ခန္ဓာကိုယ် အရေပြားအပေါ်ယံလွှာကို ဖောက်ထွင်း၍ မော်တာတပ်ထားသည့် အပ်ဖျားလေးက တဒီဒီမြည် ကာ ကြိုတင် ရေးခြယ် ထားသည့် လမ်းကြောင်းအတိုင်း ပြေးလွှားကစားနေသည်။
ထိုအပ်ဖျားလေးပြေးလွှားနေသည့် အရေပြားပိုင်ရှင်မှာ အသက် ၂၂ နှစ်ဝန်းကျင်ခန့်ရှိ လူငယ်ကတော့ တစ်ချက်လေး မှ ညည်းငြူသံမထွက်ပဲ တစ်ချက်တစ်ချက်တွန့် သွားယုံမှလွဲ၍ သင်ဖြူးဖြာပေါ်တွင် မှောက် လျက်...
ခံစားနေရသည့် နာကျင်မှုကိုကြိတ်မှိတ်ထားရ၍ပဲလား သောက်ထားသည့် ယမကာရှိန်ကြောင့်လား မသိ အံကြိတ် ထားသည့် မျက်နှာကတော့ အပ်ဖျားဝင်သွားသည့်လမ်းကြောင်းလေးပေါ်မှ သွေးရောင်များကဲ့သို့ နီနီရဲရဲဖြစ်၍ နေပေသည်။
ခံသည့်လူကခံနေသလို (ဆေး)ဆွဲပေးသူကလည်း အပ်ဖျားလေးအား အ၀တ်စနှင့်သုတ်လိုက် အရေပြားမှ သွေးများကို သုတ် လိုက်နှင့် သူ့တာဝန်သူထမ်းဆောင်နေကြသည်။
အနီးနားတစ်ဝိုက်က ပုံစံမျိုးစုံပါသည့် ဆေးရောင်ခြယ် စာအုပ်များ၊ စာရွက်များအား ကြည့်ရှုနေသည့် လူငယ်တစ်သိုက်ကလည်း ဒီပုံလန်းတယ် ဟိုပုံလန်းတယ်နှင့် စည်စည်ကားကား.....
ဒါကတော့ ယခုခတ်လူငယ်များ၏ တက်တူး(Tattoo) (ခေါ်) ဆေးမင်ကြောင်ထိုးပွဲ အသေးစား မြင်ကွင်းအချို့ပင်...
လုပ်ငန်းကြေးသွင်းစရာ မလို၊ ဘယ်ဌာနကိုမှ လျှောက်လွှာ တင်စရာမလို၊ လိုင်းကြေး ပေးစရာမလို၊ အရင်းအနှီး များများ စားစားမလို၊ အလုပ်သင်သင်တန်း တက်ရောက်ဖို့မလို၊ လုပ်ငန်းကျွမ်းကျင်ကြောင်း ထောက်ခံစာမလို...
သို့သော် လုပ်ငန်းသေးနှင့်လုပ်ငန်းကြီး လက်ရာ၊ဈေးနှုန်းနှင့် ဒီဇိုင်းဆန်းပုံသာကွာသွားမည် မြို့တိုင်းလိုလို နယ်တိုင်းလိုလိုပင် အခကြေးငွေယူကာ တက်တူးရေးဆွဲပေးသူများမှာ တနေ့တခြားများပြားနေသည်ကို လူငယ်များ၏ ခန္တာကိုယ်များမှတဆင့် မြင့်တွေ့နေရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းမှ အရွယ်ရောက် အရွယ်ကောင်းလူငယ်လေးများမှအစ အရွယ်လွန် အမျိုးသားကြီးအထိ (အချို့အမျိုးသမီးများ အပါအ၀င်) အနည်းနှင့် အများဆိုသလို တက်တူးကိုယ်စီနှင့် ဟန်ရေးကြွယ်နေကြပြီ။
အမျိုးသမီးငယ်တစ်ဦးဆိုလျင် ဗိုလ်လောင်းသင်တန်းသို့လျောက်ထားရာ၌ တချိန်က ထိုးခဲ့သည့် နှင်းဆီပွင့်ပုံကြောင့် ဗိုလ်လောင်း ဘ၀ကို လက်လွှတ်ခဲ့ရဘူးကြောင်း ပတ်ဝန်းကျင်မှကြားသိရသည်။
ရုပ်ရှင်မင်းသား၊ ကြော်ငြာမင်းသား၊ သရုပ်ဆောင် မင်းသား၊ အဆိုတော် မော်ဒယ်လ်မှအစ သင်္ကန်းဝတ်အချို့နှင့် တက္ကစီသမား၊ ဆိုက္ကားသမား၊ စားပွဲထိုးနှင့်လမ်းသူရဲမကျန် တက်တူးကိုယ်စီဖြင့် မြင်တွေ့ရသည်မှာလည်း ခေတ်စတိုင်လ်တစ်ခုပင် ဖြစ်၍ လာ ပေတော့သည်။
ကျွန်တော့် အသက်(၁၉) နှစ်ခန့်က ခင်မင်ခဲ့ဖူးသည့် သူငယ်ချင်းတစ်ယောက်ကိုပင် သတိရမိသေးသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ ရှမ်းဘုန်းကြီးကျောင်းတစ်ကျောင်း၏ ပွဲတော်တစ်ခုသို့ထိုသူငယ်ချင်း အပါအ၀င် သူငယ်ချင်း တစ်ချို့နှင့် ပွဲလည် သွားကြရင်း ပွဲဈေးတန်းထဲတွင် ဈေးနှုန်းအနည်းငယ်ဖြင့် တက်တူးရုပ်များ ရေးထိုးပေးသည့် ဆိုင်တစ်ဆိုင် ရှေ့ရောက်တော့ သူငယ်အချင်းအချို့၏ မြှောက်ပင့်စကားကြောင့် သူက တက်တူးရေးထိုးသူကို စာတစ်ကြောင်း ရေးခိုင်းသည်။
ပိန်ကပ်ကပ်သူ့ရင်ဘတ်ညာဖက်မှ ဘယ်ဖက်သို့ “သေမင်းကို စိန်ခေါ်သည်” ဆိုသည့် စာတန်းအား မကြောက်မရွံ့ ရေးထိုး ခဲ့သဖြင့် သတ္တိရှိကြောင်း မြှောက်ပင့်ပြောဆိုသူများရှိသလို ကြောက်ရွံ့ကန့်ကွက်သူများလည်း ထိုစဉ်က ရှိခဲ့သည်။
အပြုအမူအပြီး နှစ်ပိုင်းလောက်သာ ကြာသည်၊ ထိုသူငယ်ချင်း၏ မိခင်မှာ လူကြီးရောဂါတစ်ခုဖြင့် ရုတ်ချည်း ကွယ်လွန်သွား လေသည်။
သေမင်းကိုစိန်ခေါ်မိ၍များ သေမင်းက ပြန်လည်စိန်ခေါ်လိုက်သလားဟု မဆီမဆိုင် ကျွန်တော်တွေးမိသေးသည်။ ယခုတော့ သူလည်း ထိုစာတန်းကို အရုပ်တစ်ခုဖြင့် ဖုံးလိုက်သည်။
တက်တူးဆိုသည့်အရာက လူခန္တာကိုယ် အရေပြားပေါ်တွင် နေရာယူလာသည်မှာ ယခုမှစသည် မဟုတ်သော်လည်း မျက်စိ နောက်စရာကောင်းလောက်အောင် ပေါများလာတာတော့ တွေ့နေရသည်။ လွတ်လပ်လာသည့် ခေတ်ကာလနှင့် အဆန်းထွင် လာကြသည့် လူ့သဘာဝတို့စခန်းထလာသည့် မကြာသေးသည့်နှစ်အချို့က စခဲ့သည်ဟုသာ ယေဘုယျအားဖြင့် ယူဆ ရမည်.... ပြောကြသူတစ်ချို့ကတော့ ပြောကြသည် “ယောက်ျားမှန်ရင် တက်တူးရှိရမယ်” ဆိုပဲ.....
မနေနိုင်မထိုင်နိုင် ငွေကုန်ကြေးကျခံကာ အသားအနာခံပြီး တစ်လွဲသတ္တိပြချင်သူ လက်တစ်ဆုပ်စာ လူအချို့၏ စကားကြောင့် ခန္တာကိုယ်အရေပြားတွင် တက်တူးမထားသည့် ယောက်ျားသားများမှာ ဘ၀ပြောင်း ပေးရတော့ မလို။
ဗဟုသုတအတော်အတန်ရှိသူ တစ်ချို့ကလည်း ဆေးမှင်ကြောင်(ထိုးကွင်းမှင်ကြောင်) ဆိုသည်မှာ ရှေးခေတ်မြန်မာအမျိုးသား တိုင်းလိုလိုရှိခဲ့ကြလို့ပဲ ရိုးရာမပျက်အောင်လိုက်လုပ်ကြရသလိုလို.... ဂုဏ်ယူရတော့မည့်အသွင်ဖြင့် ပြောဆိုတတ်သေးသည်။
ရှိခဲ့တာတော့ ဟုတ်ပါလိမ့်မည်၊ ဘယ်သူစခဲ့သည်လည်းတော့မသိ
အရပ်အမောင်းကောင်းကောင်း၊ သျှောင်တစ်စောင်း ခါးတောင်းမြောင်အောင်ကြိုက်ထားသည့် ယောက်ျားပီသ သော ရှေးခေတ် မြန်မာအမျိုးသားကြီးများ၏ ကြွက်သား အမြောင်းမြောင်းနှင့် ခန္တာကိုယ်တွင် ထိုးကွင်းမှင်ကြောင်ကြီးများဖြင့် ခန့်ခန့်ညားညား ရှိခဲ့ဖူးသည်မှာဖြစ်နိုင်သော်လည်း ထိုခေတ်ကတော့ တွေ့ရာမှင် တွေ့ရာအပ်ဖြင့် တွေ့ရာဒီဇိုင်းများဖန်တီးကာ ကြောင်ကြောင် ကြားကြားရုပ်ပုံများကို ကြွက်သားမရှိသည့် ပိန်သေးပိန်ညှောင် လက်မောင်း၊ ခြေသလုံး၊ လက်ဖျံများနှင့် လည်ပင်း ဂုတ်ပိုး ရင်ညွန့်ထက်တွင် မြင်လေသူတိုင်း မျက်စိနောက်စရာ ကောင်းလောက်အောင် လူ့မြင်ကွင်းထုတ် စတိုင်လုပ်ခဲ့ကြမည်တော့ ဟုတ်မည်မထင်။
တစ်ချိန်ကမြန်မာအမျိုးသားများ၏ ယောက်ျားပီသသော ခန္တာကိုယ်တွင် ဆေးမှင်ထိုးခဲ့ကြသည်ဟု ပြော၍ ရနိုင်သော်လည်း ယခုခေတ်နှင့် ရည်ရွယ်ချက်ခြင်း တူမည် မဟုတ်သလို ထိုခေတ်ထိုအခါကလည်း မျက်မှောက်ခေတ်ကြီးလို အမည်ဆန်းပြား သည့် ကူးစက်ရောဂါတွေ တစ်ပုံတစ်ထွေးကြီးလည်း ရှိမည်မထင်။
ဖတ်ခဲ့ဖူးသလောက် Tattoo ဆိုသည့် ဝေါဟာရ၏ အနီးစပ်ဆုံးအဓိပ္ပာယ်မှာ (Ta ) ဆိုသည့် (Polynesian) သင်္ကေတေ (တစ်စုံတစ်ခုဖြင့် ထုရိုက်ခြင်း) နှင့် Tatau ဆိုသည့် (Tahitian ) သင်္ကေတ (အမှတ်အသား တစ်ခုခုကိုပြုလုပ်ရန် )တို့ ပေါင်းစပ်ထားသည့် (လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျော်ခန့်မှ) သင်္ကေတတစ်ခု ဖြစ်သောကြောင့် အမှတ်အသားပြု လုပ်ရန် ထုရိုက်ခြင်းဟုပင် ဆိုလိုရပေမည်။
ယခုတော့ အသားအနာခံ ငွေကုန်ခံကာ ဒီဇိုင်းဆန်းဖြင့် ရောဂါဝယ်ယူသူများ၏ လက်ဝယ် တတ်တူးရုပ်ကလေးများမှာ မှိုလိုပေါက်နေရသည့် ဘ၀သို့ရောက်၍နေရပြီ။
ပညာဥာဏ်ကြီးမားသူများက ဆိုခဲ့သည့် “ရေဘူးနှင့် ဖိနပ်မပါ၊ နွေခါမှသိ။ ဒါနနှင့် သီလမပါ၊ သေခါမှသိ ” ဆိုသည့် “ ရခဲ လှသည့်လူ့ဘ၀တွင် ရေပွက်ပမာ အသက်ရှင်သန်နေထိုင်ချိန် ခဏလေးအတွင်း ဒါန သီလ ဘာဝနာ များရရှိနိုင်စေရန် သတိမပြတ် ကောင်းမှုပြုသင့်ကြောင်း ” ဆုံးမစကားသည်ပင်... ခေတ်ကာလ တစ်လွဲဆံပင်ကောင်းလေးများ၏ ပါးစပ်ဖျား၌..... ပြောင်းလဲသွားပေပြီ.............
လူဆိုတာသေမျိုးချည်းပဲမို့ သေတော့ သေကြရမှာပဲ၊ ဘယ်လောက်ချမ်းသာ ချမ်းသာ၊ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ သေသွားတဲ့အခါ ကိုယ်နဲ့အတူ ဘာမှယူမသွားနိုင်ဘူး...
“တက်တူးနဲ့ ဆေးမှင်သာ သေရင် ကိုယ့်နောက်ပါလာမှာ”...တဲ့...
နဂါး-ဂဠုန်-သိန်းငှက်-စွန်ရဲနှင့် မုဆိုးကျားထမ်း(ဟန်) ဗရမ်းဗတာ(ပရမ်းပတာ)ပုံများနှင့် တိရိစ္ဆာန်ပေါင်းစုံတို့၏ ရုပ်ပုံများ၊ ဘီလူး-မိန်းမ-သိုင်းသမားနှင့်ကင်းမြီးကောက်-မြွေ-တာက်တဲ့လည်း မနေနိုင်အောင် ဒီဇိုင်းဆန်းပုံဆန်း စတိုင်ဆန်းဖြင့် လန်းလိုသူများအဖို့ တရားစကားကိုပင် မဟားဒယားပြောင်းလိုက်ကြပေပြီ........
ကျွန်တော်ကတော့ နောင်တစ်ချိန်အနာဂါတ်၏ခေါင်းဆောင်(ဖြစ်လာနိုင်သည့်)လူငယ်များကို ရေဗူးနှင့်ဖိနပ်မပါပဲ နွေအခါတွင် မလျှောက်စေချင်သလို၊ ဒါနနဲ့သီလမပါဘဲလည်း သေရွာသို့ မရောက်စေလိုပါ..........
သို့သော်လည်း စတန့်ထွင်သူ လူအချို့ကတော့ ဒီဇိုင်းဆန်းဖြင့် ရောဂါဝယ်ကာ.. သေရင်ကိုယ့်နောက် ကောက်ကောက် ပါမည်ထင်သည့် အရာများနှင့် ကြွားလုံးထုတ် စတိုင်လ်လုပ်နေဆဲ..............
BY နေဖြိုးမြင့်/ မြစ်မခ
0 comments:
Post a Comment