Friday, December 13, 2013

သတ်မှတ်စောင်ရေထက် ပိုမိုရောင်းချသော်လည်း ဘောလုံးပရိသတ်များအတွက် ၀ယ်ယူရန် အခက်အခဲကြုံ

Posted by drmyochit Friday, December 13, 2013, under | No comments


ရန်ကုန်၊ ဒီဇင်ဘာ ၁၃။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြန်မာနှင့်ထိုင်း အမျိုးသားဘောလုံးပွဲစဉ်အတွက် လက်မှတ် ၀ယ် ယူရာတွင် အခက်အခဲများ ကြုံတွေ့နေကြောင်း သိရှိရသည်။ ပွဲလက်မှတ်များကို အောင်ဆန်း ကွင်း၊ သုဝဏ္ဏကွင်း၊ စလင်းကွင်း၊ ပဒုမ္မာကွင်းတို့တွင် ခွဲ၍ ရောင်းချခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၃ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် စတင်ရောင်းချမည်ဟု ကြေညာထားသော်လည်း ကွင်းအားလုံးတွင် (၉း၀၀)နာရီခန့်မှ စ၍ ၀ယ်ယူခွင့် မရခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့က တောင်ဥက္ကလာ (၃)ရပ်ကွက်က လာရောက်ဝယ်ရတာပါ။ (၉း၀၀)နာရီအချိန်လောက် ရောက်တော့ လက်မှတ်မရှိတော့ဘူးဟု ပြောပါတယ်။ ကျွန်မတို့ တစ်သက်မှာ ပထမဆုံးကြုံရတဲ့ ပွဲလေးကို ကျွန်မတို့ ကြည့်ချင်ပါတယ်”ဟု လက်မှတ်လာရောက်ဝယ်ယူသူ မကြူကြူသင်းမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးရဲမျိုးဟိန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက ဒီဇင်ဘာလ ၁၃ ရက်နေ့အတွက် ကွင်းအားလုံး ရောင်းချရမည့် ခွဲတမ်းမှာ တစ်သောင်းဖြစ်ကြောင်း၊ ပရိသတ်များလွန်း၍ စောင်ရေ လေးထောင် ထပ်မံရောင်းချပေးခဲ့ရကြောင်း၊ ပွဲနေ့တွင်လည်း နံနက် (၈း၃၀)မှစ၍ လက်မှတ်စောင်ရေ ခြောက်ထောင် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း၊ ယနေ့အတွက် ဆက်လက်ရောင်းချပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ယခုအချိန်အထိ ပရိသတ်များမှာ လက်မှတ်များထပ်မံ ရောင်းချပေးမည်ဟူသော မျှော်လင့်ချက်ဖြင့် လက်မှတ်ရောင်းချနေသော ကွင်းများအားလုံးတွင် ဆက်လက် စောင့်ဆိုင်းလျက်ရှိသည်။

“မြန်မာနှင့် ထိုင်းပွဲက ဘောလုံးပရိသတ်အားလုံး စိတ်ဝင်စားပြီး ကြည့်ချင်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကွင်းအတွင်း ၀ယ်ယူကြည့်ရှုခွင့် လက်မှတ် မရသူများအတွက် LED ဘုတ်များနဲ့ ပြသပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကွင်းပြင်ကနေလဲ အားပေးဖို့ တိုက်တွန်းလိုပါတယ်”ဟု ဦးရဲမျိုးဟိန်းမှ ပြောကြားသွားပါတယ်။

မြန်မာနှင့် ထိုင်း ဘောလုံးပွဲသည် ပြိုင်ဆိုင်မှုပြင်းထန်သော ပွဲတစ်ပွဲဖြစ်သည့်အပြင် နှစ်ပေါင်း (၄၄)နှစ်ကြာမှ ပြန်လည် ကျင်းပခွင့်ရသော ဆီးဂိမ်းပြိုင်ပွဲဖြစ်သည့်အတွက်လည်း ပရိသတ်များ၏ အထူးစိတ်ဝင်စားသော ပွဲကောင်းတစ်ပွဲဖြစ်ပါသည်။

အတာလွင်
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်