လူအသိုင်းအဝိုင်းထဲမှာ လူတွေအချင်းချင်း စုပေါင်းနေထိုင်ကြတဲ့အခါမှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေ ထိုင်နိုင်ကြ ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေထုတ်ပြန် လိုက်နာကြရပါတယ်။ မလိုက် နာဖောက်ဖျက် တဲ့လူတွေကိုလည်း တားဆီးဖို့၊ အပြစ်ပေးအရေးယူဖို့ ဆောင်ရွက်ကြရပါတယ်။
လူတစ်ယောက်လူ့အသိုင်းအဝိုင်းအပေါ်၊ လူတစ်ဦးတစ်ယောက်အပေါ် ကျူးလွန်စော်ကားခဲ့ရင် အပြစ်ပေး တာ ထက် နောက်ထပ် အလားတူ ထပ်မံ မကျူးလွန်နိုင်ဖို့အတွက် သိပ်ဆိုးဝါးတဲ့သူတွေကို သေဒဏ် အပြစ် ပေးတာတို့၊ လူ့အသိုင်း အဝိုင်းကနေ ခေတ္တဖယ်ရှားပြီး ထောင်ချထားတာတို့ ပြုလုပ်ရပါတယ်။
လူတစ်ယောက် အပြစ်ကျူးလွန်ရင် ကျူးလွန်သူကို အကျိုးဆက်အရ အပြစ်ပေးရတယ်။ အကုသိုလ် အကျိုးဆက်ကို ဘယ်သူမှ ရှောင်ရှားလို့ မရဘူး။ ဘယ်သူကမှလည်း ခွင့်လွှတ်လို့ မရဘူး။ ဒါပေမဲ့ မျှဝေခံလို့တော့ ရပါတယ်။ အပြစ်ကျူးလွန်သူ ရှိနေတဲ့ အတွက် ကျန်သူတွေ ပူပင်သောက ရောက်ရတယ်။ အပြစ်ကင်းစင်သူတွေ ထိုသူရဲ့ကျူးလွန်စော်ကားမှုကို နောက်တဖန် ခံစား ကြရမယ်။
ခါးပိုက်နှိုက်တစ်ယောက်ကို ထောင်ထဲ ပို့ထားရင် သူခါးပိုက်နှိုက်ခံရမယ့်သူတွေ ခါးပိုက်နှိုက်ခံရမှုမှ ကင်းဝေးသွားမယ်။ သူခိုးတစ်ယောက်ကို ထောင်ထဲပို့ ထားရင် သူခိုးတာ ခံရမယ့်သူတွေ အခိုးခံရခြင်းမှ ကင်းဝေးသွားမယ်။ လူသတ်သမား တစ်ယောက် ထောင်ထဲ ရောက်သွားရင် နောက်ထပ် အသတ်ခံရမယ့် လူတွေရှင်သန်ခွင့် ရမယ်။ မုဒိမ်းသမားတစ်ယောက် ထောင်ထဲရောက်သွားရင် သူ့ရဲ့ နောင်သားကောင် တွေ သက်သာရာရမယ်။ လူလိမ်တစ်ယောက် ထောင်ထဲရောက်နေရင် အပြင်လောကမှာ နောက်ထပ် အလိမ်ခံ ရမယ့် လူတွေ အလိမ်မခံရတော့ဘူး။ အခြားပြစ်မှုတွေလည်း အလားတူပါဘဲ။
အများပြည်သူ အေးချမ်းဘေးကင်းကွာစွာ နေရဖို့ သူတစ်ပါးအပေါ် အပြစ်ကျူးလွန်သူတွေကို လူ့ အသိုင်း အဝိုင်းက သူ့ပေး နိုင်တဲ့ အန္တရာယ်အပေါ်မူတည်ပြီး လူ့အသိုင်းအဝိုင်းကနေ ခေတ္တ ဖယ်ထုတ်ထားရတယ်။
ထောင်တွေက အပြစ်ကျူးလွန်သူကို နောင်တရစေပြီး လူ့အသိုင်းအဝိုင်းကို နောက်ထပ်တဖန် အပြစ်မကျူးလွန်အောင် ပြုပြင် နိုင်သလဲဆိုတာလ အရေးကြီးပါတယ်။
တစ်စုံတစ်ဦးသော ပုဂ္ဂိုလ်ကလွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပြီဆိုပါစို့။ အဲ့ဒီလူ နောင်တမရသေးရင် လွတ်ငြိမ်းခွင့်ပြုသူထက် သာမန်ပြည်သူတွေက ထိုသူရဲ့ အပြစ်ကို ဝိုင်းဝန်းမျှဝေ ခံစားကြရတာ ဖြစ်ပါတယ်။
အပြစ်ကျူးလွန်သူတွေ က ပြည်သူတွေအပေါ် အပြစ်မကျူးလွန်နိုင်အောင် တရားဥပဒေပြုသူတွေ၊ တရားစီရင်သူတွေ၊ အုပ်ချုပ် ရေး အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ ဒီကိစ္စတွေမှာ ပြည်သူအဆင့်ဆင့် ပါဝင်ရမှာ ဖြစ်ပေမယ့် အဓိက တာဝန်ရှိသူတွေက အဆိုပါ မဏ္ဍိုင် ၃-ရပ်သာ ဖြစ်ပါတယ်။
အမှုဖွင့်တိုင်ကြားတဲ့ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ ( အမှု မဖွင့်ဘဲ လူမသိ သူမသိ အဖြစ်အပျက်တွေ မပါ ) ပိုပိုဖြစ်ပွားလာ တာ သတင်းတွေမှာတွေ့နေရတဲ့အပြင် သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းတွေ ထုတ်ပြန်၊ အသိပညာပေး အစီအစဉ် တွေ ဆောင်ရွက်၊ ရပ်ရွာထဲမှာ ဆန္ဒထုတ်ဖော်တာတွေ လုပ်နေကြပါတယ်။
ဒီအချိန်မှာဘဲ လွှတ်တော်မှာ သက်ငယ်မုဒိမ်းမှုတွေအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်မည့် အဆိုဟာ လက်ခံဆွေးနွေးခြင်း တောင်မခံရဘဲ ဝိုင်းပယ်လိုက်ကြတယ်။
ဥပဒေပြဌာန်းထားပြီးသားပါတဲ့။ သေဒဏ် ကို အခြားနိုင်ငံတွေမှာ ပယ်ဖျက်နေကြပြီတဲ့။ မှားယွင်းပြီး သေဒဏ် စီရင်မိမှာ စိုးလို့ တဲ့။ မှားယွင်းပြီး တရားစီရင်မိမှာတော့ ဒီအမှုမှာသာ မဟုတ် ပြစ်မှုတိုင်းမှာ အရေးကြီးတာပါ။ မှားယွင်းစွာ တရားမစီရင်မိဖို့ ကတော့ သက်ဆိုင်ရာဌာနတွေ ကျွမ်းကျင်မှု တက်လာဖို့၊ နည်းစနစ်နဲ့ ပစ္စည်းကိရိယာတွေ ကောင်းမွန်လာဖို့၊ သက်သေခံ ဥပဒေနဲ့ တရားစီရင်ရေးအဆင့်ဆင့်မှာ ပြုပြင်ဖို့ လိုအပ်တာပါ။
အပြစ်ကျူးလွန်သူအတွက် သက်သာခွင့်၊ နောင်တရခွင့်၊ ပြန်လည်ပြုပြင်ခွင့်စတဲ့ လူ့အခွင့်အရေးတွေ စဉ်းစားနေချိန်မှာ ကျူးလွန်ခံရတဲ့ နစ်နာသူ ဘဝပျက်သွားသူ တစ်ခါတစ်ရံ အသက်ပါ သေသွားသူ ဘဝတစ်လျှောက်လုံး စိတ်ဒဏ်ရာနဲ့ အရှက် တကွဲ အကျိုးနည်း ဖြစ်သွားသူတွေအတွက် ဘယ်သူစဉ်းစားပေးမှာလဲ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရလို့ ဆေးရုံ ရောက်သွား ရင်တောင် မိမိကုန်ကျစရိတ်နဲ့ ဆေးကုသရတဲ့ အဖြစ်၊ ထိုက်တန်ပြင်းထန်တဲ့ ပြစ်ဒဏ် သတ်မှတ်ထားရင် တဒင်္ဂ စိတ်မထိန်း နိုင်လို့ပါဆိုတဲ့ ဆင်ခြေ မပေါ်လာပါဘူး။ တစ်ခဏတာလေး မျက်စိတမှတ် လျှပ်တစ်ပြက်လေး အမှောင်နောက် လိုက်မိလို့ ကျူးလွန်မိတာပါ လို့ ဆင်ခြေပေးတိုင်း ခွင့်လွှတ်ရရင် လူနဲ့တိရစ္ဆာန် ဘာကွာတော့မှာလဲ။
လက်ရှိ ဥပဒေကလုံလောက်ပါပြီဆိုရင် ဒီပြစ်မှုတွေဘာကြောင့် တစ်နေ့တစ်ခြား တိုးပွားလာရတာလဲ။ ဘယ်ကဏ္ဍမှာ အားနည်း နေသလဲ။ ဝိုင်းဝန်းဆွေးနွေးပြီး အဖြေရှာသင့်ပါပြီ။ အုပ်စုပါတီစွဲတွေအနေနဲ့ လုပ်နေရင်တော့ မဖြစ်သင့်ပါဘူး။
ကလေးငယ်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂါတ်ဆိုတာ တကယ်မယုံကြည်ကြတာလား။ လိင်မှုဆိုင်ရာ သားကောင် ဖြစ်နေ တဲ့က ကလေးငယ်အရေးမဆွေးနွေးနိုင်လောက်အောင် ကလေးငယ်တွေက တန်ဖိုးမဲ့နေသလား။ သူတို့အရေး သူတို့ မဆောင် ရွက်နိုင်သေးတဲ့ ကလေးတွေအစား ဘယ်သူတွေက အစားဝင်ဆောင်ရွက်ပေးကြမှာလဲ။ စဉ်းစားကြဖို့လိုပါတယ်။
BY ညွှန့်အောင်(မြစ်မခ)
0 comments:
Post a Comment