Wednesday, October 30, 2013

ကိုယ်ပိုင်အလင်း ရှာဖွေထားရသည့် မြို့ကလေး

Posted by drmyochit Wednesday, October 30, 2013, under | No comments

မြို့၏ တည်နေပုံ အနေအထားက တောင်စောင်းများ ပတ်လည် ဝန်းရံထားပြီး နေရောင်ခြည် တိုက်ရိုက်ကျရောက်မှု အလွန်နည်းသည်


နော်ဝေးနိုင်ငံမှ မြို့ငယ်လေး တစ်ခုဖြစ်သည့် ရက်ဂ်ျကူကန်သည် ပထဝီ အနေအထားအရ ထူးထူးခြားခြား တည်ရှိနေသည့် အလင်းပျောက် ရပ်ဝန်းလေး တစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း မြို့သူ မြို့သားများက ကိုယ်ပိုင် အလင်းကို ခေတ်မီ နည်းပညာများဖြင့် ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။ ရက်ဂ်ျကူကန်သည် မြို့တော် အော်စလိုမှ အနောက်ဘက် ကီလိုမီတာ (၁၆၀) အကွာတွင် တည်ရှိပြီး လူဦးရေ (၃၅၀၀)မျှသာ နေထိုင်သည်။ မြို့၏ တည်နေပုံ အနေအထားက တောင်စောင်းများ ပတ်လည် ဝန်းရံထားပြီး နေရောင်ခြည် တိုက်ရိုက်ကျရောက်မှု အလွန်နည်းသည်။ တစ်နှစ်တာ ကာလအတွင်း ရက်ဂ်ျကူကန်တွင် နေရောင်ခြည်ကို ထိတွေ့ခွင့်မှာ (၆)လထက်ပင် လျော့နည်းနေသေးသည်။ ထို့ကြောင့်လည်း ရက်ဂ်ျကူကန် မြို့လေး၏ တာဝန်ရှိသူများသည် နေရောင်ခြည်ကို အလင်းပြန် နိယာမဖြင့် ခံယူရန် ဆုံးဖြတ်ခဲ့ကြသည်။

မြို့အနီးရှိ တောင်စောင်းများပေါ်တွင် ကြီးမားသည့် မှန်ကြီး(၃)ချပ်ကို နေရာချ တပ်ဆင်လိုက်သည်။ ယင်းတို့၏ နောက်ဘက်တွင် ချိတ်ဆက်ထားသည့် ဝင်ရိုးကို ကွန်ပျူတာဖြင့် ချိန်တွယ် ပြောင်းလဲနိုင်အောင် အရှင်ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုမှန်ပြားကြီးများသည် နေရောင်ခြည်ကို ခံယူကာ မြို့လယ်ရှိ ရင်ပြင်ပေါ် ကျရောက်စေသည်။ ထို့ကြောင့် မြို့လယ်တွင် စတုရန်းမီတာ (၆၀၀)မျှ ရှိနေသည့် နေရောင်ခြည် ကျရောက်မှုကို တစ်နှစ်ပတ်လုံး ခံယူနိုင်မည် ဖြစ်သည်။ ဆောင်းတွင်းနှင့် ဆောင်းဦးပေါက်များတွင် ယခုနေရောင်ခြည် ကျရောက်မှုက မြို့သားများအတွက် လက်ဆောင်မွန် တစ်ခုလည်း ဖြစ်လာသည်။

"ကျွန်မတို့ကတော့ ဒါဟာ မြို့လေးရဲ့ လှုပ်ရှား နိုးကြားမှု တစ်ခုလို့ ယူဆပါတယ်။ ဆောင်းဦးနဲ့ ဆောင်းတွင်းတွေမှာ အများကြီး ပိုအသုံးဝင်တယ်။ ပြီးတော့ လူတွေလည်း အိမ်အပြင်ဘက်ကို ပိုပြီး ထွက်ဖြစ်ကြတယ်လေ"ဟု မြို့လေး၏ ခရီးသွားလုပ်ငန်းဌာန အကြီးအကဲ ကာရင်ရို့စ်က ပြောကြားခဲ့သည်။ ယခုမှန်ချပ်ကြီးများသည် နေ၏ ရွေ့လျားမှု လမ်းကြောင်းကို အာရုံခံကာ လိုက်လံ မျက်နှာမူနိုင်အောင် ကွန်ပျူတာဖြင့် ချိတ်ဆက်ထားသည်။ ယင်းတို့၏ အလုပ်လုပ်ပုံသည် နေကြာပန်းများ၏ သဘာဝနှင့်ပင် ဆင်တူနေသည်။

အလင်းပြန် နိယာမဖြင့် မြို့ပေါ်သို့ နေရောင်ခြည် ကျရောက်စေရန် နည်းလမ်းကို မြို့အား စတင်ထူထောင်သူနှင့် စက်မှုပညာရှင် ဆမ်အိုင်ဒီက လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀)ခန့် ကတည်းက စတင် စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း လုံလောက်သည့် နည်းပညာ တိုးတက်မှုမျိုး မရှိခဲ့သေးချေ။ (၁၉၂၈)ခုနှစ်တွင်မူ မြို့ခံများ နေရောင်ခြည် ခံယူနိုင်ရန် ကြိုးတန်း ကေဘယ်လ်ကား တစ်ခုကို စတင်တပ်ဆင်ခဲ့သည်။ ယခုမှန်ချပ်ကြီးများကိုမူ ရေမျက်နှာပြင်အထက် (၄၅၈)မီတာတွင် ရဟတ်ယာဉ်များ အကူအညီဖြင့် နေရာချခဲ့ခြင်း ဖြစ်သည်။ ထိုမှန်ချပ်ကြီးများ တပ်ဆင်သည့် စရိတ်မှာ ဒေါ်လာ (၉)သိန်းနီးပါးမျှ ကျသင့်ခဲ့သည်။ အီတလီတွင်လည်း (၂၀၀၆)ခုနှစ်က အလားတူ ပရောဂျက် တစ်ခုကို အကောင်အထည် ဖော်ဖူးသည်။ ဗီဂါနယ်လာ မြို့လေးသည် ယင်းကို အုပ်မိုးနေသည့် တောင်ထိပ်များပေါ်တွင် အလင်းပြန် မှန်ချပ်များကို တပ်ဆင်ခဲ့ဖူးခြင်းဟု သိရှိရသည်။

From: Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်