် ထွန်းထားသော မီးလုံးတို့ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်လျက် ရှိသည်။

“အခုကျွေးမွေးတဲ့ အစားအစာတွေ ကို မကျွတ်မလွတ်သေးသောသူ အားလုံး လွတ်လွတ်လပ်လပ် လာရောက်စားသောက် နိုင်ပါတယ်” ဟူ၍ ဆရာတော်တစ်ပါး၏ မိုက်ဖြင့် ပြောလိုက်သံ ဟိန်းထွက်လာသည်။

ထိုသို့ပြောပြီး ခဏအကြာတွင် စက္ကူနှင့် ထုပ်ထားသော အထုပ်များကို အရောင်စုံ အုတ်ဂူများအပေါ် တင်လိုက်ကြကာ ကျွေးမွေးမှု စတင်ရန် ပြင်ဆင်လိုက်ကြသည်။ ယနေ့သည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပြီး နှစ်စဉ် အစဉ်အလာမပျက် ကျင်းပခဲ့သော အကျွတ်အလွတ် ပွဲတော်ကို (၃၆) နှစ်မြောက် ကျင်းပသည့်နေ့လည်း ဖြစ်သည်။



မန္တလေးမြို့၊ အေးရိပ်ငြိမ် ဘာသာပေါင်းစုံ သုသာန် (ယခင်ကြာနီကန်သုသာန်) အတွင်းရှိ မီးသဂြုင်္ိဟ်စက် အရှေ့ဇရပ်ပေါ်တွင် ရေခွက်ငယ်များကို ချထားသည်ကို တွေ့ရှိရပြီး ‘ဆွေမျိုး ပြိတ္တာများ ရေစက်ချရန်နေရာ’၊ ‘လူပုဂ္ဂိုလ်များ ဖြတ်သန်း သွားလာခြင်းမပြုရ’ ဟူသော ဆိုင်းဘုတ် အချို့ကို တွေ့မြင်ရသည်။ ရေခွက်ငယ်လေးများ အနီးတွင် အရောင်အသွေး စုံသောပန်းများ ဖြန့်ခင်းထားသည်။
သုသာန်အတွင်းတွင် မီးချောင်းများ ထွန်းညှိထားပြီး အုတ်ဂူများပေါ်တွင် လူအချို့က လဲလျောင်းနေပြီး အချို့က ဂူများပေါ်တွင် ထိုင်နေကြသည်။

ည ၁၁ နာရီခွဲ အချိန်ခန့်တွင် ပြိတ္တာများကို အမဲသားထမင်း၊ သက်သတ်လွတ် ထမင်းနှင့် ငှက်ပျောသီးများ ကျွေးမွေးခြင်း အစီအစဉ်ကို စတင်ပြီး အကျွတ်အလွတ် ပွဲတော်ကို ယုံကြည်သူ များကလည်း သေဆုံးသွားခဲ့ပြီးသော ဆွေမျိုးများ၏ အုတ်ဂူပေါ်တွင် ထမင်းထုပ်များတင်ကာ ကျွေးမွေးမှုများ လုပ်ဆောင်ကြသည်။ မကျွတ်မလွတ်ဘဲ ရှိနေကြသည့် ပုဂ္ဂိုလ်များနှင့် ပြိတ္တာများကို အစားအစာ ကျွေးမွေးနေချိန်တွင် သုသာန်အတွင်းရှိ မီးချောင်းများအားလုံး ပိတ်လိုက်ပြီး အမှောင်ချလိုက်သည်။

ယင်းနောက် အုတ်ဂူများ အကြားတွင် ပြိတ္တာများ သွားလာနိုင်စေရန် လူများက ဘေးတစ်ဖက် တစ်ချက်စီတွင် စီတန်းကာ အလယ်လျှောက်လမ်းတစ်ခု အသွင်သဏ္ဌာန် ဖန်တီးပေးထားသည်။ အချို့လူများက အလယ်လျှောက်လမ်းပေါ်တွင် ၎င်းတို့၏ လက်များကို ဖြန့်ခင်းထားသည်ကို တွေ့ရသည်။
“ဒီလို လျှောက်လမ်းလေး လုပ်ပေးရတာက ထုံးစံလို ဖြစ်နေပြီ။ မကျွတ်မလွတ်သေးတဲ့ နာနာဘာဝတွေ၊ ပြိတ္တာတွေက သူတို့ကို အစာကျွေးမွေးတဲ့ အချိန်ဆို ဒီသုသာန်ထဲမှာ သွားလာနေကြတယ်လို့ ယုံကြည်ရတယ်။ သူတို့ကလည်း လူသားဆိုရင် အလိုလို ကြောက်ရွံ့ကြတာကိုး၊ လူနားမှ ကပ်လို့မရတာ၊ ဒါ့ကြောင့် သူတို့သွားလာနေတဲ့အချိန် မတိုက်မိအောင်လို့ ဒီမှာ အခုရှိတဲ့ လူတွေက သူတို့သွားဖို့ လမ်းလေး လုပ်ပေးကြတာပါ။ လက်တွေ ခင်းထားတာကလည်း ယုံကြည်မှု တစ်ခုပေါ့။ တချို့လူတွေက ပြောကြတယ်လေ။ ဒီလိုအချိန် လက်တွေ ခင်းထားလို့ သူတို့ တကယ်ဖြတ်လျှောက်သွားရင် သူတို့လက်တွေဟာ အေးသွားတာတို့၊ ကြက်သီး ထသွားတာတို့၊ သူတို့ကိုယ်တိုင် တစ်ယောက်ယောက် လက်ပေါ်က ဖြတ်သွားတာတို့ကို ခံစားလိုက်ရတယ်လို့ ပြောကြတယ်လေ၊ ဒါကြောင့်ပဲ အခုဆိုဒါမျိုး အတွေ့အကြုံလေးကို လိုချင်လို့ မကြုံဖူးတဲ့ လူတွေက ကြုံဖူးချင်လို့၊ ယုံကြည်မှုတစ်ခု ရချင်လို့ ဒါမျိုးလက်တွေ ခင်းထားကြတာ” ဟု အကျွတ်အလွတ် ဒါနပြုပွဲသို့ လာရောက်သူ တောင်ပြုန်းကျေးရွာမှ အသက် ၃၅ နှစ်ကျော် အရွယ်ရှိ ဦးသောင်းက ပြောကြားသည်။
ယုံကြည်သူများက အလယ်လျှောက်လမ်းပေါ်တွင် စီတန်း၍ လက်များ ခင်းထားသော်လည်း မယုံကြည်ကြသူ တချို့ကတော့ အလယ်လျှောက်လမ်းပေါ်ကနေ ဖြတ်သန်း သွားလာကြပြီး နှုတ်မှလည်း “ပြိတ္တာတွေ မင်းတို့ လမ်းလျှောက်သွားရင်လည်း ငါတို့ကို ဝင်တိုက်သွားပြပါဦး” ဟု ပြောဆိုမှုများ ပြုလုပ်ကြသည်။

“အချို့လူများက ပြိတ္တာများကို ကျွေးမွေးထားသော ထမင်းထုပ်များကို၊ အသင်တို့ မစားသောက်လျှင်နေ ကျွန်တော်ကတော့ စားတယ်” ဟု ဆိုကာ စားသောက်နေမှု များလည်း ရှိသည်။
မယုံကြည်သူများ၏ စမ်းသပ်မှုကြောင့် တိုက်ဆိုင်မှု ကဲ့သို့သော ကံဆိုးမိုးမှောင် ဒုက္ခတွေ့ရသည့် ဖြစ်ရပ်များလည်း ရှိပြန်သည်ဟု ဒေသခံတို့က ဆိုကြသည်။

“မနှစ်က အကျွတ်အလွတ်ပွဲ သွားတော့ အုတ်ဂူတစ်ခုပေါ်မှာ လာရောက် ကျွေးမွေးထားတဲ့ အရက်ပုလင်းတစ်လုံးနဲ့ ထမင်းတွေကို ရေလည်းဆာတာရယ်၊ ဗိုက်လည်း ဆာတာရယ်ကြောင့် ယူစားပြီး အရက်လည်း သောက်လိုက်တယ်။ ကျွန်တော်တို့က အယုံအကြည် မရှိတာတော့ မဟုတ်ဘူး ထမင်းထုပ်ထဲက ကြက်သား
နဲ့ အရက်မြည်းလိုက်တယ်။ အဲဒီပွဲကနေပြန်တော့ လမ်းမှာ မြို့ထဲရောက်တဲ့အထိ ဆိုင်ကယ် မှောက်တော့တာပဲ။ မူးနေတာလည်း မဟုတ်ဘူး။ တစ်ယောက်ယောက်က အားနဲ့တွန်းလိုက်သလိုမျိုး ဆိုင်ကယ်က မှောက်တာ။ တစ်ကိုယ်လုံးလည်း သွေးတွေ ရွှဲနေပြီ၊ ဆိုင်ကယ်ကလည်း တစ်လမ်းလုံး မှောက်တာကိုး၊ ဒီလိုနဲ့ စိတ်ထဲမှာ မသင်္ကာတော့တာနဲ့ မြို့ထဲရောက်တော့ မဟာမြတ်မုနိဘုရားထဲဝင် ဘုရားကို ရှိခိုး ဦးချပြီးတော့ ဘုရားစာတွေရွတ်၊ တောင်းပန်လိုက်တော့ အပြန်မှာ ဘာမှမဖြစ်တော့တာ” ဟု ယမန်နှစ်တွင် အကျွတ် အလွတ်ပွဲသို့ သွားရောက်ခဲ့ပြီး ပြိတ္တာများကို ကျွေးမွေးခဲ့သော အစားအသောက်များကို စားသောက်မိသော မန္တလေးမြို့ခံ အသက် ၃၀ အရွယ်ရှိ ကိုကျော်ဝင်းက ပြောကြားသည်။

မန္တလေးမြို့တွင် အကျွတ်အလွတ် ဒါနပြု အမျှဝေ ကျေးဇူးဆပ်ပွဲကို ၁၉၇၇ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းမြို့တို့တွင် ကျင်းပကြသည်။ မကျွတ်မလွတ်ဘဲ ရှိနေကြသည့် ပုဂ္ဂိုလ်များနှင့် ပြိတ္တာဘဝ ရောက်ရှိနေသော ပုဂ္ဂိုလ်များကို သီတင်းကျွတ် လပြည့်နေ့ ရောက်တိုင်း အစာကျွေးခြင်း ပြုလုပ်ကြသည်။

ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် မြေဖုတ်ဘီလူးများကိုပါ အစာကျွေးခဲ့သည်။
မန္တလေးမြို့မှ အကျွတ်အလွတ် ဒါနပြုပွဲတော်ကို ဦးဆောင် ကျင်းပသူ ဆရာတော် ဘဒ္ဒန္တတိက္ခက ပြိတ္တာ ဖြစ်ရခြင်းမှာ သေဆုံးသွားသူသည် သားသမီးစွဲ၊ ဇနီးလင်သားစွဲ၊ ပစ္စည်းဥစ္စာစွဲ၊ အလုပ်အကိုင်စွဲနှင့် နောက်ဆုံး ကွယ်လွန်ခါနီးတွင် စွဲမိစွဲရာစွဲပြီး သေဆုံးသွားရရှာသူများ ဖြစ်သည်ဟု မိန့်ကြားသည်။
“ပြိတ္တာတွေက တကယ်တော့ ကြောက်စရာ အရာတစ်ခုတော့ မဟုတ်ပါဘူး။ အကျွတ်အလွတ်ပွဲမှာ အစာကျွေးတော့မယ့် အချိန်ဆိုရင် သုသာန်အတွင်းမှာ အပုပ်နံ့တွေ ရတာမျိုးတွေ အမြဲတမ်းလိုလို ကြုံရတယ်။ နောက်တစ်နေ့မနက် အမျှဝေတဲ့ အချိန်မှာတော့ အမွှေးနံ့တွေ ရတာမျိုး အမြဲတမ်း ကြုံရတယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

၁၉၈၇ ခုနှစ် (၂၆) ကြိမ်မြောက် အကျွတ်အလွတ် ဒါနပြု အမျှဝေပွဲတော် ဖြစ်မြောက်ရေး အကြိုညှိနှိုင်း အစည်းအဝေးပွဲတွင် ဆရာတော် ဦးနန္ဒိယက “မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ထဲက ကိုချစ်ဦးဆိုတဲ့သူ ရုတ်တရက် သေဆုံးသွားခဲ့တယ်။ သေဆုံးခဲ့ပြီး နောက်ခြောက်လလောက်နေတော့၊ ဒီကိုချစ်ဦးက အိမ်နီးချင်းဖြစ်တဲ့ မခင်ဝင်းဆိုတဲ့ မိန်းမတစ်ယောက်ကို ဝင်စီးခဲ့တယ်။ ဒီတော့ ဆရာတော်က ပူးကပ်နေသူကို ကျောင်းပေါ်ခေါ်ပြီး မေးမြန်းတော့ ပူးကပ်သူဟာ ချစ်ဦး ဖြစ်နေတယ်။

ဘာလို့လိုချင်လို့လဲမေးတော့ သူအစားအစာ မစားရတာဟာ သုံးလလောက် ရှိပါပြီ၊ ထမင်းစားချင်လို့ပါလို့ ပြောခဲ့တော့ ဆရာတော်ဘုရားတို့လည်း ဒီပူးကပ်သူကို ထမင်းကျွေး၊ သူကနေစရာနေရာ မရှိဘူးလို့လည်း ပြောသေးတယ်။ ဒါနဲ့ နေစရာနေရာပါ စီစဉ်ပေးမယ် ပြောပြန်တော့လည်း တပည့်အတွက် မလိုအပ်တော့ပါဘူး ဘုရား။ တပည့်တော် ညီမလေးကိုသာ စိတ်မချ ဖြစ်ရပါတယ်လို့ လျှောက်ထားတော့တယ်။ ဒီလို ပူးကပ်ပြီး ပြောနိုင်တာကလည်း သူ့မှာ ဒီလိုပူးကပ်ပြီး တောင်းဆိုနိုင်တဲ့ အဆင့်ရှိလို့ရယ်၊ သူပူးကပ်နိုင်မည့် လူရှိနေလို့ ဖြစ်တယ်။ ဒီလို မပူးမကပ်နိုင်ဘဲ အစာရေစာ မစားမသောက်ရပဲ ရှိနေတဲ့ ပြိတ္တာတွေဟာ ဘယ်လောက် များလိမ့်မလဲ” ဟု မိန့်ဆိုခဲ့ကြောင်း အကျွတ်အလွတ် ပွဲတော်နှင့် ဆက်စပ် ရေးသားထားသည့် စာအုပ် စာတမ်းများတွင် ဖော်ပြထားသည်။

အကျွတ်အလွတ် ပွဲတော်သည် ပြိတ္တာများအပေါ် မေတ္တာရှေ့ထား၍ ပြိတ္တာတို့ လွတ်လွတ်လပ်လပ်၊ မရှက်မကြောက် လာရောက် စားသုံးနိုင်ရန်၊ အစွဲအလမ်းများကြောင့် မကျွတ်မလွတ်ဘဲ ပြိတ္တာဘဝသို့ ရောက်ရှိနေခြင်းမှ ကျွတ်လွတ် သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု အကျွတ်အလွတ်ပွဲတော် ဦးဆောင်ကျင်းပသူ သံဃာတော်များက မိန့်ဆိုသည်။

အကျွတ်အလွတ်ပွဲတော်တွင် မယုံကြည်မှုများနှင့် အရက်သေစာသောက်စား မူးယစ်ပြီး ပြိတ္တာများကို ကျွေးမွေးထားသည့် အစာများကို ကြည့်ကာ “လျော့လည်း မသွားဘူး၊ တကယ် လာစားနေတယ် ဆိုလည်း အရိပ်လိုက်၊ အကောင်လိုက် ပြကြကွာ” ဆိုသည့် ဝေဖန် ပြောဆိုမှုများလည်း ကြားနေရဆဲ ဖြစ်သည်။
ညသန်းခေါင်ယံကျော်ချိန် ရောက်ရှိနေပြီ ဖြစ်သော်လည်း မန္တလေး အေးရိပ်ငြိမ် သုသာန်အတွင်း အကျွတ်အလွတ်ပွဲ လာရောက် ဆင်နွှဲသူများနှင့် စည်ကားနေဆဲ ဖြစ်ပြီး လူတချို့က အုတ်ဂူများပေါ် ဖြတ်သန်းသွားလာ နေကြဆဲပင်။

နေလင်း
From: The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်