Wednesday, January 29, 2014

အသေခံဗုံးခွဲဖို့ အခိုင်းခံခဲ့ရတဲ့ အာဖဂန် မိန်းကလေးငယ်

Posted by drmyochit Wednesday, January 29, 2014, under | No comments

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းက ဟဲလ်မန်ပြည်နယ် ထဲရှိ နယ်စပ်ရဲစခန်းကို အသေခံဗုံးဖောက်ခွဲပေးဖို့ ဖိအားပေး အခိုင်းခံခဲ့ရတယ်လို့ အသက် ၁၀ နှစ်အရွယ် အာဖဂန်မိန်းကလေးငယ်က ပြောပါတယ်။ နောက်ဆုံး မိနစ်ပိုင်း လေးမှာပဲ သူဟာ ဖောက်ခွဲရေးဝတ်စုံကို ၀တ်ပြီး ရဲကို ခေါ်လိုက်ပါတယ်။ ခုတော့ ရဲတပ်ဖွဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ရောက်နေပြီဖြစ် ပါတယ်။


ဆပို့ဇ်မိုင် ဆိုတဲ့ အဲဒီမိန်းကလေးကို ဇန်န၀ါရီ ၆ ရက်နေ့ကတည်းက လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထား တာပါ။ အဲဒီနေ့ဟာ သူ့ကိုယ်မှာ ဗုံးတွေတပ်ဆင်ထား တာကို တွေ့ခဲ့ရတဲ့နေ့လည်း ဖြစ်ပါတယ်။


ဆပို့ဇ်မိုင်က “ကျမ အစ်ကို ဇာဟီရာနဲ့ ဂျာဘာလို့ ခေါ်တဲ့ တခြားလူတယောက် က ကျမကို အင်္ကျီဝတ် ပေးပြီးတော့ အသေခံတိုက်ခိုက်ရေးဝတ်စုံကိုလည်း ဆင်ပေး ၀တ်ပေးပါတယ်။ နောက် သူတို့က ကျမကို တခြားအ၀တ်တွေ ပေးပါတယ်။ ကျမကို ပြောသေးတာက အ၀တ်ခြောက်တထည်ကို ၀တ်ပြီး လုံခြုံရေး တပ်ဖွဲ့စခန်းထဲမှာ သွားဖောက်ခွဲခိုင်းတယ်” လို့ ပြောပါတယ်။


တာလီဘန်တပ်မှူးတဦးဖြစ်တဲ့ အစ်ကိုဖြစ်သူက သူ့ကို အားပေးခဲ့တယ်လို့ ဆပို့ဇ်မိုင်က ပြောပါတယ်။


“ကျမ အသေခံဝတ်စုံကို ၀တ်နေရင်းမှာ ကျမ အအေးမိနေသလိုပဲလို့ ကျမအစ်ကိုကို ပြောလိုက်မိတယ်။ အဲဒါ ကျမ ဒါကို မလုပ်ချင်လို့လေ။ ဒါပေမယ့် အစ်ကိုက သွားပြီး တိုက်ခိုက်ရေးလုပ်ဖို့ ကျမကို အားပေး တိုက်တွန်းခဲ့တယ်။ ကျမ သတ်မှတ်ထားတဲ့နေရာဆီ နီးလာတဲ့အခါကျတော့ ဘာဖြစ်မလဲဆိုတာ ကျမ မသိခဲ့ပါဘူး။ ဒါပေမယ့် ကျမ ချက်ချင်းလိုလိုပဲ ရဲစခန်းနဲ့ ဝေးဝေးကို သွားလိုက်ပြီး ရဲတွေကို လှမ်းအော်လိုက် တာပါ။”


ဟဲလ်မန်ပြည်နယ် ရဲချုပ် ဟာမိဒ် အလ္လာ ဆီဒီချီက သူတို့ အဲဒီမိန်းကလေး ငိုနေတာကို တွေ့ခဲ့ရတယ်လို့ ခုလိုပြောပါတယ်။
“ဒီမိန်းကလေးက သူ့ကို ကူညီပေးဖို့ အော်ငိုပြီး ပြောနေတာပါ။ နောက် ရဲတွေက အဲဒီနေရာကို ၀ိုင်းထား လိုက်တယ်။ ဆပို့ဇ်မိုင်ရဲ့ အစ်ကိုကတော့ လွတ်သွားပြီလေ။ ကျနော်တို့ ဒီမိန်းကလေးကို ကယ်ဆယ်ခဲ့ ပါတယ်။”


တာလီဘန်တွေကတော့ ဒီအစီအစဉ်မှာ ပတ်သက်မှုရှိနေတယ်ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။


ဒါပေမယ့် ၂၀၁၂ ကုလသမဂ္ဂ အစီရင်ခံစာအရဆိုရင် အာဖဂန်နစ္စတန်မှာ ကလေးငယ် ၆၀ ကျော်ကို သောင်းကျန်း သူအဖွဲ့တွေက သူတို့အဖွဲ့ဝင်တွေ အဖြစ် စုဆောင်းခဲ့ပါတယ်။ ကလေးအတော်များများကို ဗုံးတွေ ထုတ်လုပ်ဖို့နဲ့ ဗုံးတွေထောင်ဖို့ တာလီဘန်တွေက စုဆောင်းခဲ့တာပါ။


ဒါပေမယ့်လည်း မိန်းကလေးငယ်လေးယောက်ကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ခိုင်းတာကတော့ ဒါ ပထမ ဆုံးအကြိမ် ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။


အာဖဂန်နစ္စတန် လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အဗ္ဗဒူလ် အဘစ်က “တာလီဘန် တွေက အသေခံတိုက်ခိုက်မှုတွေနဲ့ မိုင်းထောင်တဲ့ နေရာတွေမှာ ကလေးငယ်တွေကို သုံးတယ်ဆိုတာ ကျနော်တို့ ကြားထား ပါတယ်။ ဒါပေမယ့် ခုလို မိန်းကလေးတaယာက်ကို အသေခံတိုက်ခိုက်ဖို့ စေလွှတ် တယ်ဆိုတာကတော့ ဒါ ပထမဆုံးပါပဲ” လို့ ပြောပါတယ်။


အာဖဂန်ရဲတွေဟာ ခုတော့ လွတ်မြောက်သွားတယ်လို့ ယူဆရတဲ့ မိန်းကလေးရဲ့ အစ်ကိုဖြစ်သူကို ရှာဖွေ နေပါတယ်။ ဆပို့ဇ်မိုင်ရဲ့ အဖေ အဗ္ဗဒူလ် ဂါဖှောဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဘ၀တိုးတက်ရေးအတွက် ဟဲလ်မန်ပြည်နယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။ သူ့သမီးလေးကို တာလီဘန်တွေဆီကနေ မကာကွယ်ပေး နိုင်ခဲ့ပါဘူးလို့ သူက ပြောပါတယ်။


“ကျနော်တို့ရဲ့ ဘ၀တွေက အန္တရာယ်ထဲမှာ နေရတာပါ။ ကျနော် ကိုယ့်ကိုယ် ကိုယ် ကယ်နိုင်ပေမယ့် ကျနော့် သမီးလေးကိုတော့ ကာကွယ် မပေးနိုင်ပါဘူး။”


ဆပို့ဇ်မိုင်ဟာ ခုတော့ ဟဲလ်မန်ဒ်ပြည်နယ်ရဲ့ မြို့တော်ထဲက အကာအကွယ် အစောင့်အရှောက်တွေ စီစဉ် ထားတဲ့ ထိန်းသိမ်းမှုအောက်မှာပါ။


သမ္မတ ဟာမစ်ကာဇိုင်းကတော့ ဒီမိန်းကလေးကို သူ့အိမ်ဆီ ပြန်ပို့ပေးဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်။ ဒါပေမယ့် ဒါဟာ သင့်တော်ကောင်းမွန်တဲ့ စိတ်ကူးလို့ မယူဆကြောင်း လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အဗ္ဗဒူလ် အဘစ်က ပြောပါတယ်။


“ဒီမိန်းကလေးက ဘေးကင်းလုံခြုံမှု မရှိသေးပါဘူး။ သူဟာ ထပ်ပြီး ဓားစာခံ ထပ်ဖြစ်ဦးမှာပဲလို့ သူကိုယ်တိုင် ပြောနေတာပါ။”


ဆပို့ဇ်မိုင်ရဲ့ အဖေကတော့ သူ့ကို တခြားပြည်နယ်တခုမှာ မြေကွက်တကွက် ပေးဖို့ သမ္မတ ဟာမစ်ကာဇိုင်း ကို တောင်းဆိုထားပါတယ်။


ဒါပေမယ့် ဒီနေရာမှာ ခဏလောက်တော့ နေချင်တယ်လို့ မိန်ကလေးငယ် ဆပို့ဇ်မိုင်က ပြောပါတယ်။


“ကျမ ဒီနေရာမှာ နေချင်ပါတယ်။ ကျမ ပြန်မသွားချင်ဘူး။ တကယ်လို့ ကျမသာ ပြန်သွားရင် သူတို့ ဒီလို ကိစ္စကိုပဲ ထပ်လုပ်ခိုင်းဦးမှာပဲ။ အရင် သူတို့လုပ်ခိုင်းခဲ့တဲ့ အသေခံတိုက်ခိုက်ရေး လုပ်ဖို့ ကျမကို အတင်း ခိုင်းဦးမှာပါပဲ။”


အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဂါယာဝါဇီရီ က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်က နေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။


Ref: DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်